လွိုင်ကော်၊ ကယားပြည်နယ်ခရီးစဉ် အပိုင်း (၂)

by Myint Oo Tha for Food Magazine

          လွိုင်ကော်မြို့ကိုရောက်ပြီး ဒုတိယနေ့ မနက်စောစောမှာ အိပ်ရာထကာ ဟိုတယ် လွိုင်ကော်အနီးပတ်ဝန်းကျင်ကို လမ်းလျှောက်ထွက်ခဲ့တယ်။ ဟိုတယ်နား အနီးတစ်ဝိုက်မှာပဲ ငွေတောင်ပြည်တိုင်းရင်းသား ရိုးရာအထည်ဆိုင်လေးတွေ့တော့ ပျော်သွားတယ်။ ဒါပေမဲ့ စောသေးတဲ့အတွက် ဆိုင်က မဖွင့်သေးပါဘူး။ နောက်တစ်ခေါက်ပြန်လာဖို့ မှတ်ထားလိုက်တယ်။ ဟိုတယ်ပြန်လာပြီး ဟိုတယ်မှာပဲ မနက်စာစားဖြစ်လိုက်တယ်။ ပြီးတော့ ကားနဲ့ ဒီးမော့ဆိုမြို့ကိုထွက်လာခဲ့တယ်။ လွိုင်ကော်နဲ့ဆို သိပ်ပြီးမဝေးပါဘူး။ မြို့ ပြင်ထွက်ပြီး ငွေတောင်ဆည်ကျော်ပြီးတာနဲ့ တည့်တည့်သွားလိုက်ရင်  ဒီးမော့ဆိုမြို့ကို ရောက်ပါတယ်။

          ဒီးမော့ဆိုဈေးက ဘယ်နားမှာရှိသလဲဆိုတာ မသိပေမယ့် လမ်းမှာတွေ့ရတဲ့ဈေးက ပြန်လာတဲ့သူ၊ ဈေးဝယ်သွားမယ့်သူတွေကိုကြည့်ပြီး လမ်းတစ်လမ်းထဲ ချိုးဝင်ကြည့်လိုက်တော့ လူတွေ အရမ်းစည်ကားနေတဲ့ ဒီးမော့ဆိုဈေးကြီးကို တန်းပြီးတိုးတော့တာပါပဲ။

          ဈေးရှေ့မှာ ဆိုင်ကယ်တွေပြည့်ညပ်နေပြီး စည်ကားနေပါတယ်။ ထူးထူးဆန်းဆန်း တွေ့ရတာကတော့ ဖားသားအစို၊ ခရုပုစဉ်းတွေ ရောင်းချတာ တွေ့ရပါတယ်။ ကြက်ဆိုလည်း အရှင်ပဲ ခြင်းတောင်းမှာထည့်ပြီး ရောင်းချပါတယ်။ ပထမရက်က စားခဲ့ရတဲ့ ငှက်ပျောအူအရိုင်းကိုလည်း တွေ့ခဲ့ရတယ်။ ဟင်းသီးဟင်းရွက်မျိုးစုံပြီးတော့ ရွှေဖရုံသီးတွေဆိုလည်း တောင်ပုံယာပုံပါပဲ။ နာမည်ကြီးခေါင်ရည်ရောင်းတဲ့ ဈေးတန်းက သီးသန့်ရှိပါတယ်။ ကျွန်တော်ကတော့ ခေါင်ရည်ထက် ကယန်းရိုးရာမြေအိုးနဲ့ ပလိုင်းလေးတွေကို ပိုပြီးစိတ်ဝင်စားလို့ ၀ယ်ဖြစ်ခဲ့တယ်။ မြေအိုးလေးတွေ မကွဲအောင် ရန်ကုန်အရောက် သယ်နိုင်ခဲ့တယ်။ ပထမပလိုင်းတွေ့တော့ အားရ၀မ်းသာနဲ့ တစ်လုံးဝယ်လိုက်တယ်။ နောက်မှ ဈေးသည်အမျိုးသမီးကြီးကိုင်တဲ့ ပလိုင်းအဟောင်းကို ပိုပြီးကြိုက်လို့ ၂ လုံး ၀ယ်ဖြစ်ခဲ့တယ်။

          ဈေးထဲမှာ ကျွန်တော်တို့ငယ်ငယ်က ရွာမှာဆော့ ကစားခဲ့တဲ့ လောက်လေးခွလေးတွေလည်း ရောင်းတာ တွေ့ရတယ်။ ဆေးဖက်ဝင် တောင်ဆိတ်ချိုလည်း ရောင်းတယ်။ ဈေးရောက်မှတော့ ဈေးထဲမှာရောင်းတဲ့ ကယား ၀က်အူချောင်းနဲ့ ငါးထမင်းနယ်၊ ရှမ်းခေါက်ဆွဲ စားဖြစ်ခဲ့တယ်။

          ဈေးထဲမှာ လည်ပတ်ပြီးတာနဲ့ ထီးပွင့်ကန်နဲ့ ကန်ခုနစ်ဆင့်သွားဖို့အတွက် လွိုင်ကော်မြို့ဘက်ကို ပြန်လှည့်ပြီး ငွေတောင်ဆည်အလွန်နားက ညာဘက်မှာတွေ့ရတဲ့ ထီးပွင့်ကန်သို့ရေးထားတဲ့ ဆိုင်းဘုတ်အတိုင်း သွားလိုက်တာနဲ့ ထီးပွင့်ကန်ကို ရောက်ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ထီးပွင့်တာ မတွေ့ခဲ့ရပါဘူး။ အမှတ်တရ ဓာတ်ပုံရိုက်ပြီး ကန်ခုနစ်ဆင့်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။

          ပထမကန်ကိုစတွေ့တာနဲ့ မြေအရောင်က နီလာပြီး ထင်ရှူးပင်တွေလည်း များလာပါတယ်။ ရာဇ၀င်ထဲမှာ နာမည်ကြီးခဲ့တဲ့ ကန်ဖြစ်လို့ ခရီးသွားဧည့်သည်တွေ များပြီး နားနေဖို့ ကန်ပတ်ဝန်းကျင်မှာ နားနေစခန်းတစ်ခု ဖန်တီးထားပါတယ်။ ကျွန်တော်တို့ကတော့ နားနေစခန်းမှာဝင်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီးတာနဲ့ အမြင့်ဆုံးမှာရှိတဲ့ ပထမဦးဆုံး ကန်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။ တစ်လမ်းလုံး မြေနီလမ်းဖြစ်ပြီး တောင်ပေါ်က သစ်ပင်တွေဟာ အရောင်အသွေးစုံလှပါတယ်။

          ပထမကန်ပေါ်ကို ရောက်တာနဲ့ ကျွန်တော်တို့ တစ်တွေဖြတ်လာတဲ့ ကန်တွေဘက် ပြန်လှည့်ကြည့်တဲ့ အခါ ရှုခင်းက တော်တော်လေးလှပါတယ်။ ပထမကန်နားမှာ ရွာတစ်ရွာရှိပြီး ဧည့်ရိပ်သာတစ်ခုကိုလည်း တွေ့ခဲ့ ရပါတယ်။ ငယ်ငယ်ကတည်းက ကြားခဲ့ဖူးတဲ့ ဒွေးမယ်နော်တွေ ရေချိုးတဲ့ကန်ကိုတော့ ရောက်ဖူးခဲ့ပါပြီ။

          ကန်ခုနစ်ဆင့်က အပြန်မှာ ငွေတောင်ဆည်ကို ၀င်ပါတယ်။ ငွေတောင်ဆည်ကနေတစ်ဆင့် ကယန်း လူမျိုး များနေထိုင်တဲ့ ပန်ပက်ရွာကို သွားခဲ့ပါတယ်။ ပန်ပက်ရွာကတော့ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးသွားရောက်လည်ပတ်တဲ့  ရွာလေးပဲဖြစ်ပါတယ်။ ရွာအ၀င်မှာ တောင်လှေကားစိုက်ခင်းတွေရှိပြီး စပါးစိုက်တဲ့ ရာသီဆိုရင် အရမ်းကို လှပနေမယ့် နေရာလေးပါ။

          ရွာထဲမှာရှိတဲ့ ကယန်းရိုးရာအိမ်ကို ၀င်ရောက် လေ့လာပါတယ်။ ကယန်းရိုးရာမီးဖိုက အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ ဓာတ်ပုံတွေ အများကြီးရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ကယန်းအဘွားနှစ်ဦးကလည်း ရိုးရာဂစ်တာ တီးပြီး သီချင်းနဲ့ ဖျော်ဖြေဧည့်ခံပါတယ်။ ကယန်းရိုးရာ ချည်ထည်များ ၀ယ်ယူချင်တယ်ဆိုလျှင်တော့ ရွာလယ်မှာ ဆိုင်လေးတွေရှိသလို ရွာကနေထွက်ပြီး လမ်းမကြီးပေါ် တက်ခါနီးမှာလည်း ရိုးရာအထည်တွေရောင်းတဲ့ ဆိုင်တွေရှိပါတယ်။

          ပန်ပက်ကနေအပြန်မှာ ဒီးမော့ဆိုမြို့ထဲကို ပြန်ဝင်ခဲ့ပြီး မြို့လယ်မှာရှိတဲ့ ဘုရားကျောင်းကို ၀င်ရောက် လေ့လာဖြစ်တယ်။ ပြီးတာနဲ့ နေ့လယ်စာစားဖို့အတွက် ဒီးမော့ဆိုကနေ  ဖရူဆိုဘက်ကိုထွက်တဲ့ လမ်းပေါ်မှာရှိတဲ့ မာကိုပိုလိုဆိုင်ဘက်ကို ထွက်ခဲ့ပါတယ်။ ဆိုင်းဘုတ်တွေ့တာနဲ့ လမ်းသွယ်လေးအတိုင်းဝင်လာတာနဲ့ အရမ်းမိုက်တဲ့ တောင်အထပ်ထပ်နောက်ခံထားပြီး ဆောက်ထားတဲ့ မာကိုပိုလိုစားသောက်ဆိုင်ကို ရောက်ပါတယ်။ Country Style ဆောက်ထားတာဖြစ်ပြီး ကယန်းရိုးရာအစားအစာ နဲ့ တရုတ်အစားအစာတွေ ရောင်းချပါတယ်။ နေ့လယ်စာ ကို မာကိုပိုလိုရဲ့  ကြက်သားသုပ်၊ ပေါက်ရွက်နဲ့ ထုပ်ထားတဲ့ ကြက်သားဟင်းထုပ်၊ ရွှေဖရုံသီးနဲ့ ပင်စိမ်းဟင်းချိုချဉ်ကြော်၊ မုန်ညင်းဖြူကြော်၊ ကယားထမင်းထောင်းတို့ကို စားဖြစ်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ကြက်သားသုပ်ပါ။ တရုတ်ဆိုင်တွေမှာ ရောင်းတဲ့ ကြက်သားပေါင်းအအေးကို အသားနွှင်ပြီး ခရမ်းချဉ်သီးထောင်း၊ မက်ခါသီးတို့နဲ့ သုပ်ထားတဲ့အတွက် အရမ်းစားကောင်းပါတယ်။

          နိုင်ငံခြားသားဧည့်သည်တွေကတော့ ညနေပိုင်းမှာ နေ၀င်ဆည်းဆာရဲ့အလှကို ခံစားကြည့်ရှုဖို့ လာကြတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ရဲ့ အရမ်းနောက်ကျနေတဲ့ နေ့လယ်စာ စားပြီးတာနဲ့ နေ၀င်ဆည်းဆာအလှကိုပါ ခံစားကြည့်ဖို့ မာကိုပိုလိုမှာပဲ ဆက်နေဖြစ်ပါတယ်။

          ဆိုင်ရဲ့အပေါ်ထပ်ကနေကြည့်လိုက်ရင် တောင်တွေ အများကြီးက အထပ်ထပ်ဖြစ်နေသလို ညနေဆည်းဆာ အလှကလည်း အရောင်အသွေးစုံလှပါတယ်။ ကျွန်တော်ကတော့ အရမ်းသဘောကျပြီး ဒီနေရာလေးကို နောက်တစ်ကြိမ်လာလည်ဖို့ စိတ်ကူးထားပါတယ်။

          ဒီနေ့ခရီးစဉ် နောက်ဆုံးကိုတော့ လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ မြို့နံဘုရားကို ဖူးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဟိုတယ်ပြန်ပြီး အနားယူ၊ ရေချိုးပြီးတာနဲ့ မြို့လယ်မှာရှိတဲ့ မြို့နံဘုရားကို ဖူးခဲ့ပါတယ်။ ညစာကိုတော့ ဟိုတယ်မှာပဲ စားဖြစ်ခဲ့ပါတယ်။

          (တတိယနေ့ ခရီးစဉ် ဆက်ပါဦးမယ်။)

Facebook Comments

Menu