“သက်သတ်လွတ် သနပ်စုံ”

“မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ”

“သက်သတ်လွတ် သနပ်စုံ”

ချစ်စွာသော စာရှုသူများရှင်-

          ယခုလ မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာတော့ “သက်သတ်လွတ် သနပ်စုံ” ပြုလုပ် စားသုံးမှုများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။

          ပဲတောင့်ရှည်၊ ပဲစောင်းလျား၊ မျှစ်၊ ငှက်ပျောဖူး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဂျူးမြစ်စတဲ့ ဟင်းသီးဟင်းရွက်များကို သနပ်လုပ်ပြီး သက်သတ်လွတ် ဟင်းများအဖြစ် အမြတ်တနိုး စီမံစားသုံးနိုင်ကြပါတယ်။

          ပထမဦးဆုံး ပဲတောင့်ရှည်သနပ်ပြုလုပ်နည်းကို တင်ပြလိုပါတယ်။ ပဲတောင့်ရှည် သနပ်လုပ်မယ်ဆိုလျှင် ပထမဦးဆုံး ပဲတောင့်များကို အတောင့်လိုက် ရေစင်အောင်ဆေးပြီး ရေနွေးဖျောရပါမယ်။ ရေနွေးမဖျောဘဲ ပဲတောင့်ရှည်ကို ပြုတ်ရင်လည်း ရပါတယ်။ ပြုတ်ပြီးလျှင် ပဲတောင့်ရှည်များကို ရေစစ်ပြီး ပါးပါးလှီးထားရပါမယ်။  ပြီးလျှင် လှီးထားတဲ့ ပဲသီးလေးများကို ဆားနဲ့နယ်ရပါမယ်။ ကြက်သွန်အဖြူနဲ့ အနီကို ပါးပါးလှီးပြီး ဆီချက်ချက်ထားရပါမယ်။ နှမ်းကိုလည်း မွှေးပြီးကြွပ်နေအောင် လှော်ထားရပါမယ်။ အဲဒီနောက် စောစောက ဆားနဲ့ သမအောင်နယ်ထားတဲ့ ပဲသီးများထဲ နှမ်းလှော်များနဲ့အတူ ဆီချက်ကို ထည့်သုပ်ရပါမယ်။ အပေါ်ယံမှာ ကြက်သွန်ကြော်လေးဖြူးပြီး သုံးဆောင်လျှင် ဆိမ့်ပြီးမွှေးနေတဲ့ “သက်သတ်လွတ် ပဲတောင့်ရှည်သနပ်သုပ်” ကို စွဲမက်နှစ်သက်ကြ မှာပါပဲရှင်။

          ပဲစောင်းလျားသီး သနပ်သုပ်လုပ်မယ်ဆိုရင်တော့ ပဲစောင်းလျားသီးများကို ရေစင်အောင်ဆေးပြီး အကြောလေးများကိုသင်ကာ မကျက်တကျက် ပြုတ်ရပါမယ်။ အစိမ်းရောင်မပျက် ပြုတ်ထားသော ပဲစောင်းလျားသီးများကို ရေစစ်ပြီး ခပ်ပါးပါး လှီးထားရပါမယ်။ ပြီးလျှင် ဆား၊ နှမ်းလှော်နဲ့ ဆီချက်တို့ကို ထည့်ပြီး သုပ်ရပါမယ်။ ပန်းကန်ပြားတစ်ချပ်ထဲမှာ ပဲစောင်းလျားသီး သနပ်သုပ်ကို ထည့်ပြီး အပေါ်ကနေ ကြက်သွန်အနီကြော်လေးကို ဖြူးထားတဲ့အခါမှာတော့ စားသုံးဖို့ အသင့်ဖြစ်နေတဲ့ “ပဲစောင်းလျားသီးသနပ်သုပ်” တစ်ပွဲကို ရရှိပြီဖြစ်ပါတယ်။

          မျှစ်သနပ်သုပ်လုပ်မယ်ဆိုလျှင် ခပ်နုနုမျှစ်များကို အသုံးပြုသင့်ပါတယ်။ ဝါးနွယ်မျှစ်ကတော့ ချိုပြီး နူးညံ့လို့ သနပ်သုပ်လုပ်စားရင် အကောင်းဆုံးပါပဲရှင်။ ဝါးနွယ်မျှစ်မရရင်လည်း သိုက်မျှစ်ကို အသုံးပြုနိုင်ပါတယ်။ ပထမဦးဆုံး မျှစ်များကို ရေစင်အောင်ဆေးပြီး အပူ၊ အစပ်ကင်းအောင်နဲ့ နူးညံ့သွားအောင် ပြုတ်ရပါမယ်။ ပြုတ်တဲ့အခါ တစ်ရေ၊ နှစ်ရေလောက်ကို ငှဲ့ပစ်သင့်ပါတယ်။ ပထမနဲ့ ဒုတိယပြုတ်ရေတွေထဲမှာ မျှစ်ရဲ့  ပူစပ်ပြီး ခါးသက်သက်ဖြစ်တတ်တဲ့ အရသာတွေ ပါသွားမှာဖြစ်ပါတယ်။ မျှစ်ကို တတိယမြောက်ထည့်တဲ့ ရေနှင့်အတူ နူးအိနေအောင် ပြုတ်ပြီး အအေးခံကာ တွယ်ချိတ်နဲ့ အမျှင်လေးများဖြစ်အောင် ခြစ်ယူရပါမယ်။

          မျှစ်များကို တွယ်ချိတ်နှင့် ခြစ်ထားပြီးတဲ့အခါ မျှစ်ထဲက အရည်များကို လက်နှင့် ဆုပ်ညှစ်ပစ်ရပါမယ်။ ပြီးတော့မှ မျှစ်များထဲ ဆား၊ ဆီချက်၊ နှမ်းလှော်တို့ကို ထည့်ပြီး သုပ်ရမှာဖြစ်ပါတယ်။ ဒီအခါမှာတော့ စားသုံးဖို့ အသင့်ဖြစ်နေတဲ့ သက်သတ်လွတ် ဟင်းလျာ “မျှစ်သနပ်သုပ်” တစ်ပွဲကို ရရှိပြီဖြစ်ပါတယ်။

          ငှက်ပျောဖူးသနပ်သုပ် လုပ်မယ်ဆိုလျှင် ရခိုင်ငှက်ပျောပင်ကရတဲ့ ရခိုင်ငှက်ပျောဖူးကို အသုံးပြုသင့်ပါတယ်။ ငှက်ပျောဖူးရဲ့ အပြင်က ရင့်တဲ့ငှက်ပျောဖတ်များကို အတွင်းက အဖြူသားလေးများ ပေါ်လာတဲ့အထိ ခွာပစ်ရပါမယ်။အဖြူသားများပေါ်လာတဲ့ ငှက်ပျောဖူးရဲ့ အဖတ်များကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီငှက်ပျောဖူးအဖြူသားက အဖတ်လေးများကို ခွာပြီး ဆားရည်ထဲမှာ အဖန်ရည်များကုန်အောင် နာရီဝက်လောက် စိမ်ထားရပါမယ်။

          အဲဒီနောက် ငှက်ပျောဖူးက ခွာထားတဲ့ အဖတ်လေးများကို ဆယ်ယူပြီး ရေနွေးနဲ့ ပြုတ်ရပါမယ်။ ငှက်ပျောဖူးများနူးလာတဲ့အခါ ငှက်ပျောဖူးအဖတ်လေးများကို ပါးပါးလေး လှီးထားရပါမယ်။ ပြီးလျှင် နှမ်းလှော်၊ ဆီချက်တို့နှင့်အတူ သမအောင် နယ်ရပါမယ်။ အချဉ်ကြိုက်တတ်သူများကတော့ ငှက်ပျောဖူးပြုတ်ကတည်းက မန်ကျည်းမှည့်လေး ထည့်ပြုတ်လေ့ရှိကြပါတယ်။ အချဉ်ပြုတ်ပြီးတော့ သုပ်သုပ်၊ အချဉ်မပါဘဲ အဆိမ့်လေးပဲ သုပ်သုပ် အရသာလျော့မသွားတာကတော့ “ငှက်ပျောဖူးသနပ်သုပ်” ပဲ ဖြစ်ပါတယ်။

          ကန်စွန်းရွက်နဲ့ ချဉ်ပေါင်ရွက် သနပ်သုပ်လုပ်မယ်ဆိုလျှင် ကန်စွန်းရွက်နဲ့ ချဉ်ပေါင် ကြီးရွက်ကို ရေစင်အောင်ဆေးပြီး သီးခြားစီ  ၃ မိနစ်ခန့် ပြုတ်ရပါမယ်။ ပြီးလျှင် ကန်စွန်းရွက်များကို ပါးပါးလှီးပြီး ဆားလေးနဲ့ နယ်ထားရပါမယ်။ အဲဒီအထဲကို နှမ်းလှော်၊ မြေပဲဆံလှော်ထောင်းနှင့် ဆီချက်လေးဆမ်းပြီး သုပ်လိုက်တဲ့အခါမှာတော့ အရသာရှိလှတဲ့ “သက်သတ်လွတ် ကန်စွန်းရွက်သနပ်သုပ်” ကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။

          ချဉ်ပေါင်ကြီးရွက်ကို ပြုတ်ကတည်းက အရွက်လေးများသင်ပြီးမှ ပြုတ်ဖြစ်လို့ လှီးဖြတ်စရာ မလိုပါဘူးရှင်။ ပြုတ်ထားတဲ့ ချဉ်ပေါင်ကြီးရွက်များကို ရေစင်အောင်လက်နှင့် ဆုပ်ညှစ်ပြီး ဆီချက်၊ နှမ်းလှော်တို့နှင့်အတူ သမအောင် နယ်ရပါမယ်။ “ချဉ်ပေါင် ကြီးရွက်သနပ်သုပ်” ကို ပန်ကန်ပြားတစ်ချပ်ထဲမှာ ထည့်လို့ပြင်ဆင်ပြီး အပေါ်ယံက ကြက်သွန်ကြော်လေးဖြူးလိုက်တဲ့အခါမှာ အရသာချဉ်ချိုမြနဲ့ မျက်နှာပန်းလှတဲ့ သက်သတ်လွတ် ဟင်းတစ်မည်ကို ရရှိတည်ခင်းနိုင်ပြီ ဖြစ်ပါတယ်။

          ရုံးပတီသီးသနပ်လုပ်မယ်ဆိုရင်တော့ ရုံးပတီသီးအတောင့်လိုက်ကို ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ဆူထဲမှာ ၁ မိနစ်လောက်သာ အစိမ်းရောင်မပျက် ရေနွေးဖျော ရပါမယ်။ ပြီးလျှင် ရုံးပတီသီးများကို မထူမပါးလေးလှီးပြီး ဆား၊ နှမ်းလှော်၊ ဆီချက်တို့နှင့်အတူ သမအောင်နယ်ရပါမယ်။ “ရုံးပတီသီးသနပ်သုပ်” လုပ်တဲ့အခါ ရုံးပတီသီးများက ချွဲသွားတတ်လို့ နူးပျော့သွားအောင် မပြုတ်မိဖို့ သတိထားဖို့တော့ လိုအပ်ပါတယ်။

          ဂျူးမြစ်သနပ်သုပ်လုပ်မယ်ဆိုလျှင် ဂျူးမြစ်များကို သဲမပါအောင် စင်ကြယ်စွာ ဆေးကြောပြီး ပြုတ်ရပါမယ်။ ဂျူးမြစ်ပြုတ်ပြီးသားတွေကို လက်တစ်ဆစ်စာ အရွယ်လောက် လှီးဖြတ်ထားရပါမယ်။ အဲဒီနောက် ဆားနဲ့ သမအောင်နယ်ပြီး နှမ်းလှော်၊ ဆီချက်တို့နှင့်အတူ ရောသုပ်လိုက်တဲ့အခါ ဂျူးမြစ်နံ့လေး သင်းမွှေးနေတဲ့ “ဂျူးမြစ်သနပ်သုပ်” တစ်ပွဲကို ရရှိပြီဖြစ်ပါတယ်။

          ယခုတင်ပြခဲ့တဲ့ ပဲတောင့်ရှည်၊ ပဲစောင်းလျားသီး၊ မျှစ်၊ ငှက်ပျောဖူး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ကြီးရွက်၊ ရုံးပတီသီး၊ ဂျူးမြစ်စတဲ့ သနပ်သုပ်များကို တစ်ခုစီအဆင်ပြေသလို သုပ်စားနိုင်သလို တချို့ကတော့ အသီးအနှံစုံဝယ်ကာ တစ်ခါတည်း အမည်စုံအောင်လုပ်ပြီး သနပ်စုံပြုလုပ် စားသုံးလေ့ရှိကြပါတယ်။ ပဲပင်ပေါက်ကို အချဉ်တည်ထားတဲ့ ပဲတီချဉ်ကိုလည်း သနပ်သုပ်လုပ်စားနိုင်ပါတယ်။ ပဲတီချဉ်ကို အချဉ်ရည်တွေ ဆုပ်ညှစ်ပစ်ပြီး နှမ်းလှော်၊ ဆီချက်နှင့် ဆားလေးသင့်ရုံထည့်ကာ ပဲတီချဉ်သနပ်သုပ်လုပ်စားတဲ့အခါ ထူးခြားတဲ့အရသာကို ခံစားကြရမှာ ဖြစ်ပါတယ်။

          ဟင်းသီးဟင်းရွက်တွေပေါတဲ့ ယခုလိုကာလမှာ သီးနှံစုံသနပ်သုပ်လေးနဲ့ ဟင်းခါးပူပူလေးဟာ ထမင်းမြိန်စေတဲ့ ဟင်းအတွဲတွေပါပဲရှင်။ ဝါတွင်းကာလ သက်သတ်လွတ် စားလိုသူများအတွက် ခံတွင်း တွေ့စေမယ့် သက်သတ်လွတ် သနပ်သုပ်များဖြစ်ပါတယ်။ လုပ်ရတာလည်းလွယ်ကူ၊ စားရတာလည်း အဆင်ပြေစေတဲ့အပြင် ဟင်းသီးဟင်းရွက်များနဲ့ စီမံထားတဲ့ သနပ်စုံဖြစ်တဲ့အတွက် အာဟာရဓာတ်များလည်း များပြားစွာ ပါဝင်နေတာကို တွေ့ရပါတယ်။

          သက်သတ်လွတ် သနပ်စုံထဲက ပဲတောင့်ရှည်သနပ်သုပ်ထဲမှာပါတဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ “မြန်မာ့အစားအစာ၏ အာဟာရ” စာအုပ်အလိုအရ ပဲတောင့်ရှည်သနပ်သုပ် စားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၈၆ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၈ ဂရမ်၊ အဆီဓာတ် ၆ ဂရမ်နှင့် ပရိုတင်း ၄ ဂရမ် ပါဝင်တာ တွေ့ရပါတယ်။သနပ်စုံဖြစ်တဲ့ ငှက်ပျောဖူး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မျှစ်၊ ဂျူးမြစ်နဲ့ ရုံးပတီသီးသနပ် စုံထဲမှာတော့ ဟင်းသီးဟင်းရွက်စုံ ပါဝင်တာဖြစ်လို့ အင်အားဓာတ် ၁၇၅ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၁၄ ဂရမ်၊ အဆီဓာတ် ၁၂ ဂရမ်နှင့် ပရိုတင်း ၄.၉ ဂရမ် ပါဝင်တာ တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ယခုလမှာတော့ သတ္တဝါများကို မေတ္တာပွားပြီး  ရသတဏှာကို ချိုးနှိမ်ကာ ဝါတွင်းကာလ “သက်သတ်လွတ်” စားလိုသူများအတွက် သက်သတ်လွတ်ဟင်းလျာ “သနပ်စုံ” ပြုလုပ်စားသုံးမှုများအကြောင်း တင်ပြအစီရင်ခံရင်း “မြန်မာ့ရိုးရာ အစားအစာနှင့် အာဟာရ” အခန်းကို ရပ်နားခွင့်ပြုပါရှင်။

ဆန်းဆန်းဦး

( မြန်မာ့အသံ)

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments