သရက်သီး

by Syi Lwin (foodsgarden) for Food Magazine

          အသီးများရဲ့ ရှင်ဘုရင်လို့ တင်စားရသော သရက်သီးဆိုလျှင် ကမ္ဘာတစ်ဝန်း မကြိုက်တဲ့သူမရှိ ၊ ကြိုက်နှစ်သက် ကြပါတယ်။ သရက်သီးရဲ့ အနံ့အရသာ၊ ပုံစံနဲ့ အရောင်တို့က ဆွဲဆောင်မှုအပြည့်အဝရှိပြီး စားပြီးလျှင် လူကို လန်းဆန်းပျော်ရွှင်စေတာကြောင့် ပင်လယ်ကမ်းခြေတွေနဲ့ ကျွန်းနိုင်ငံတွေမှာ အများဆုံးရရှိစားသုံးကြပါတယ်။

          သရက်သီးမှာ အမျိုးပေါင်း ၄၀ဝ ကျော်လောက်ရှိပြီး နိုင်ငံပေါ်မူတည်ကာ နိုင်ငံရဲ့ ရေ၊ မြေနှင့် လိုက်ဖက်ပြီးသီးတဲ့ တစ်မျိုးထူးခြားတဲ့ သရက်သီးမျိုးလည်း ရှိတတ်ကြပါတယ်။ နိုင်ငံအလိုက်ရရှိသော သရက်သီးပေါ်မူတည်ပြီး စားဖိုမှူးများရဲ့  တီထွင်တဲ့ ဟင်းပွဲ၊ အချိုပွဲများကလည်း တစ်မျိုးစီ ထူးခြားပြီး အရသာအမြင်များလည်း ဆန်းကြယ်လှပါတယ်။ သရက်သီးရဲ့ အရသာက နက်နဲကောင်းမွန်သော ဆွဲဆောင်မှုကြောင့် တစ်ခါတလေ လူတွေအားလုံး သရက်သီးစားပြီးလျှင် မေ့လျော့နေတတ်ကြတဲ့ သရက်သီး နှင့် ကျန်းမာရေးနဲ့ တချို့လူတွေအတွက် ဆိုးကျိုးတွေကို လေ့လာသိရှိနိုင်စေဖို့ သိကောင်းစရာလေးများကို အားလုံးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ သရက်သီးစားသုံး လေ့လာနိုင်စေဖို့ ဒီလရဲ့ Health Benefits of Food မှာ Benefits of Mango Article နှင့်အတူ Mango Sweet Pickle လုပ်နည်းလေးကိုပါ ပူးတွဲပြန်လည်မျှဝေလိုက်ပါတယ်။ သရက်သီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတချို့ကတော့-

          ကင်ဆာရောဂါတားဆီးပေးခြင်း – ကမ္ဘာ့ကျန်းမာရေးနှင့် ဆေးဝါးသုတေသနဌာန၏ ပြောကြားချက်အရ သရက်သီးထဲ၌ပါဝင်သည့် ဓာတ်တိုးဒြပ်ပေါင်းများက အူမကြီး၊ ရင်သား၊ သွေးကင်ဆာများနှင့် ဆီးကျိတ် ကင်ဆာတို့ကို ဆန့်ကျင်ကာကွယ်ဖို့အတွက် Quercetin, Isoquercitrin, Astragalin, Fisetin, Gallic Acid, Methylgallat ပေါများသော အင်ဇိုင်းများပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။

          အရေပြားရှင်းလင်းစေခြင်း – သရက်သီးစားသုံးခြင်း၊ သရက်သီးဖြင့် ပြုလုပ်ထားသော မျက်နှာသစ်ဆေး၊ မျက်နှာလိမ်း လိုးရှင်းခရင်မ်များက မျက်နှာပေါ်မှာ အညစ်အကြေးများ ပိတ်ဆို့နေခြင်းကို  ပွင့်လင်းကြည်လင်စေပြီး ဝက်ခြံများကို ဖယ်ရှားပေးပါသည်။

          အသားအရေကောင်းမွန်ခြင်း – သရက်သီးအမှည့်၊ အစိမ်းတစ်မျိုးစီတွင် ရရှိသော ကောင်းကျိုးများလည်း မတူညီကြချေ။ သရက်သီးအမှည့်သည် ဝက်ခြံများကို ပျောက်ကင်းစေပြီး အသားအရေကို စိုပြည်လှပစေပါသည်။ သရက်သီးအစိမ်းကမူ ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးပါသည်။

          မျက်လုံးကျန်းမာရေးကို  ပိုကောင်းစေခြင်း – သရက်သီး၌ လူ့ခန္ဓာကိုယ်က လိုအပ်နေသော ဗီတာမင် အေကို ၂၅ ရာခိုင်နှုန်း ဓာတ်ဖြည့်ခြင်းဖြင့် အမြင်အာရုံကို အားကောင်းစေပြီး မျက်စိကွယ်ခြင်း၊ မျက်လုံးအိမ်ခြောက်သွေ့ခြင်းများကို ကာကွယ်တားဆီးပေးနိုင်ပါသည်။

          ကျန်းမာရေး – သရက်သီးအလုံးကြီးတစ်လုံးစားလျှင် သရက်သီးထဲ၌ ပါဝင်သော ဗီတာမင်ဓာတ်များက စိတ်ကို လန်းဆန်းတက်ကြွစေပါသည်။

          အမျှင်ဓာတ်ပါဝင်ခြင်း – သရက်သီး၌ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် အစာခြေဖျက်ခြင်းများကို အလွယ်တကူ ခြေဖျက်ပေးနိုင်သောကြောင့် ဝမ်းကို မှန်စေပါသည်။

          အပူလေဖြတ်ခြင်း – အစိမ်းရောင် သရက်သီးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် အပူလေဖြတ်ခြင်း ကိုလည်း ကာကွယ်ပေးပါသည်။ အပူလွန်ကဲသောနိုင်ငံတို့တွင် သရက်သီးအစိမ်းကို အခွံဖြင့် စားသုံးခြင်း၊ သရက်သီးစိမ်းအရည်ဖျော်သောက်ခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အပူလွန်ကဲခြင်းကို ကာကွယ်ပေးပါသည်။ နေရောင် အပူချိန်ကြောင့်ဖြစ်တတ်သော ဆီးပူခြင်း၊ ခန္ဓာကိုယ်တွင်း ကြွက်သားများ ပင်ပန်းနွမ်းနယ်ခြင်းများကိုလည်း ကာကွယ်ပေးပါသည်။

          ကိုယ်ခံစွမ်းအားစနစ် တိုးမြှင့်ခြင်း – သရက်သီး၌ ဗီတာမင်စီနှင့် ဗီတာမင်အေ ပေါင်း Carotenoids က သင်၏ ကိုယ်ခံအားစနစ်ကို ကျန်းမာခိုင်ခံ့အောင် ရရှိစေပါသည်။ ယခုအခါ သရက်သီးကိုစားသုံးသော အစားအစာအဖြစ်သာမကဘဲ အသားအရေ ထိန်းသိမ်းသော လိုးရှင်း၊ ခရင်မ်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာတို့တွင်လည်း အသုံးပြုလာကြသလို ရေမွှေးများတွင်လည်း ထည့်သွင်းအသုံးပြုကြပါသည်။

          သရက်သီး၏ ဆိုးကျိုးတချို့– တချို့သောသူများ အတွက် သရက်သီးကို အစိမ်း၊ အမှည့် နှစ်မျိုးစလုံး စားသုံး၍မရသောသူများလည်း ရှိကြသည်။ တချို့က သရက်သီးအစေး၊ သရက်သီးအရည် Urushiol, သရက်သီးအခွံတွင် ပါဝင်သော IVY ဆိပ်နှင့် မတည့်သောအခါ ယားယံခြင်း၊ အပူဖုထွက်ခြင်း၊ အနီကွက်ထခြင်း၊ အင်ပျဉ်နာများ ဖြစ်တတ်သည်။ အစာအိမ်ရောဂါရှိသူများ အနေဖြင့် မစားသုံးသင့်ပါ။ သရက်သီးအစိမ်းကို ဆာလောင်နေချိန်တွင် အလွန်အကျွံစားသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါသည်။

          ကောင်းကျိုးတွေ များစွာပေးနိုင်တယ်ဆိုပေမယ့် လည်း တချို့ ဆီးချို၊ သွေးချိုရှိသော လူတွေအတွက် မတည့်သော သရက်သီးကို  ကိုယ်နှင့်သင့်တော်သလောက် သင့်တင့်ရုံသာ စားသုံးသင့်ပါကြောင်း အကြံပြုရင်း သိရှိ ဖတ်မှတ်သင်ကြားခဲ့သော ဗဟုသုတလေးများကို ရှယ်ပေး လိုက်ပါတယ်။ နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော်။

          မှတ်ချက် – စည် သင်ယူထားတဲ့ ဘာသာရပ်တွေထဲမှ Fruits နဲ့ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတ လေးများ http://www.whfoods.com/mango မှ အချက်အလက်အသစ်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ သရက်သီးစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

Healthy Eating and Happy life…..

မချစ်စုသရက်သီး အချိုစိမ် (Mango Sweet Pickle)

အချဉ်ပေါင်းကို အိမ်မှာ စိတ်တိုင်းကျ အချို၊ အချဉ် မိမိကြိုက်နှစ်သက်သလို ပြုပြင်ပြုလုပ်ခြင်းက ကျန်းမာရေးအတွက် စိတ်ချစွာ သုံးဆောင်နိုင်ပါတယ်။ နေ့လယ်နေ့ခင်း အပျင်းပြေအစားအစာဖြစ်ပါတယ်. များများလုပ်ထားပြီး ရေခဲသေတ္တာထဲမှာ ကြာကြာထားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

မချစ်စု သရက်သီး  –  ၁ လုံး  (အခွံနွှာပြီး ခြစ်ဖြင့် ခပ်ပါးပါး အပြားများ ခြစ်ထားပါ)

ရေနွေးပူ  –  ၁ လီတာခွဲ (ဝိုင်အဖြူလည်း သုံးလို့ရပါတယ်)

သကြားဖြူ  –  ၂ ခွက်

ကရဝေးရွက်  –  ၃ ရွက်

ဆား  –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်ကောင်းနက်စေ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       အိုးထဲ သကြား၊ ရေနွေးပူ၊  ငရုတ်ကောင်းစေ့နှင့် ကရဝေးရွက်တို့ကိုထည့်ပြီး မီးအနေတော်ဖြင့် သကြားပျော်သည်အထိ တည်ပါ။

၂။       ခပ်ပါးပါးခြစ်ထားသော သရက်သီးများကို လေလုံဖန်ပုလင်းထဲ သေချာသိပ်ထည့်ထားပါ။ သကာရည် ပူပူကို သရက်ပြားများထည့်ထားသော ပုလင်းထဲ လောင်းထည့်ပြီး အဖုံးဖွင့်ကာ အအေးခံထားပါ။ အေးသွားလျှင် အဖုံးလုံအောင်ပိတ်၍ အခန်းအပူချိန်ဖြင့် ၁-၂ ရက်ခန့်ထားပြီး ရေခဲသေတ္တာထဲ ၃ ရက်ခန့် ထည့်ထားပါ။

၃။       စားခါနီးမှ ဇွန်းသန့်သန့်ဖြင့် လိုသလောက် ခပ်ယူပြီး သကြား၊ ငရုတ်သီးမှုန့်ဖြင့် တို့စားလျှင် အရမ်း လိုက်ဖက်ပါတယ်။ ရေခဲသေတ္တာထဲမှာ ၁ လခန့် အထားခံပါတယ်။

Facebook Comments