သထုံမြို့မှာ အစုံတို့ခဲ့တယ်

သထုံမြို့မှာ အစုံတို့ခဲ့တယ်

          မော်လမြိုင် ကောလိပ်ကျောင်းတက်စဉ်က သထုံမြို့လေးကို ရထားနဲ့ ကားနဲ့ အကြိမ်ကြိမ်ဖြတ်သွားခဲ့ ဖူးတယ်။ ကျောင်းနေဖက်သူငယ်ချင်း စိုးညွှန့်နိုင်ရဲ့ သထုံအိမ်ကိုလိုက်ပြီး လည်ခဲ့ဖူးတယ်။ ဒီတစ်ခါတော့ အလုပ်နဲ့သထုံမြို့လေးကို နောက်တစ်ခေါက်သွားဖို့ အခွင့်ကြုံခဲ့ပါပြီ။

          ရန်ကုန်ကနေ စောစောလေးထွက်ခဲ့တယ်။ မိုးလေးကအုံ့နေတော့ ကားထဲမှာ ချမ်းသလိုခံစားရတယ်။ ခရီးထွက်တဲ့အခါ လိုအပ်ရင်ဝတ်ဖို့ အနွေးထည် ခပ်ပါးပါးလေး တစ်ထည်ကို ကျွန်တော့်ရဲ့ကျောပိုးအိတ်ထဲမှာ ထည့်ထားတဲ့ အကျင့်ကြောင့် အဆင်ပြေသွားတယ်။

          မနက်စောစောအိမ်ကနေ ထွက်လာတော့ မနက်စာမစားဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ရန်ကုန်မြို့အထွက်က IT မှာ မနက်စာဝင်စားကြတယ်။ အုန်းထမင်းပူပူလေးကို ကြက်ဥကြော်နဲ့ မှာပြီးစားဖြစ်တယ်။ အုန်းထမင်း စားတော့ မလေးရှားကိုပြန်ပြီး လွမ်းသလိုခံစားရတယ်။ ဘာလို့လဲဆိုတော့ မလေးရှားမှာ နေစဉ်က အုန်းထမင်း (Nasilemak) ကို နေ့စဉ်စားခဲ့လို့ပါ။

          မနက်စာစားပြီးတာနဲ့ ခရီးဆက်ကြတယ်။ အမြန်လမ်းပေါ်မတက်ဘဲ လမ်းဟောင်းကနေ ပဲခူးဘက်ကိုပဲ ဆက်ထွက်ခဲ့ကြတယ်။ မနက်စောစောအိပ်ရာထလာခဲ့ပြီး မနက်စာကို တဝကြီးစားခဲ့ကြလို့ ကားထွက်ပြီး သိပ်မကြာပါဘူး။ အိပ်ငိုက်တဲ့သူကငိုက်၊ တချို့ လည်းအိပ်နေကြပါပြီ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေကိုပဲ ငေးကြည့်မိနေတယ်။ ပဲခူးသွားတဲ့လမ်းကို အကြိမ်ကြိမ်ဖြတ်တိုင်း စိမ်းစိုနေတဲ့ စပါးခင်းတွေက အရမ်းလှနေပြီး ကျွန်တော့်အတွက်တော့ ရိုးမသွားနိုင်တဲ့ အလှတွေပါ။

          ပဲခူးမြို့ကို ဖြတ်တော့လည်း ပဲခူးငါးချဉ်ကို သတိရပြီး ငါးချဉ်ကို အမျိုးမျိုးချက်စားနိုင် တာလေးတွေကိုသတိရပြန်သလို Recipe အသစ်လေးများထွင်နိုင်မလားလို့ စိတ်ကူးလေးနဲ့ပဲ ဟင်းချက်နေမိတယ်။

          ပဲခူးကိုဖြတ်ပြီး ဘုရားကြီးအလွန်မှာ စိမ်းစားဥရောင်းတဲ့ဆိုင်တန်းတွေမြင်တာနဲ့ ကားဆရာကို ရပ်ပေးဖို့ပြောလိုက်မိတယ်။ ဒီလိုမျိုးသူငယ်ချင်းတွေစုပြီး ကိုယ့်ကားနဲ့ကိုယ် သွားရတာ ကောင်းတဲ့အချက်က စိတ်ဝင်စားတဲ့နေရာတိုင်းမှာ ကားရပ်ပြီး လေ့လာနိုင်သလို ရှုခင်းလှတဲ့နေရာတွေမှာလည်း အမှတ်တရ ဓာတ်ပုံရိုက်နိုင်တယ်လေ။ စိမ်းစားဥတွေက စိုက်ခင်းထဲကနေ လတ်လတ်ဆတ်ဆတ်နုတ်ထားလို့ အရမ်းကိုချိုပါတယ်။ စိမ်းစားဥမြင်တာနဲ့ Food & Decor ပရိသတ်တစ်ဦးပြောတဲ့ စကားကို သတိရပြန်ရောပဲ။ အစ်ကိုက စိမ်းစားဥနဲ့ အောင်မြင်သွားတာနော်တဲ့ သူပြောချင်တဲ့စကားကဒီလိုပါ။ Food & Decor မှာ စိမ်းစားဥကိုချက်ပြခဲ့ဖူးပါတယ်။ လူအများသိထားတာက စိမ်းစားဥကို အစိမ်းပဲစားကြတာကိုး။ တကယ်တော့ ကြော်စားသလို ဟင်းချိုထဲမှာလည်း ထည့်နိုင်တယ်။ အကောင်းဆုံးကတော့ ကော်ပြန့်လိပ်ထဲမှာ အဆာသွတ်တာ အကောင်းဆုံးပါပဲ။

          စိမ်းစားဥကို စားရတာနဲ့ကျွန်တော်မကျေနပ်နိုင်သေးပါဘူး။ စိမ်းစားဥ စိုက်ခင်းကို လည်းကြည့်ချင်တယ်။ ကိုယ်တိုင်လည်း နုတ်ကြည့်ချင်လို့ ကားလမ်းဘေးက စိမ်းစားဥ စိုက်ခင်းထဲ ဆင်းလိုက်တယ်။ စိုက်ခင်းပိုင်ရှင်ဆီမှာ ခွင့်တောင်းပြီး ဓာတ်ပုံလည်းရိုက်၊ ကိုယ်တိုင်လည်း နုတ်ကြည့်လိုက်သေးတယ်။ ဒီလိုမျိုးလေးတွေက ကျွန်တော် ခရီးသွားတိုင်းရောက်တဲ့ဒေသမှာ လုပ်လေ့ရှိတဲ့ အကျင့်လေးပါ။ အမှတ်တရလေးတွေပေါ့။

          ဒီလိုနဲ့ ခရီးဆက်တော့ လမ်းဘေးစိုက်ခင်းတွေကိုပဲ ငေးကြည့်နေမိတယ်။ ပြောင်းဖူးစိုက်ခင်းတွေ အများကြီးတွေ့ရပြီး အဖူးတွေနဲ့ စိုက်ခင်းကိုတွေ့ရသလို တချို့စိုက်ခင်းတွေမှာတော့ ပြောင်းဖူးပန်းတွေနဲ့လှနေပါတော့တယ်။

          ရွာတွေ၊ မြို့တွေကို ဖြတ်ပြီးခရီးဆက်ခဲ့ပါတယ်။ သထုံမရောက်ခင် ကားလမ်းဘေးနဲ့ယှဉ်ပြီး ချောင်းငယ်တော်တော်များများကို တွေ့ရပြီး လှေနဲ့ခရီးသွားတာ တွေ့ရသလို ငါးဖမ်းနေတဲ့ လှေတွေတော်တော်များများလည်း တွေ့ရပြီး စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့လမ်းပါ။

          တချို့ရွာလေးတွေမှာ ဝါးခြင်း၊ ဝါးထရံရက်တဲ့ လုပ်ငန်းတွေကိုလည်း ကားပေါ်က မြင်နေရပါတယ်။

          ရန်ကုန်မှထွက်ကတည်းက အားလုံးပဲ အားခဲထားတာက ဘီးလင်းရွှေမျက်မှန် ထမင်းပေါင်းစားကြ မယ်ပေါ့။ ရွှေမျက်မှန်ထမင်းပေါင်းဆိုင် ရှေ့ကားထိုးလိုက်တာနဲ့ အပြေး အလွှားဆင်းပြီး ဆိုင်ထဲဝင်ကြတယ်။ ဟင်းတွေက စုံနေတာပါပဲ။ အိုးအကြီးကြီးတွေနဲ့ ထည့်ထားတာမြင်ရတော့ စားချင်တဲ့စိတ်တွေက ထိန်းမရပါပဲ။ ကျွန်တော်အမြဲစားနေကျ ကြက်ကြော်ပဲမှာလိုက်တော့ ဟင်းထည့်ပေးနေတဲ့အဒေါ်ကြီးက ကျွန်တော့်ကို မှတ်မိသွားပြီး သူကိုယ်တိုင် Special ထည့်ပေးပါတယ်။ ကြက်သွန်များများနဲ့ ချက်ထားတဲ့ ဟင်းအနှစ်က ကျွန်တော့်အကြိုက်ပါပဲ။ မွှေးပြီးချိုနေတာပါပဲ။ ကြက်ကြော်က ကြွပ်ပြီး ပူပူလေးမို့ အရမ်းစားကောင်းသလို ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ထမင်းက ငှက်ပျောရွက် နံ့သင်းသင်းလေး၊ ချဉ်ပေါင်ကြော်၊ ငရုတ်သီးကြော်နဲ့ အားရပါးရလက်နဲ့ပဲ စားလိုက်တယ်။ တစ်ပွဲသာကုန်သွားတယ် ဆက်ပြီးစားချင်စိတ်က ထိန်းမရသေးပါဘူး။ အဲဒါကြောင့် နောက်ထပ်တစ်ပွဲမှာလိုက်တယ်။ စောစောက ကျွန်တော့်ကို ဟင်းထည့်ပေးတဲ့ အဒေါ်ကြီးက နောက်ထပ်တစ်ပွဲမှာရင် များသွားမယ်တဲ့။ ကြက်ကြော်လေးပဲမှာရင် ရတယ်လို့ပြောတာနဲ့ နောက်ထပ်ကြက်ကြော်တစ်ပေါင် မှာစားလိုက်တယ်။ ကောလိပ်ကျောင်းသား ကတည်းက ကြိုက်နှစ်သက်ခဲ့တဲ့ ထမင်းပေါင်းလေးကို အခုပြန်စားလိုက်ရတော့ ပျော်ရွှင်မှုက အတိုင်းထက်အလွန်ပါပဲ။

          ထမင်းပေါင်းတဝကြီးစားပြီး ခရီးဆက်ပါတယ်။ လမ်းမှာအသီးအနှံရောင်းတဲ့ ဆိုင်တွေတွေ့ရပြီး အပြန်မှာလက်ဆောင်ဝယ်ဖို့ စိတ်ကူးထားလိုက်ပါတယ်။ ခြံထွက်သင်္ဘောသီး၊ ပိန္နဲသီး၊ ကျွဲကောသီးအစုံပါပဲ။

          သထုံရောက်တော့ Hotel ကိုပဲ တန်းပြီး သွားလိုက်တယ်။ လမ်းမကြီးပေါ်ကနေ လမ်းသွယ်လေး အတိုင်း၊ ကုန်းမြင့်လေးအတိုင်း ဆက်တက်သွားလိုက်တော့ ညာဘက်ခြမ်း လမ်းထောင့်လေးမှာ ဆောက်ထားတဲ့ Thu Wunna Bumi Hotel ကို ရောက်ပါပြီ။ အမှန်အတိုင်းဝန်ခံရရင် သထုံမြို့မှာ ဒီလိုအဆောက်အအုံကြီးကြီး Hotel မှာ တည်းရ မယ်လို့ မထင်ထားခဲ့ပါဘူး။

          အခုတော့ Hotel ကိုတွေ့လိုက်ရတာနဲ့ ပျော်သွားပါပြီ။ ကားပေါ်ကဆင်းပြီး Check In မဝင်သေးဘဲ Hotel ရှေ့က မြက်ခင်းစိမ်းစိမ်းနဲ့ ပန်းခြံလေးကို အရမ်းသဘောကျလို့ ကြည့်နေမိတယ်။ ကြည့်ရင်းနဲ့ ပန်းခြံထောင့်တစ်နေရာမှာ မရန်းသီးတွေသီးနေတဲ့ မရန်းပင်ကြီးကိုတွေ့ရတော့ ပိုပြီးပျော်သွားတယ်။ ညနေစောင်းမှာ ပန်းခြံထဲဆင်းပြီး ကော်ဖီပူပူလေးသောက်ရရင် ကောင်းမယ်လို့ စိတ်ကူးတောင်ယဉ်မိပါတယ်။

          အခန်းမှာ ရေချိုးအနားယူပြီး သထုံက သူငယ်ချင်းတွေဆီကိုဖုန်းဆက်ပြီး ညပိုင်းမှာ တွေ့ဖို့ချိန်းလိုက်တယ်။ အဆင်ပြေချင်တော့ သူငယ်ချင်းရဲ့အိမ်က Hotel ဘေးက လမ်းအတိုင်း ဆင်းပြီးသွားရုံပါပဲ။

          ညနေထမင်းစားချိန်မှာတော့ ညစာစားဖို့အတွက် Hotel အပေါ်ဆုံးထပ်မှာရှိတဲ့ စားသောက်ဆိုင်ကို တက်သွားလိုက်တော့ သထုံမြို့ကို အပေါ်စီးကနေမြင်ရသလို မြသပိတ်တောင်ကြီးကိုလည်း ထင်ထင်ရှားရှား မြင်ရတယ်။ ဒီလိုလှပတဲ့ရှုခင်းကို ကြည့်ပြီး စားရတဲ့ အရသာကတော့ မပြောပြတတ်အောင်ပါပဲ။ ညစာကိုရိုးရှင်းတဲ့ တရုတ်အစား အစာလေးပဲမှာပြီး စားဖြစ်တယ်။ ညစာစားနေစဉ်မှာ Chef ကိုယ်တိုင် မီးဖိုမှထွက်လာ ပြီး နှုတ်ဆက်ပါတယ်။ Chef နဲ့ သထုံအစားအစာအကြောင်းလေးတွေ ပြောဖြစ်လိုက်တယ်။ အဲဒီနေ့ည ညစာကို Chef ကပဲ ကျွန်တော့်ကိုကျွေးခဲ့ပါတယ်။ ကျေးဇူးပါ Chef။

          ညစာစားပြီးတာနဲ့ သူငယ်ချင်းအိမ်ဘက်ကို လမ်းလျှောက်ပြီးထွက်ခဲ့တယ်။Thu Wunna Bumi Hotel နဲ့တစ်လမ်းထဲမှာ Motel တစ်ခုကိုတွေ့ရတယ်။ ခြံထဲမှာရှိပြီး စိမ်းစိုနေလို့ တည်းခိုချင်စရာလေးပါ။ Motel နဲ့ မနီးမဝေးမှာ လူမနေတဲ့ရှေးဟောင်းအိမ်ကြီး တစ်လုံးကိုတွေ့ရတယ်။ ရှေးကသူဌေးတွေနေခဲ့တဲ့ အိမ်ကြီးလား။ ဒါမှမဟုတ် ပအိုဝ်းစော်ဘွားတွေနေခဲ့တဲ့ အိမ်ကြီးလားမသိ၊ ခမ်းနားလှတယ်။

          သထုံမြို့လေးက သန့်ရှင်းပြီး သပ်သပ်ရပ်ရပ်လေးပါ။ သူငယ်ချင်းအိမ်ရောက်တော့ သူငယ်ချင်း မိသားစုနဲ့ စကားတွေပြောပြီး သထုံမြို့က အစားအစာတွေအကြောင်း မေးဖြစ်တယ်။ သူငယ်ချင်းက နောက်နေ့မှာ သထုံအစားအစာတစ်မျိုးဖြစ်တဲ့ မျှစ်ငါးပေါင်းထုပ် လုပ်ကျွေးမယ့် အကြောင်းပြောပါတယ်။

          အဲဒီညက သူငယ်ချင်းက Hotel ကိုဆိုင်ကယ်နဲ့ ပြန်လိုက်ပို့ပေးပါတယ်။

          သထုံကိုအလုပ်နဲ့ လာတာဖြစ်လို့ မနက်အတွက် စီစဉ်စရာတွေစီစဉ်ပြီး အချိန်ရတဲ့အတွင်းမှာ  သူငယ်ချင်းပြောပြတဲ့ နေရာလေးတွေရောက်အောင်သွားမယ်။ ပြီးရင် သထုံမှာ နာမည်ကြီးတဲ့ အစားအစာတွေကိုစားဖို့ စိတ်ကူးပြီး အိပ်ရာဝင်လိုက်ပါတော့တယ်။

          မနက်စာကို Hotel က Breakfast Buffet ကျွေးပါတယ်။ စားပြီးတာနဲ့ မြသပိတ် တောင်ခြေမှာရှိတဲ့ တန်ခိုးအကြီးဆုံး နှီးဘုရားကို အချိန်ရခိုက်လေးမှာသွားပြီး ဖူးလိုက်ပါတယ်။

          ဘုရားက အပြန်မှာတော့ ပါလာတဲ့အလုပ်တွေ ဆက်လုပ်လိုက်တယ်။နေ့လယ်စာကို သူငယ်ချင်းအိမ်မှာ မျှစ်ငါးပေါင်းထုပ်နဲ့ထမင်းစားဖြစ်တယ်။ မျှစ်ငါးပေါင်းထုပ်က တောင်ဇင်းရွက်နဲ့ထုပ်ပါတယ်။ စားရခဲတဲ့မျှစ်ငါးပေါင်းထုပ်ပါ။ များသောအားဖြင့် အိမ်မှာပဲ ကိုယ်တိုင်လုပ်စားလေ့ရှိတဲ့အတွက် အပြင်ဆိုင်တွေမှာ တွေ့ရခဲပါတယ်။ သူငယ်ချင်းပြောပြတဲ့ ပိန္နဲသီးတာလေပေါဟင်းကိုလည်း အရမ်းစိတ်ဝင်စားတယ်။ ကရင်ချက်နဲ့ ပအိုဝ်းချက်လည်း ကွာတယ်ဆိုတာသိရတယ်။

          နေ့လယ်ဘက်မှာတော့ သထုံက နာမည်ကြီးရွာဦးရပ်ထဲက Ma Sandar အသုပ် ဆိုင်ရောက်အောင်သွားလိုက်တယ်။ Ma Sandar ဆိုင်မှာ ရတဲ့အစားအစာတွေကတော့ ငါးစဉ်းကောသုပ်၊ မျှစ်စဉ်းကောသုပ်၊ မှိုစဉ်းကောသုပ်၊ မုန့်ဟင်းခါး၊ သထုံထမင်းဝါ၊ ငါးဖယ်ကြော်၊ ဝဥသုပ်တို့ပါ။ ပထမဦးဆုံးမုန့်ဟင်းခါးမှာပြီး စားလိုက်တယ်။ ကောင်းမှကောင်းပဲ။ ပြီးတာနဲ့ ငါးစဉ်းကောသုပ် ထပ်မှာစားတယ်။ အရမ်းကြိုက်တယ်။ ရောက်တုန်း ရောက်ခိုက်လေးမို့ မျှစ်စဉ်းကောသုပ်နဲ့ ငါးဖယ်ကြော်လေးပါ စားဖြစ်သွားတယ်။ ကျွန်တော်အစားကြမ်းတယ်လို့ မထင်လိုက်ပါနဲ့။ အသုပ်အားလုံးက ကောင်းလွန်းအားကြီး တော့ မစားရမနေနိုင်ဖြစ်သွားလို့ပါ။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အဖွဲ့တွေအားလုံးအနည်းဆုံး ၂ ပွဲ -၃ ပွဲ မှာပြီး စားကြသူတွေချည်းပါပဲ။ ကျွန်တော့်ဘေးနားက မြို့ခံမိသားစုဆိုရင် စားလိုက်ကြတာ တစ်ပွဲပြီးတစ်ပွဲပဲ။ ကလေးငယ်လေးကအစ လူကြီးအဆုံးစားကြတာကို တွေ့ရတာ။ အဲဒါကြောင့်လည်းနာမည်ကြီးတာပဲ။

          သထုံမြို့လေးက လမ်းတွေက သန့်ရှင်းသလို ရှေးဟောင်းအိမ်တွေအများကြီးရှိတဲ့ မြို့လေးပါ။ ရှေးဟောင်းသစ်သားအိမ်ကြီးတွေက လက်ရာအရမ်းမြောက်ပြီး ကြီးကျယ်ခမ်းနားတဲ့ ဆင်ဝင်ကြီးတွေနဲ့အတူ ရေပန်းကြီးတွေနဲ့ အလှဆင်ထားတာကို တွေ့ရပါ တယ်။ ကျွန်တော့်ရဲ့အတွေးမှာ တွေးမိတာလေးက ရှေးအခါက သထုံမြို့က စီးပွားရေး ကောင်းမွန်ခဲ့တဲ့မြို့ ဖြစ်မယ်ထင်မိတယ်။ ဒီလိုလက်ရာမြောက်တဲ့ အိမ်ကြီးတွေကို ထိန်းသိမ်းထားမယ်ဆိုရင် လေ့လာချင်တဲ့နိုင်ငံခြားသားများအတွက် ဆွဲဆောင်မှုရှိလာမယ့် မြို့လေးဖြစ်လာမှာပါ။

          ပြီးတော့ သထုံမြို့က အိမ်အများစုက ခြံဝန်းလေးတွေနဲ့ စိမ်းစိုနေတာများပါတယ်။ အိမ်တိုင်းနီးပါးမှာလည်း မရန်းသီးပင်၊ တညင်းသီးပင်၊ ကြက်မောက်သီး၊ ကျွဲကောသီးပင်၊ ဒူးရင်းပင်တွေစိုက်ထားလို့ Hotel ပေါ်ကပဲကြည့်မလား။ မြသပိတ်တောင်ပေါ်ကပဲ ကြည့်မလား စိမ်းစိုလှပပြီး နေချင်စဖွယ်အလွန်ကောင်းနေပါတယ်။

          ညနေစောင်းမှာတော့ သထုံမြသပိတ်တောင်ပေါ်ကို ကားနဲ့တက်ပြီး ဘုရားဖူးပါတယ်။ ညနေဆည်းဆာမှာ သထုံမြို့အလှကို ကြည့်မဝအောင်ပါပဲ။ တောင်ပေါ်မှာ အချိန်ကြာကြာလေး နေချင်ပေမယ့် Hotel ညစာစားဖို့အတွက် သူငယ်ချင်းမိသားစုတွေကို ဖိတ်ထားလို့ အမြန်ပြန်ဆင်းလာရတယ်။

          ညစာကို Hotel မှာ သူငယ်ချင်းတွေနဲ့ စကားတွေပြောရင်း စားဖြစ်ကြတယ်။ Chef ကို ကြိုပြီးပြောထားတဲ့အတွက် သေချာပြင်ဆင်ထားပေးပါတယ်။ အားလုံးအကြိုက်ဖြစ်မယ့် တရုတ်အစားအစာတွေပဲမှာပြီး စားကြတယ်။

          နောက်နေ့မနက်မှာ ဈေးကို စောစောလာမှ ဈေးထဲက နာမည်ကြီးအစားအစာတွေကို စားဖို့ မီမှာပြောလို့ ဈေးကို စောစောလေး အပြေးသွားလိုက်တယ်။ ဈေးထဲက ဒေါ်ဘုတ်ဆုံမထမင်းဝါဆိုင်မှာ ဝက်ခေါက်နဲ့ ငါးစဉ်းကော၊ ဝက်ခေါက်နဲ့ ထမင်းဝါစားကြည့် လိုက်တယ်။ မနက်စောစောမှာပဲ ဆိုင်မှာက လူအပြည့်ပဲ။ နေရာရဖို့ စောင့်လိုက်ရသေးတယ်။

          စားပြီးတာနဲ့ဈေးကိုတစ်ပတ်ပတ်လိုက်တယ်။ မြန်မာမုန့်မျိုးစုံရောင်းတဲ့ ဆိုင်တော် တော်များများတွေ့ရပြီး သထုံဈေးကလည်း စည်ကားတဲ့ဈေးတွေထဲမှာ ပါဝင်ပါတယ်။

          ဈေးကအပြန် အလုပ်နဲ့ဘားအံကိုနေ့ချင်းပြန် သွားလိုက်ရတယ် (ဘားအံအကြောင်း သီးသန့်ရေးပါ့မယ်)

          ဘားအံကအပြန် Hotel နားက တန်ခိုးကြီး သထုံရွှေစာရံဘုရားဖူးဖို့ လမ်းလျှောက်ပြီး ထွက်ခဲ့တယ်။ ဘုရားပွဲတော်ရက်နဲ့ဆုံလို့ ဘုရားရင်ပြင်တော်နဲ့ ပွဲဈေးတန်းမှာ လူတွေ တိုးမပေါက်အောင်စည်ကားနေပါတယ်။ ဘုရားပွဲဈေးတန်းမလျှောက်ဖြစ်တာ အနှစ် ၃၀ နီးပါးလောက်ရှိပြီးမှ အခုပြန်လျှောက်ဖြစ်တော့ ငယ်ငယ်က အညာဘုရားပွဲတွေကို သတိရမိတယ်။

 

ပွဲဈေးတန်းမှာ မုန့်သည်တွေက စုံနေတာပါပဲ။ ဘားအံ၊ မြဝတီဘက်နဲ့ ဆက်နေလို့ဖြစ်မယ်။ ထိုင်းအစားအစာရောင်းတဲ့ဈေးသည်တွေကို တွေ့ရတယ်။ ထိုင်းအသားလုံးနဲ့ ဝက်အူချောင်းသည်တွေ များတယ်။ ကြက်ဥကင်လည်းရှိတယ်။

          သထုံရွှေစာရံဘုရားပွဲက ရိုးရာမပျက် ရုပ်သေးပွဲ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေနဲ့ စည်ကားနေသေးတဲ့ ဘုရားပွဲပါ။ ခေတ်တွေပြောင်းသွားတော့ အရင်လို လှည်းနဲ့လာတဲ့ ဘုရားဖူး ဧည့်သည်တွေတော့ မရှိတော့ဘူးပေါ့။

          ဘုရားဖူးပြီးအပြန် လမ်းမှာတွေ့တဲ့ ရိုးရာကဗျာကယာ မုန့်လေးဝယ်ပြီး ပြန်ခဲ့တယ်။ နောက်နေ့မနက် Hotel Breakfast Buffet မှာပါတဲ့ သထုံထမင်းဝါနဲ့ မုန့်ဟင်းခါးကို သထုံခရီးစဉ်နောက်ဆုံးနေ့မှာ တဝကြီးစားလိုက်တယ်။ ထမင်းဝါကို သေချာပုံစံကြ အောင်ပြင်ဆင်ပေးထားတာ စားချင်စဖွယ်ပါ။ သထုံရိုးရာထမင်းဝါကို သန့်သန့်ရှင်းရှင်းနဲ့ Level တစ်ခုရောက်အောင် အထူးပြင်ဆင်ထားတဲ့အတွက် ဝမ်းသာမိပါတယ်။ မြန်မာ့ရိုးရာအစားအစာနဲ့ တိုင်းရင်းသားအစားအစာတွေကို သန့်သန့်ရှင်းရှင်းနဲ့ အဆင့်အတန်းရှိအောင် ကြိုးစားပြီး လုပ်ကြရအောင်လားဗျာ။

♦   မြင့်ဦးသာ   ♦

Facebook Comments

Menu