လွိုင်ကော်၊ ပင်လောင်း၊ ဖယ်ခုံ ခရီးစဉ်

by မြင့်ဦးသာ for Food Magazine

          ဒီနေ့က လွိုင်ကော်ကနေ  ပင်လောင်းကို ခရီးဆက်မှာမို့  မနေ့ညကတည်းက အထုပ်အပိုးတွေ ပြင်ထားလိုက်တယ်။ မနက်စောစောထပြီး မနက်စာစားပြီးတာနဲ့ ပင်လောင်းဘက်ကို ထွက်ခဲ့တယ်။

          ပင်လောင်းက လွိုင်ကော်ကနေ  ကလောသွားတဲ့ လမ်းပေါ်မှာရှိတယ်။ ပင်လောင်းမှာ ညအိပ်ပြီး ဆက်ပြီး လည်ဖို့ စီစဉ်ထားတော့ လမ်းမှာရှိတဲ့ မြို့တွေကို ဝင်လည်မယ်လို့ စိတ်ကူးထားတယ်။

          ဖယ်ခုံမြို့ကို မရောက်ခင်မှာ မိုးဗြဲရေလှောင်တမံကို ဝင်လိုက်တယ်။ လွိုင်ကော်ကနေလာရင် လမ်းရဲ့ ညာ ဘက်ခြမ်းမှာရှိတဲ့ မိုးဗြဲရေလှောင်တမံ ဆိုင်းဘုတ်ရှိတယ်။ ဒီရေလှောင်တမံကို သွားမယ်ဆိုရင် စစ်တပ်ထဲကနေ ဖြတ်ပြီးသွားရပါတယ်။ လမ်းညွှန် ဆိုင်းဘုတ်အတိုင်း သွား လိုက်တာ မထင်ထားတဲ့ မြင်ကွင်းကတော့ အပေါ်စီးကနေ ရေလှောင်တမံကိုမြင်ရတဲ့ ရှုခင်းပါပဲ။ အထဲကိုရောက်ဖို့ ဆိုရင် အောက်ဘက်ကို နည်းနည်းဆင်းရတယ်။ ကားကို သတိထားပြီး မောင်းဖို့တော့ လိုတယ်။

          ရှုခင်းတွေက တော်တော်လေးလှတယ်။ ပြီးတော့ တမံပေါ်တက်ပြီး ကြည့်လို့လည်းရတယ်။ လာတဲ့လမ်း အတိုင်း ကားလမ်းပေါ် ပြန်တက်ပြီး ခရီးဆက်တော့ ဖယ်ခုံမြို့ကို ရောက်ပါတယ်။ ဖယ်ခုံမြို့အဝင်မှာ စိန်ပန်းပြာတန်း က အရမ်းလှနေတော့ ဆင်းပြီး ဓာတ်ပုံရိုက်ပြီးမှ မြို့ထဲ ဝင်လိုက်တယ်။ စိန်ပန်းပြာတန်းနဲ့ မလှမ်းမကမ်းရှိတဲ့ ဆိုင်တစ်ဆိုင်ရဲ့ ရှေ့မှာ မုန့်ခြောက်တွေကို နေလှမ်းနေ တာတွေ့ရတော့ ဘာမုန့်လဲ သိချင်မိတာနဲ့ ကားပေါ်က ဆင်းပြီး ကြည့်လိုက်တော့ တိုဟူးခြောက်နေလှန်းနေ တာကို တွေ့ရတယ်။ တစ်နိုင်တစ်ပိုင် အိမ်တွင်း စီးပွားရေးလုပ်ငန်းလေးဆိုတော့ မုန့်လုပ်တဲ့မီးဖိုက ဆိုင်ရဲ့နောက် ဘက်မှာပဲ ရှိတယ်။ ခွင့်တောင်းပြီး မုန့်လုပ်တာဝင်ကြည့်ပြီး လေ့လာတော့ တိုဟူးခြောက်မဟုတ်မှန်း သိရပြီး ကြက်သွန်ပေါင်းကြော်ဖြစ်နေတယ်။ အိမ်ပြန်လက်ဆောင်လည်း ဝယ်ခဲ့လိုက်တယ်။ ဆိုင်ရှင်က ဒီနေ့ ဖယ်ခုံ ဈေးနေ့လို့ပြောတာနဲ့ အရမ်းပျော်ပြီး ဖယ်ခုံဈေးအပေါ်ဘက်ကို ကားကိုဆက်ပြီး မောင်းခဲ့တယ်။ တစ်ခုကောင်းတာက လမ်းတစ်လျှောက်မှာရှိတဲ့ မြို့တွေ၊ လည်ပတ်စရာတွေက ဒီလမ်းမကြီးပေါ်မှာပဲ ရှိနေတယ်။ တော်တော်လေးကို အဆင်ပြေသွားတယ်။

          ဈေးထဲမှာတော့ တောင်ပေါ်ဒေသရဲ့ ထုံးစံအတိုင်း တိုင်းရင်းသားတွေရောင်းချတဲ့ သီးနှံမျိုးစုံနဲ့ ခေါင်ရည် သည်တွေနဲ့ ဈေးထဲမှာပြည့်နေတယ်။ ဈေးထဲမှာ ခေါင်းရည် ပူပူလေးနဲ့ ကယန်းဆန်ပြုတ် စားဖြစ်လိုက်တယ်။ ဈေးရဲ့နံဘေးမှာတော့ အင်းလေးကိုသွားတဲ့ လှေဆိပ်ရှိတယ်။

          ပြီးတာနဲ့ ပင်လောင်းကို ခရီးဆက်ခဲ့တယ်။ ပင်လောင်းနားရောက်တော့ အမြင့်ပိုင်းရောက်လာပြီး တောင်ပေါ်ဒေသက ပိုပြီးပီပြင်လာတယ်။ လမ်းဘေးမှာ ကြက်သွန်ဖြူခင်းနဲ့ လက်ဖက်ခင်းတွေက ပင်လောင်းမြို့ အဝင်အထိပါပဲ။

          ပင်လောင်းရဲ့ ရာသီဥတုက တော်တော်လေးအေး တယ်။ အေးချမ်းပြီး နေလို့ကောင်းတဲ့ မြို့လေးပါ။ ဟိုတယ်အသေးစားလေးတွေနဲ့ စားသောက်ဆိုင်တွေက လမ်းဘေးတစ်လျှောက်မှာရှိတယ်။ ကျွန်တော်တို့က တောင်ပေါ်ဒေသရပ်ကွက်ထဲမှာ နေရသလို ခံစားချင်တာနဲ့ အတွင်းဘက်ပိုင်းမှာရှိတဲ့ Hotel Pin Laung Resort မှာ တည်းဖြစ်တယ်။ ဟိုတယ်က ရပ်ကွက်အစွန်ဘက်မှာ ရှိတယ်။ ဟိုတယ်မရောက်ခင် ရပ်ကွက်ထဲဖြတ်တော့ ကျွန်တော်မြင်ချင်တာနဲ့ ကွက်တိပါပဲ။ အိမ်လေးတွေက သန့်ရှင်းပြီး အရမ်းလှတယ်။ ပြီးတော့ လမ်းတွေကလည်း သန့်ရှင်းတယ်။ အိမ်တိုင်းနီးပါးမှာ ဂေါ်ရခါးသီးစင်လေးတွေနဲ့ ဂေါ်ရခါးသီးစိုက်ထားတာကို အကြိုက်ဆုံးပဲ။ ပြီးတော့ တချို့အိမ်တွေမှာဆို ထောပတ်သီးပင်တွေလည်း ရှိတယ်။ နောက်နေ့ကျရင် လမ်းလျှောက်ပြီး ကြည့်ဖို့ စဉ်းစားထားလိုက်တယ်။

          ဒီနေ့တော့ ဟိုတယ်မှာ ခဏနားပြီးရင်  ပင်လောင်းမြို့ ပတ်ဝန်းကျင်ကို လျှောက်ပြီး ကြည့်မယ်။

          ညနေစောင်း ဟိုတယ်ကထွက်ပြီး မြို့ထဲထွက်ကာ အဝေးပြေးကားနားတဲ့ ကားဂိတ်နားက  ဆိုင်မှာပဲ  ထမင်း စားဖြစ်လိုက်တယ်။ ကားရပ်နားရာ နေရာဖြစ်လို့ ထူးထူးဆန်းဆန်း ပင်လောင်းအစားအစာတော့ မရှိဘူး။ ရိုးရိုး ဝက်သား၊ ကြက်သားဟင်းလောက်ပဲရှိတယ်။ စားပြီးတာနဲ့ ပင်လောင်းကနေ နေပြည်တော်ဆင်းမယ့် လမ်းခွဲကိုရှာပြီး မြို့ ပြင်ကို ထွက်လာလိုက်တယ်။ လမ်းဘေးဝဲယာမှာတော့ လက်ဖက်ခင်းတွေ အများကြီးပါပဲ။ ဒါပေမဲ့ မလေးရှားမှာ စိုက်ထားတဲ့ လက်ဖက်ခင်းတွေလို စိမ်းစိုညီညာနေတာတော့ မဟုတ်ပါဘူး။ လက်ဖက်ခင်းတွေကို  ကားပေါ်က ကြည့်နေရင်း  အလွန်လှတဲ့ တောင်ကြီး၊ တောင်ငယ်တွေ ရှုခင်းထဲမှာ ပေါ်လာတော့ လမ်းခွဲလေးအတိုင်း လိုက်ဝင် လိုက်တာ တစ်ခါမှမမြင်ဘူးတဲ့ ရှုခင်းမျိုးကို မြင်ရတော့ တော်တော်လေးပျော်သွားတယ်။ တောင်တွေကြားမှာ တောင်ယာစိုက်ခင်းရှိသလို တောင်ကမ်းပါးယံမှာလည်း လက်ဖက်စိုက်ခင်းတွေ ရှိတယ်။ တောင်ယာစိုက်တဲ့ အချိန်ကိုရောက်ရင် ဒီထက်ပိုလှမယ်။ အနီးအနားမှာလည်း ရွာလေးတစ်ရွာရှိတယ်။ ရွာနာမည်က “တောင်ထီ ဗွားရွာ” ဖြစ်ပြီး အလွန်လှတဲ့ တောင်ကြီးကတော့ ဝင်္ကပါတောင်ပဲဖြစ်ပါတယ်။ ညနေစောင်းသွားလို့ နောက်နေ့မှ ထပ်ပြီး လာတော့မယ်။

          ပင်လောင်းအပြန်လမ်းမှာ တောင်ပေါ်ကနေ လွိုင်ကော်ဘက်သွားတဲ့လမ်းကို ကြည့်ရတယ်။ တော်တော်လေးလှတယ်။ ရောင်စုံစိုက်ခင်းတွေက အကွက်တွေ ဖော်ထားသလိုပါပဲ။

          နောက်နေ့မနက်မှာ ပင်လောင်းမြို့ထဲက နာမည်ကြီး ရှမ်းခေါက်ဆွဲကို သွားလိုက်တယ်။ ဟိုတယ်ကလည်း ပြောပါတယ်။ စောစောသွားမှရမယ်တဲ့။ ဘာလို့လဲဆိုရင် မနက် ၈ နာရီခွဲလောက်ဆို ကုန်ပြီတဲ့။ ဟိုရောက်တော့ မီရုံလေးပဲရှိတယ်။ ရှမ်းတိုဟူးနွေးကို မှာစားဖြစ်တယ်။ အရသာကတော့ ရန်ကုန်မှာ စားရတာနဲ့မတူပါဘူး။ ကော်ပြန့်ကြော်လည်း ကောင်းတယ်။ ကြက်ပေါင်းဆန်ပြားလည်း ရတယ်။

          ဆိုင်နာမည်က “အေးချမ်းသာ” ပါ။ ပင်လောင်းရောက်လို့ မေးလိုက်ရင် ရပါတယ်။ အဲဒီဆိုင်မှာလည်း တိုဟူးခြောက်အစိမ်းကို ရောင်းတယ်။ ကြော်ပြီးသားလည်း ရောင်းတယ်။ ကြုံတာနဲ့ တိုဟူးခြောက်လုပ်နည်း လေးပါ ဝင်ကြည့်လိုက်တယ်။ အိမ်ပြန်လက်ဆောင်ဝယ်ဖို့ တစ်ခါတည်း မှာခဲ့လိုက်တယ်။

          စားပြီးတာနဲ့ တောင်ထီဗွားရွာထဲက ကော်ညှင်းခွက် လုပ်ငန်းနဲ့ လက်ဖက်ခြောက်လုပ်ငန်းကို ဝင်လေ့လာပြီး တောင်ထီဗွားရွာနံဘေးက အရမ်းလှတဲ့ ဝင်္ကပါတောင် လိုဏ်ဂူထဲကိုဝင်ပြီး ဘုရားဖူးကြတယ်။ ရှေးအခါက ကျန်စစ်သားမင်းကြီး တိမ်းရှောင်ပြီး နေခဲ့ဖူးတယ်လို့ သိခဲ့ရတယ်။

          ပင်လောင်းရောက်မှတော့ ပအိုဝ်းရိုးရာဓလေ့နဲ့ အစားအစာကို မလေ့လာဘဲ မပြန်ချင်လို့ ညောင်ရွှေ View Poing Hotel က မမျိုးကို အကူအညီတောင်းတယ်။ မမျိုးက စီစဉ်ပေးတဲ့အတွက် ပအိုဝ်းရိုးရာအသင်းက အနီးအနားမှာရှိတဲ့ ပအိုဝ်းရွာလေးမှာ နေ့လယ်စာကို စီစဉ်ပေးပါတယ်။ ပအိုဝ်းရိုးရာ ထမင်းနီနီ၊ ပိတ်ချင်းရွက်နဲ့ ရွှေဖရုံသီးဟင်း မုန်ညင်းခြောက်နဲ့ မြေပဲဆန်ကြော်ပါ။ ပြီးတော့ တောထဲမှာ အလေ့ကျပေါက်တဲ့ အရွက် တစ်မျိုးကို နေလှမ်းပြီး ချက်ထားတဲ့ ဟင်းတစ်ခွက် (Dry Fun Leaves ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်)။ ပြီးတော့ ဆားပန်းကန်လေးပါ ချထားပေးတယ်။ ပထမဦးဆုံးအကြိမ်  ပအိုဝ်းရိုးရာ ထမင်းပါပဲ။ နေ့လယ်စာချက်ကျွေးတဲ့ အိမ်ရှင်အဒေါ်ကြီးတွေ၊ ရွာထဲက ပအိုဝ်းအမျိုးသမီးတွေနဲ့ ညီငယ်တွေကို အထူးပဲကျေးဇူးတင်ပါတယ်။

          ဒီရွာလေးက ထွက်ရှိတဲ့  သီးနှံတွေကတော့ သစ်တော်သီး၊ မက်မန်းသီး၊ လိမ္မော်သီး၊ အာလူးနဲ့ ချင်းတို့ ထွက်ရှိပါတယ်။ ရွာနံဘေးက သစ်တော်ခြံနဲ့ လိမ္မော်ခြံကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ပြီးတော့ နေ့လယ် စာကျွေးတဲ့ အိမ်ရှေ့အိမ်က မက်မန်းသီးတွေကိုလည်း ကူပြီးခူးပေးခဲ့တယ်။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးမို့ အမြဲ မှတ်မိနေမှာပါ။

          ပအိုဝ်းရွာလေးကနေ  ပင်လောင်းပြန်လာပြီး  နောက် နေ့မနက်မှာ ပင်လောင်းကနေ နေပြည်တော်လမ်းအတိုင်း ရန်ကုန်ကို ပြန်လာခဲ့ပါတယ်။ အပြန်လမ်းမှာ လိန်းလီကြိုးတံတားမှာ အမှတ်တရဓာတ်ပုံရိုက်ပြီး ပေါင်းလောင်းမြို့က ပေါင်းလောင်းရင်ခွင်ထမင်းဆိုင်မှာ ထမင်းစား ဖြစ်ခဲ့တယ်။ တောဝက်သားခြောက်စပ်၊ ငါးခေါင်းဟင်းချို၊ ချေ(ဂျီ)သားရိုးရာဟင်းနဲ့ ပဲပုပ်ကြော်တို့ကို စားဖြစ်ခဲ့တယ်။

          ပေါင်းလောင်းကနေ နေပြည်တော် လမ်းတစ်လျှောက်မှာလည်း တောင်တန်းတွေက စိမ်းစိုနေပြီး စမ်းချောင်းလေးတွေနဲ့ အလွန်ပဲ သာယာပါတယ်။

          နေပြည်တော်ကနေတစ်ဆင့် ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်လေးကိုတော့  ဘယ်တော့မှ မမေ့သလို ရိုးရာဓလေ့နဲ့ အစားအသောက်တွေကို စားခွင့်ရခဲ့တာကိုက ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါ။ ဒီခရီးစဉ်ကနေ မှတ်သားလေ့လာခဲ့ရတာတွေကို ပြန်ပြီးမျှဝေပေးခြင်းပါပဲခင်ဗျာ။

Facebook Comments

Menu