သက်သတ်လွတ်စားနေသည့်သူများအတွက် ကျန်းမာရေးနှင့်အညီ စားသောက်နည်း

by ဒေါက်တာညီညီကျော် for Food Magazine

          သက်သတ်လွတ်စားနည်း အမျိုးမျိုးရှိပါတယ်။ ကျွန်တော် အကြမ်းဖျင်းသိထားတာကတော့ သက်သတ်လွတ်ဆိုရင် လုံးဝအသားမစားတော့ဘဲ  အသီးအရွက်၊ ပဲ၊ ထမင်း စသည်တို့ကိုသာ စားတယ်လို့ သိရပါတယ်။ အမှန်တကယ်ကတော့ သက်သတ်လွတ်စားနည်း (၆) မျိုး ရှိပါတယ်။

၁။       Lacto-Vegetarian – အသား၊ ငါး၊ ဥ မစားဘဲ အသီးအရွက်၊ ပဲ၊ နွားနို့နှင့် အခြားသော နို့ထွက် ပစ္စည်းများစားတဲ့ သက်သတ်လွတ်စားနည်း။

၂။       Ovo-Vegetarian – အသား၊ ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းမစားဘဲ  အသီးအရွက်၊ ပဲ၊ ဥ အမျိုးမျိုးစားတဲ့ သက်သတ်လွတ်စားနည်း။

၃။       Lacto-ovo Vegetarian –  အသား၊ ငါး မစားဘဲ အသီးအရွက်၊ ပဲ၊ နွားနို့နှင့် အခြားသော နို့ထွက် ပစ္စည်းများ၊ ဥအမျိုးမျိုးစားတဲ့ သက်သတ်လွတ်စားနည်း။

၎။       Pescatarian – ငါးစားပြီး အခြား အသား၊ နို့၊ ဥအမျိုးမျိုးမစားတဲ့ သက်သတ်လွတ်စားနည်း။

၅။       Pollotarian – ကြက်သား၊ ကြက်ဥသာစားပြီး အခြား အသား၊ ငါး၊ နို့ထွက်ပစ္စည်းများ မစားတဲ့ သက်သတ်လွတ်စားနည်း။

၆။       Vegan –  ဒါကတော့ အရမ်းရိုးရှင်းပါတယ်။ အသီးအရွက်၊ ပဲ၊ ထမင်း၊ ဂျုံ၊ ပြောင်းမှလွဲရင်  အခြား မည်သည့်အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက် ပစ္စည်းများကိုမစားတဲ့ သက်သတ်လွတ်စားနည်း တို့ ဖြစ်ပါတယ်။

          သက်သတ်လွတ်စားနေတဲ့သူအတွက် ကျန်းမာရေးနှင့်အညီ ဘာတွေစားသင့်သလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

          အခုဖော်ပြထားတဲ့ ပမာဏကတော့ တစ်နေ့တာ ကယ်လိုရီ ၂၀ဝ၀ စားရမယ့် ပုံစံပေါ်မှာ တွက်ပေးထားတာ ဖြစ်ပါတယ်။

တစ်နေ့တာ ဘာတွေစားရမလဲဆိုတော့ –

၁။       အရွက် (ကြော်ပြီးသား)  –  တရုတ်ပန်းကန်လုံး ၂ လုံးခွဲ

          (အစိမ်းရောင် အရွက်၊ အနီရောင်၊ အဝါရောင် ဟင်းသီးပာင်းရွက် ပါဝင်အောင် စားပေးရပါမယ်)

၂။       အသီးအနှံ  –  တရုတ်ပန်းကန်လုံး ၂ လုံး

၃။       ထမင်း  –  တရုတ်ပန်းကန်လုံး ၃ လုံး

          (Whole Grain ပေါင်မုန့်၊ ဆန်လုံးညို  စသည်တို့ကို ထည့်စားပေးရင် ပိုကောင်းပါတယ်)

၎။       နွားနို့  –  ၂၅၀ မီလီလီတာ (၃ ခွက်)

၅။       ပဲ အမျိုးမျိုး  –  တရုတ်ပန်းကန်လုံး ၁ လုံး

၆။       ကြက်ဥစားပါက  –  တစ်ရက် ၁ လုံး

၇။       အစေ့အဆန်များ  –  ၆၀ ဂရမ်

၈။       ဆီ  –  ထမင်းစားဇွန်း ၂ ဇွန်း

          သက်သတ်လွတ်စားတဲ့သူတွေ အထူးသတိပြုသင့်တာကတော့ မုန့်အချိုတွေပါ။ သက်သတ်လွတ် စားတဲ့သူအများစုဟာ  အချိုအများချည်းစားလာကြတာကို သတိပြုမိမှာပါ။  အဲဒီကနေတစ်ဆင့် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါစသည်တို့ ဆက်စပ် ဖြစ်လာတတ်ပါတယ်။

အရေးကြီးတဲ့ အချက်ကတော့-

၁။       ဗီတာမင် D နှင့် ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နွားနို့၊ ဒိန်ခဲ၊ ပန်းပွင့်စိမ်း၊ ကိုက်လန်၊ အစိမ်းရင့်ရောင် အရွက်များများ စားရပါမယ်။

၂။       ဗီတာမင် B12 က အသား၊ ငါးတွေမှာ အဓိကပါဝင်လို့ သက်သတ်လွတ်စားနေတဲ့သူတွေအတွက်  အစားအစာက ရဖို့ခက်ခဲပါတယ်။ စားမယ်ဆိုရင်လည်း ဗီတာမင် B12 ထပ်ဖြည့်ထားတဲ့ ဆီရီယယ်လိုမျိုး စားပေးလို့ရပါတယ်။ အဲဒါတွေ မစားဖြစ်ရင်တော့ B Complex အားဆေးတစ်မျိုးမျိုး သောက်သင့်ပါတယ်။

၃။       အသားဓာတ်ကြွယ်ဝဖို့အတွက် ပဲအမျိုးမျိုး၊ နွားနို့တို့ကို စားသုံးသင့်ပါတယ်။ ကြက်ဥစားမည်ဆိုလျှင် ကြက်ဥအကာ ၃ လုံးခန့် စားပါ။

၎။       အိုမီဂါ ၃ ရဖို့အတွက်  ပဲပုပ်စေ့ဆီ၊ Canola Oil, Flaxseed Oil, အစေ့အဆန်များ၊ ဗာဒံစေ့၊ Walnuts စသည်တို့ကို စားပါ။

၅။       သံဓာတ်ြွကယ်ဝတဲ့ အစိမ်းရင့်ရင့်အရွက်များ၊ ဂျုံကြမ်းပေါင်မုန့်၊ ဆီရီယယ်၊ အသီးခြောက် စသည်တို့ကို စားပါ။ စားတဲ့နေရာမှာ သံပရာရည် သို့မဟုတ် လိမ္မော်ရည် စတဲ့ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတစ်ခုခုနဲ့ ရောပြီး စားသင့်ပါတယ်။

၆။       ဇင့်ဓာတ်ကြွယ်ဝဖို့အတွက် ဂျုံကြမ်းပေါင်မုန့်၊ ပဲ အမျိုးမျိုး စသည်တို့ကို စားရပါမယ်။

၇။       အိုင်အိုဒင်းဓာတ်ကြွယ်ဝတဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကန်စွန်းဥ စသည်တို့ကို စားသုံးသင့်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Facebook Comments