လွိုင်ကော်၊ ကယားပြည်နယ်ခရီးစဉ် အပိုင်း (၁)

by မြင့်ဦးသာ for Food Magazine

          ကယားပြည်နယ်ဟာ ပြည်တွင်းပြည်ပခရီးသွားတွေ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာတဲ့ ပြည်နယ် တစ်ခုပါ။ လွိုင်ကော်မြို့က ကယားပြည်နယ်ရဲ့  မြို့တော်ဖြစ်ပြီးတော့ ခရီးသွားအများစုက  လွိုင်ကော်မြို့ကို ဦးတည်သွားရောက်ကြပြီး  အနီးပတ်ဝန်းကျင်မှာရှိတဲ့ မြို့များနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နေရာများကို သွားရောက်လည်ပတ်ကြပါတယ်။

          ကျွန်တော် ဒီနှစ်ပိုင်းမှာ ကယားပြည်နယ်ကို နှစ်ခေါက်ရောက်ဖြစ်ပါတယ်။ နွေရာသီ ဖေဖော်ဝါရီလက တစ်ခေါက်၊ မိုးဦးကျ မေလက တစ်ခေါက် ရောက်ဖြစ်ခဲ့တဲ့အတွက် ရာသီဥတု အပြောင်းအလဲအလိုက်  မတူညီတဲ့ ရှုခင်းတွေကို ခံစားခဲ့ရသလို ရာသီစာသီးနှံနဲ့ ဟင်းသီးဟင်းရွက်များကိုလည်း မြည်းစမ်း လေ့လာခွင့်တွေရရှိခဲ့လို့ ကျွန်တော့်အတွက် အတွေ့အကြုံအများကြီးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ် ဖြစ်ခဲ့ပါတယ်။

          ကယားပြည်နယ် လွိုင်ကော်ကို သွားရောက်လည်ပတ်မယ်ဆိုရင် လေကြောင်းနဲ့ သွားလာနိုင်သလို ကားနဲ့လည်း သွားရောက်နိုင်ပါတယ်။ ကားနဲ့သွားမယ်ဆိုရင် နေပြည်တော်  ပင်လောင်းလမ်းကနေ သွားရောက်နိုင်သလို ကလောကနေ ပင်လောင်းကိုဖြတ်ပြီး လွိုင်ကော်ကို သွားနိုင်ပါတယ်။

          နေပြည်တော် ပင်လောင်းလမ်းကတော့ တောင်ဆင်း၊ တောင်တက်များသလို ရှုခင်းတွေက အရမ်းလှတဲ့ တောင်ပေါ်လမ်းပါ။ ဒီလမ်းက သွားမယ်ဆိုရင်တော့ လိန်းလီကြိုးတံတားကို ဖြတ်ရမှာဖြစ်ပြီး အမှတ်တရ ဓာတ်ပုံလှလှတွေရိုက်ဖို့ အခွင့်အရေးရမှာဖြစ်ပါ တယ်။

          နောက်တစ်လမ်းကတော့ ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မောင်းပြီးတော့ ပျော်ဘွယ်မြို့ကနေ ကလောကိုသွားတဲ့ လမ်းအတိုင်း မောင်းပြီး ကလောမြို့အလွန် တိုးဂိတ်ကျော်တာနဲ့ ညာဘက်ကို ချိုးတဲ့လမ်းအတိုင်း သွားရမှာဖြစ်ပါတယ်။ ဒီလမ်းက မြင်းမထိဂူကို ဖြတ်သွားပြီး မြင်းမထိဂူပတ်ဝန်းကျင်မှာလည်း စိုက်ခင်းနဲ့ တောင်တန်းတွေက အရမ်းကိုလှနေလို့ ကားရပ်ပြီး ဓာတ်ပုံမရိုက်ဘဲ မနေနိုင်အောင် ဆွဲဆောင်မှုရှိတဲ့နေရာလေးတွေပါ။

          ကျွန်တော်ကတော့ အသွားမှာ ကလောလမ်းကသွားပြီး အပြန်မှာတော့ ပင်လောင်း နေပြည်တော် လမ်းကနေ ပြန်ဆင်းဖြစ်တဲ့အတွက် မတူညီတဲ့ အလှအပတွေကို ခံစားခဲ့ရတယ်။ ပင်လောင်း နေပြည်တော်လမ်းက ကျွန်တော်သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေထဲမှာ တောင်တွေအများဆုံး ဖြတ်ခဲ့ရတဲ့လမ်းပါ။

          ကျွန်တော်တို့တစ်တွေ ရန်ကုန်ကနေ စောစောထွက်ပြီး ကလော၊ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့ကို ဖြတ်ကျော်ပြီးတော့ ညနေစောင်းမှ လွိုင်ကော်မြို့ကို ဝင်ပါတယ်။ ရောက်ရောက်ချင်း ဟိုတယ်ကို တန်း မသွားဘဲ အားလုံးက ဆာနေကြပြီဆိုတော့ ညစာစားဖို့ ရှာရတော့တာပါပဲ။ ညပိုင်းဆိုတော့ ဘာစားရမှန်း လည်းမသိ၊ ဘယ်နေရာ သွားစားရမှန်းလည်း မသိဖြစ်နေတော့ ဟိုတယ်နဲ့ အနီးစပ်ဆုံးနေရာ မီးရောင် ဖျော့ဖျော့အောက်က လှမ်းပြီးမြင်နေရတဲ့ ရေကန်ကြီးဘေးအတိုင်း မောင်းပြီးသွားတာနဲ့ ရှမ်းခေါက်ဆွဲ ရောင်းတဲ့ ဆိုင်လေးမှာပဲ ရှမ်းခေါက်ဆွဲကို ညစာအဖြစ် စားဖြစ်ခဲ့တယ်။ ဗိုက်ကလည်းဆာပြီး ရာသီဥတုက လည်း အေးအေးလေးဆိုတော့ အရမ်းစားလို့ကောင်းတဲ့ ညစာဖြစ်ခဲ့ရတယ်။

          စားပြီးတာနဲ့ ဟိုတယ်ကို လှမ်းဖုန်းဆက်ပြီးတော့  ရေကန်ဘေးကနေ ဟိုတယ်ကို အရောက်သွားလိုက်တယ်။ နောက်နေ့မနက်ကျမှ ညက ကျွန်တော်တို့ဖြတ်ခဲ့တဲ့ ရေကန်ကြီးက နောင်ယားကန်မှန်း သိလိုက်ရတယ်။

          နောက်နေ့မနက်မှာတော့ ထုံးစံအတိုင်း မနက်စောစောထကာ ဟိုတယ်ဝင်းထဲ လမ်းလျှောက်ပြီး ကြည့်၊ စိုက်ပျိုးထားတဲ့ ဒေသထွက် ပန်းမျိုးစုံလေးတွေကို လိုက်ကြည့်တဲ့အခါမှာ ဖယောင်းသစ်ခွတွေ အများကြီးတွေ့ရသလို သဘာဝသစ်ခွမျိုးစုံကိုလည်း တွေ့ရတယ်။ ဟိုတယ်မှာ မနက်စာစားရင်း ဒေသ အစားအစာအကြောင်းတွေကို မေးဖြစ်တယ်။ ပြီးတော့ လွိုင်ကော်မြို့ပေါ်မှာရနိုင်တဲ့  ဒေသအစားအစာ ရောင်းတဲ့ဆိုင်တွေက စမေးပြီး မှတ်ထားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကယားလူမျိုးတွေရဲ့ ရိုးရာအစား အစာနဲ့ နေ့စဉ်ချက်စားနေကျ အစားအစာလေးတွေကိုလည်း သိချင်လို့ မေးဖြစ်လိုက်တယ်။

          ကျွန်တော်တို့ ဒီနေ့သွားမယ့်နေရာလေးကတော့ ခူးပရာဆိုတဲ့ ရွာလေးပါ။ ဒီနေ့ အဲဒီရွာလေးမှာ ဘုရားကျောင်းဖွင့်ပွဲရှိတဲ့အတွက် သွားပြီးလေ့လာကြမှာပါ။ ကျွမ်းကျင်တဲ့ လမ်းပြတစ်ယောက်ကို ဟိုတယ်က ထည့်ပေးလိုက်ပါတယ်။ ဟိုတယ် Reception မှာပဲ ဒီပွဲမှာ သီချင်းဆိုကြမယ့် ရန်ကုန်က အဆိုတော်များနဲ့လည်း ဆုံဖြစ်ခဲ့တယ်။

          ခူးပရာရွာကို သွားမယ်ဆိုရင် လွိုင်ကော်မြို့ကနေ ငွေတောင်ဆည်ကိုကျော်ပြီး ဒီးမော့ဆိုမြို့ အဝင်လမ်းဆုံရောက်ရင် ညာဘက်ကို ချိုးပြီးသွားရပါတယ်။ ဒီလမ်းက ကယားပြည်နယ်က နာမည်ကြီး ပန်ပက်ရွာကိုသွားတဲ့လမ်းပါ။ ပန်ပက်ရွာရောက်ရင် ရွာဘက်မချိုးဘဲ သံတောင်ဆင်းတဲ့ဘက်ကို ဆက်ပြီး မောင်းရမှာဖြစ်ပါတယ်။

          ပန်ပက်ရွာကျော်ကျော်လေးမှာ ရှုခင်းတွေက အရမ်းကိုလှပါတယ်။ တောင်စောင်းမှာ အိမ်လေးတွေ တန်းစီဆောက်ထားတာက အမြင်မှာ အရမ်းကိုလှနေပါတယ်။ ဒီရာသီက သီးနှံရိတ်သိမ်းပြီးခါစ ဖြစ်တဲ့အတွက် မြင်ရသမျှရှုခင်းတွေက အနီရောင်သန်းလို့ နေပါတယ်။

          ကားကို ဆက်မောင်းပြီး သံတောင်ဘက်ကိုဆင်းတဲ့ လမ်းအတိုင်း ဆက်မမောင်းဘဲ ခူးပရာရွာ ဆိုင်းဘုတ်ကို မြင်တာနဲ့ ဘယ်ဘက်ကိုချိုးဝင်ပြီး တောင်တက်လမ်းအတိုင်း ဆက်ပြီးမောင်းလိုက်တဲ့အခါ  အရမ်းကိုလှနေတဲ့ တောင်လှေကားစိုက်ခင်းတွေနဲ့ တန်းပြီးတိုးတော့တာပါပဲ။ ဒီလိုရှုခင်းတွေကို Calendar တွေထဲမှာပဲ မြင်ဖူးခဲ့ပြီး ဒီနေရာကို ကိုယ်တိုင်ရောက်လာရတဲ့ ပီတိကတော့ အတိုင်းထက်အလွန်ပါပဲ။ လမ်းတစ်ဝက်လောက် ရောက်တော့ ကားကိုရပ်ခိုင်းပြီး တောင်ကုန်းလေးပေါ်တက်ကာ ရှုခင်းလေးတွေကို အားရပါးရ ကြည့်နေမိတယ်။ လမ်းရဲ့ ဘယ်ဘက်နဲ့ ညာဘက်က ချောက်ကမ်းပါး တစ်လျှောက်မှာ တောင်လှေကားစိုက်ခင်းတွေရဲ့ အလှက ပန်းချီကားတစ်ချပ်လိုပါပဲ။ တချို့ရှုခင်းတွေဆိုရင် တောင်အထပ်ထပ်နဲ့ စိမ်းစိုနေလို့ နယူးဇီလန်လို အလှမျိုးပါ။ ဒီရှုခင်းတွေကြည့်နေတဲ့ နေရာလေးကနေ  ခူးပရာရွာကို ဆက်မယ်ဆိုရင်  တောင်လှေကား စိုက်ခင်းရှိရာ တောင်အောက်ကို ကားမောင်းပြီး ပြန်ဆင်းရဦးမှာပါ။ ချောက်ကမ်းပါးလိုလို၊ လျှိုမြောင်လိုလိုနေရာကို ဖြတ်ကျော်ပြီး တောင်ပေါ်ကို ပြန်တက်ရဦးမှာပါ။ တောင်ပေါ်ရောက်တဲ့အခါ ဖြတ်ကျော်ခဲ့ရတဲ့လမ်းကို ပြန်ကြည့်တဲ့အခါမှာလည်း တအံ့တသြနဲ့မို့ ကားသမားကို ရပ်ခိုင်းပြီး အမှတ်တရဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်မိတယ်။ ခူးပရာ ရွာဘက်ကို လှမ်းကြည့်တဲ့အခါမှာလည်း စိမ်းစိုနေတဲ့ တောင်အထပ်ထပ်ကြားက ဖြူဖွေးနေတဲ့ ဘုရားကျောင်းကို မြင်လိုက်ရတဲ့အခါမှာ နိုင်ငံခြားရုပ်ရှင်တွေထဲက မြင်ကွင်းမျိုးပါပဲ။

          ခူးပရာရွာလေးက ကျွန်တော်တို့အောက်ပြည်က ရွာတွေလို မြေပြန့်မှာ တညီတည်းရှိနေတဲ့ ရွာမျိုးမဟုတ်ပါဘူး။ တောင်ပေါ်၊ တောင်စောင်းနဲ့ တောင်ကမ်းပါးတွေမှာ တည်ရှိနေတာပါ။ ဒီနေ့က ပွဲတော်ရှိတဲ့အတွက် ခူးပရာရွာရဲ့ အနီးအနား (အနီးအနားဆိုပေမယ့် တောင်နှစ်လုံး၊ သုံးလုံးကို လမ်းလျှောက်ပြီး လာရတာပါ။) ရွာက လူမျိုးနွယ်စုပေါင်းစုံ လာရောက်ကြတဲ့အတွက် သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံတွေက ကွဲပြားကြပါတယ်။ ဒီလိုမျိုး တစ်နေရာတည်းမှာ တွေ့နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ အဲဒါကြောင့် အမှတ်တရပုံတွေ အများကြီးရအောင် ယူဖြစ်ခဲ့တယ်။

          ကျွန်တော့်အတွက် စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ပွဲတော်လာကြတဲ့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံတဲ့ ဓလေ့ထုံးစံပါပဲ။ အဲဒါကြောင့် ရွာသားတွေ စုဝေးချက်ပြုတ်တဲ့နေရာကို အရောက် သွားပြီးတော့ လေ့လာခဲ့ပါတယ်။ ကယားပြည်နယ်မှာ အမဲသားကို အများဆုံးစားကြပြီး ဒီလိုပွဲတော်ရက် မှာလည်း အမဲသားဟင်းနဲ့ ကျွေးမွေးကြပါတယ်။ ချက်ပြုတ်တဲ့နေရာရောက်တော့ တောင်စောင်းက သစ်ပင်ကြီးတစ်ပင် အောက်မှာ လင့်စင်ထိုးပြီး ချက်ပြုတ်ဖို့အတွက် အသားများကို လှီးခုတ်နေကြပါတယ်။ အဲဒီကနေတစ်ဆင့် တောင်စောင်းလေးအတိုင်း ဆက်ပြီးဆင်းလိုက်တဲ့အခါ တဲကြီးရဲ့ အောက်မှာ မီးဖိုတွေ ဖိုပြီး မိုးဗြဲဒယ်တွေနဲ့ ဟင်းချက်နေတာကို တွေ့ရပါတယ်။ ပွဲတော်က သုံး၊ လေးရက်ကျင်းပတာဖြစ်ပြီး လာသမျှ ဧည့်သည်အားလုံးကို တစ်နေကုန် ကျွေးမွေး တယ်လို့ သိရပါတယ်။

          မီးဖိုချောင်ကနေ တောင်စောင်းလေးအတိုင်း တက်လိုက်တဲ့အခါ ထမင်းကျွေးမွေးတဲ့နေရာကို ရောက်ပါတယ်။ ထမင်းကို ထိုင်ပြီး စားကြတာမဟုတ်ဘဲ ခပ်မြင့်မြင့်ဝါးနဲ့လုပ်ထားတဲ့ ယာယီစားပွဲမှာ ပန်းကန်တွေတင်ပြီး အားရပါးရစားနေကြတာ အရမ်းကို အံ့သြကြည်နူးရပါတယ်။ အမဲသားဟင်းနှင့် ကုလားအော်သီးကို ဆားနဲ့တို့ပြီး စားနေကြတာ အားရပါးရပါပဲ။ ပြီးတော့ စားပြီးရင် လက်ဆေးဖို့အတွက် လက်ဆေးကန်လေးကလည်း ထူးဆန်းလှပါတယ်။ ဝါးဘိုးဝါးကြီးကြီးတစ်လုံးကို အပေါက်ဖောက်ပြီး အသား ချောင်းနဲ့ ပိတ်ပေးထားပါတယ်။ လက်ဆေးချင်ရင် အသားချောင်းလေးကို ဖွင့်ပြီးတော့ ကျလာတဲ့ရေနဲ့ လက်ဆေးကြပါတယ်။ အားလုံးတန်းစီပြီး လက်ကို ရေဆေးနေကြတာ ပျော်စရာကြီးပါ။ ရိုးရာဓလေ့အရ ကျွေးမွေးမှုအစီအစဉ်မှာ စည်းကမ်းရှိပြီး တာဝန်ခွဲမှုကို အိမ်နံရံမှာ ကပ်ထားတဲ့ တာဝန်ကျ လူငယ်စာရင်းလေးကို တွေ့လိုက်ရတော့လည်း ကြည်နူးမိပြန်ပါတယ်။

          ကျွန်တော်တို့ကတော့ အထူးဖိတ်ထားတဲ့ဧည့်သည်တွေဖြစ်တဲ့အတွက် ဟင်းမျိုးစုံနဲ့ ဧည့်ခံပါတယ်။ ရိုးရာဟင်းတစ်မျိုးကတော့ ငှက်ပျောပင်အရိုင်းကို  ပဲကျားနဲ့ချက်တဲ့ဟင်းပါ။ ဒီဟင်းကတော့ ပွဲတိုင်းမှာ မပါမဖြစ်တဲ့ ဟင်းတစ်ခွက်ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့တစ်တွေလာခဲ့တဲ့ လမ်းတစ်လျှောက်မှာလည်း ငှက်ပျောအရိုင်းပင်တွေကို တွေ့ခဲ့ရပါတယ်။ ကျွန်တော့်ကို ထမင်းမြိန်စေတဲ့ ဟင်းနှစ်ခွက်ကတော့ ပဲပုပ်ငရုတ်သီးကြော်စပ်စပ်နဲ့ ငှက်ပျောအရိုင်း ပဲကျားဟင်းချိုပါပဲ။

          ထမင်းစားပြီးတော့ ရွာရိုးလျှောက်ပြီး လေ့လာပြီးတာနဲ့ လွိုင်ကော်မြို့ကို ပြန်လာခဲ့ပါတယ်။ မြို့ထဲ ရောက်တာနဲ့ အချိန်ရသေးလို့ တောင်ကွဲစေတီအနီးအနားမှာရှိတဲ့ ဂန်တရဝတီ ဟော်နန်းကို သွားရောက် ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီဟော်နန်းကြီးက စာသင်တိုက်ဖြစ်နေပါပြီ။ ကျောင်းပေါ်မှာ စော်ဘွား မျိုးနွယ်တွေရဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲထားပါတယ်။ ဒီဟော်နန်းရဲ့ မျက်နှာစာမှာ လှေကားနှစ်စင်းရှိပါတယ်။ အဲဒီလှေကားကို မြေကြီးမထိဘဲ အုတ်ခုံအမြင့်ခံပြီး တည်ဆောက်ထားပါတယ်။ (အခုအချိန်မှာတော့ လှေကားကို အောက်ခြေအထိ ပြန်ပြီးဆောက်ထားပါတယ်။) ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်က စော်ဘွား တွေက ဆင်စီးပြီး သွားလာကြတဲ့အတွက် ဟော်နန်းပေါ်ကနေ ဆင်ပေါ်အထိ တက်နိုင်အောင် ဆောက်ထားတာကို တွေ့ရပါတယ်။ အခုအချိန်ထိ စော်ဘွားများ ဆင်စီးတဲ့အခါမှာ ထိုင်တဲ့ ကျွန်းသား ပုခက်ကိုလည်း ပြသထားပါတယ်။ ဟော်နန်းပေါ်ကနေလည်း တောင်ကွဲစေတီကို လှမ်းပြီးဖူးမြော်နိုင်ပါတယ်။

          ကျွန်တော်တို့ ဟော်နန်းကနေ တောင်ကွဲစေတီရောက်တော့ ညနေစောင်းနေပါပြီ။ တောင်ထိပ်ပေါ်မှာ ဘုရားဖူးပြီး လွိုင်ကော်မြို့ရဲ့  ညနေဆည်းဆာအလှကို ခံစားခဲ့ပါတယ်။ ညစာကိုတော့ Sunday Club မှာ ကယားရိုးရာအစားအစာတွေကို စားဖြစ်တယ်။ အဲဒီညက စားဖြစ်တဲ့ အစားအစာတွေကတော့ ကယားဆန်ပြုတ်၊ ကယားအမဲသားသုပ်၊ ကယားခရုစွပ်ပြုတ်၊ ကယားဝက်သားစွပ်ပြုတ်၊ ကယားဟင်းထုပ် တို့ပါ။ အစားအစာ အားလုံးက ပူပြီး ထုံတဲ့ဘက်ကို သွားပါတယ်။ ဟင်းတိုင်းမှာ မက်ခါသီးထည့်ပြီး ချက်တဲ့ အတွက်ကြောင့်ပါ။ ကျွန်တော်ကတော့ တရုတ်စီချွမ်းအစားအစာတွေကို ကြိုက်နှစ်သက်တဲ့သူဖြစ်တဲ့ အတွက် လျှာပေါ်မှာ ထုံပြီးကျန်နေတဲ့ အရသာကိုကြိုက်တယ်။ ကယားဟင်းထုပ်က ပေါက်ရွက်နဲ့ ထုပ်ထား တာဖြစ်ပြီး ပေါက်ရွက်ကိုပါ စားလို့ရတဲ့အတွက် ကျွန်တော့်အတွက်  ထူးဆန်းပြီး ဗဟုသုတလည်း ရပါတယ်။ ကယားပြည်နယ်ရောက်တုန်း ကယားရိုးရာအစားအစာတွေကို မြည်းစမ်းခွင့်ရလို့ ပျော်ရွှင်မှုတွေနဲ့အတူ ကယားပြည်နယ် ပထမနေ့ကို ဖြတ်သန်းနိုင်ခဲ့ပါပြီ။

          (နောက်လမှာ ကယားပြည်နယ်ခရီးစဉ်အကြောင်းကို ဆက်ပါဦးမယ်။)

Facebook Comments

Menu