ရှမ်းမြောက်ပိုင်း လက်ဖက်ခရီးစဉ် အပိုင်း (၂) ဇယန်းရွာမှ လက်ဖက်လုပ်ငန်းနှင့် ရိုးရာပလောင်ဟင်းလျာများ

by Ko Thit Htoo for Food Magazine

ယခင်လမှ အဆက်

          မန္တလေးကနေ ညနေ ၅ နာရီလောက်မှ ထွက်ဖြစ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ မန္တလေး ပြင်ဦးလွင်၊ သီပေါ ကားလမ်းကြောင်း အတွေ့အကြုံကတော့ မှောင်နဲ့မည်းမည်းပေါ့ဗျာ။ အကွေ့အဝိုက်များတဲ့ တောင်ပေါ်အတက်လမ်းတွေကို ဂရုစိုက်မောင်းရင်း ည ၉ နာရီ သာသာမှာတော့ ကျောက်မဲမြို့ကိုရောက်ပြီး မော့စ်စားသောက်ဆိုင်မှာပဲ ညစာစားလိုက်ကြပါတယ်။ ထမင်းကို ဟင်းအစုံနဲ့ ပုံစံပန်းကန်မှာ စိတ်ကြိုက်ရွေးချယ် မှာယူစားသောက်နိုင်မယ့် ဆိုင်လေးဖြစ်ပါတယ်။ ဟင်းအမည် ၁၀ မျိုးလောက်ကို အသင့်ပြင်ဆင်ပေးထားတဲ့ ဆိုင်မှာတော့ အဝေးပြေး ဘတ်စ်ကားကြီးတွေလည်း ဝင်ရောက်ရပ်နားပြီး စားသောက်ကြမယ့်ပုံစံမျိုး ဖြစ်ပါတယ်။ ဒေသစာ ခေါပုပ်၊ ဆားချိုသီး၊ ရှမ်းငရုတ်သီး၊ ဆီတို့ဟူး၊ ကြက်သွန်ချဉ် စတာတွေလည်း အထုပ်အပိုးပုံစံမျိုးစုံနဲ့ ရောင်းချပေးနေတာ တွေ့ရပါတယ်။ ညစာ စားသောက်ပြီးနောက်မှာတော့ သီပေါရောက်ဖို့ ကျန်နေသေးတဲ့ ခရီးကို ဆက်ရပါတယ်။

          သီပေါကို ည ၁၁ နာရီလောက်မှာရောက်ပြီး ကိုယ်စီကိုယ်င အခန်းတွေယူကြပြီး ချစ်စရာကောင်းတဲ့ အခန်းအပြင်အဆင်လေးတွေနဲ့ ပြည့်နေတဲ့ Resort ခန်းလေးမှာ တစ်ညတာ ကုန်လွန်ခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ကျွန်တော် တစ်ညအိပ်ပြီးသွားတဲ့ River Side @ Hsipaw Resort ကို သေသေချာချာ လှည့်ပတ်ကြည့်မိပါတော့တယ်။ အခုမှ Wow!!! ဖြစ်သွားတာပါ။ ညက ကိုယ်အိပ်တဲ့ အခန်း၊ အိပ်ရာ၊ ရေချိုးခန်းလောက်ပဲ သတိထားမိပြီး အခန်းအနောက်ဘက်က ဒုဋ္ဌဝတီမြစ်ကိုတော့ မနက်မိုးလင်းမှပဲ တွေ့မိပါတော့တယ်။ မနက်စောစော ဝရန်တာမှာထွက်ထိုင်ပြီး တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေကို ထိုင်ကြည့်နေရတာလည်း စိတ်ကြည်လင်လန်းဆန်းမှုကို ဖြစ်စေပါတယ်။ မနက်စာစားဖို့ ဟိုတယ်ရဲ့  စားသောက်ခန်းမနေရာကို ထွက်တဲ့လမ်းကလည်း ကွန်ကရစ်လမ်းသွယ်လေးနဲ့ ဝါးပင်လေးတွေ၊ ပန်းပင်လေးတွေ၊ နွယ်ပင်လှလှလေးတွေနဲ့ ပြည့်နှက်နေပြီး ၂ ခန်းတွဲ ဘန်ဂလိုအိမ်လေးတွေက တောအုပ်ထဲက အိမ်လေးတွေအတိုင်း အေးချမ်းတိတ်ဆိတ်တဲ့ ခံစားမှုမျိုးကို ရစေပါတယ်။ ဟိုတယ်ရဲ့ စားသောက်ခန်းမကတော့ လဟာပြင်ပုံစံ ဆောက်လုပ်ထားတာဖြစ်ပြီး ဟိုတယ်ဧည့်ကြိုဆောင်နဲ့ ကပ်လျက်မှာ ရှိပါတယ်။ သူလည်း မြစ်ကမ်းနံဘေးမှာဆိုတော့ မနက်စာစားနေရင်း မြစ်ရှုခင်းကို ခံစား နိုင်မှာ ဖြစ်ပါတယ်။ ဝေးလံတဲ့ဒေသဖြစ်လို့ အစားအစာများက အကန့်အသတ်ရှိပေမယ့် နံနက်စာအတွက် ရသမျှ ရှမ်းခေါက်ဆွဲ၊ ထမင်းကြော်၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ကော်ဖီ၊ ဒိန်ချဉ်၊ သစ်သီးဖျော်ရည်များက သန့်ရှင်း၊ အရသာရှိပြီး လတ်ဆတ်လှပါတယ်။ မနက် ၉ နာရီလောက်မှာတော့ ရှမ်းမြောက်ပိုင်း နမ့်ဆမ်ဒေသမှာရှိတဲ့ ဇယန်းရွာကို အရောက်သွားဖို့ ခရီးဆက်ခဲ့ပါတယ်။ မွန်းတည့် ၁၂ လောက်မှာတော့ ရှမ်းပြည်နယ် အရှေ့ဘက် တောင်တန်း ကြီးပေါ်က ဘယ် ညာ အိမ်တန်းတွေရှိတဲ့ ရွာလယ်လမ်းသာသာနဲ့ ဇယန်းရွာကို ရောက်ခဲ့ပါပြီ။ ရွှေပလောင်တို့အခြေချရာ ဇယန်းရွာမှာတော့ မြန်မာ့အထင်ကရ ဇယန်းလက်ဖက်ထွက်ရှိရာ လက်ဖက်ခင်းတွေမှာ တောင်သူတွေက ပလိုင်းလွယ်ပြီး လက်ဖက် ဆွတ်နေတဲ့မြင်ကွင်းကို အဝေးကတည်းက လှမ်းပြီး မြင်နေရပါပြီ။

          ရိုးရှင်းလှတဲ့ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ထားကြတဲ့ ဒီရွာလေးမှာတော့ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းက လက်ဖက်စိုက်ခြင်း၊ လက်ဖက်ဆွတ်ခြင်းနဲ့ လက်ဖက် သန့်စင်ပြီး လက်ဖက်စိုလုပ်တဲ့လုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြပါတယ်။ တစ်ရွာလုံး နီးပါး လက်ဖက်စိုထုတ် လုပ်ငန်းလေးတွေကို အိမ်တော်တော်များများမှာ လုပ်ကိုင်ကြတာ တွေ့ရပြီး ကျန်ရွာသားတွေက လုပ်ငန်းလုပ်ကြတဲ့ အိမ်တွေမှာ ဝိုင်းဝန်းလုပ်ကိုင်ပေးကြသလို တစ်ပိုင်တစ်နိုင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ကား၊ ဆိုင်ကယ်ဝပ်ရှော့ အလုပ်ရုံလေးတွေအပြင် ရွာမှာရှိတဲ့ လက်ဖက်လုပ်ငန်းလုပ်ကိုင်သူတွေ အားထားရမယ့် စက်ပြင်လုပ်ငန်းလေးတွေဖွင့်ပြီးတော့လည်း ရွာရဲ့လိုအပ်ချက်တွေကို တစ်ထောင့် တစ်နေရာကနေ ဖြည့်ဆည်းပေးရင်း အေးချမ်းစွာနေထိုင်ကြတဲ့ လူနေမှုစရိုက်လေး ကိုလည်း လေ့လာသတိထားမိခဲ့ပါတယ်။

ထမင်းမြိန်တဲ့ ပလောင်ဟင်းတွေနဲ့ နေ့လယ်စာ

          နေ့လယ်စာကိုတော့ လက်ဖက်လုပ်ငန်းလုပ်တဲ့ အိမ်တစ်အိမ်က တာဝန်ယူပေးပြီး ပလောင်ဟင်းမျိုးစုံနဲ့ တည်ခင်းဧည့်ခံပေးပါတယ်။ လက်ဖက်ထွက်ရာဒေသဖြစ်လို့ လက်ဖက်စိမ်းရွက်ကို ဆန်မုန့်အနှစ်နဲ့ အကြွပ် ကြော်ထားတာလေးကို အရင်မြည်းစမ်းကြည့်မိပါတယ်။ အရမ်းဆာနေတဲ့ အချိန်ဖြစ်တာရယ်၊ အစား မြင်ရင် အငမ်းမရ ဖြစ်တတ်တဲ့ ကျွန်တော့်အကျင့်ရယ်ကြောင့် လက်ဖက်ရွက်ကြော်ရဲ့ ပုံလေးရိုက်ဖို့ မေ့သွားတယ်။ ပုံလေးပြန်မပြနိုင်တာ ခွင့်လွှတ်ပေးပါ။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ဟင်းက ပလောင်သီးစုံတောင်ယာဟင်းပါ။ ဖရုံသီးလို၊ ခရမ်းသီးလိုတွေကို အတုံးအကြီးကြီးတွေလှီးပြီး လုံးချက်ချက် ထားတဲ့ အသီးအရွက်စုံဟင်းမျိုးပါ။ အိမ်တွေပေါ် နွယ်တက်နေတဲ့ စူကာသီးလို့ဒေသခေါ်ကြပြီး ကျွန်တော် တို့သိတဲ့ ဂေါ်ရခါးသီးလည်းပါရဲ့။ အညွန့်လည်းပါရဲ့။ ပျစ်ပျစ်နှစ်နှစ်နဲ့ အသီးအရွက်တွေရဲ့ အရသာချိုမြမြက ဘယ်ဟင်းခတ်မှုန့်မှမပါဘဲ အရသာထူးခြားတဲ့ သဘာဝဟင်းအမည်တစ်မျိုး ဖြစ်ပါတယ်။ နောက်ထပ်တစ်မျိုးကတော့ မှိုအမည်း၊ တောင်တမာသီး၊ ဂျူးမြစ်၊ ကြွက်နားရွက်၊ ဝက်ခေါက်၊ ဆန်မှုန့်တို့ပါတဲ့ ပလောင် ဟင်းချိုရည်တစ်မျိုးပါ။ အရည်သောက်ဆမ်းပြီး စားကောင်းတဲ့ ဟင်းချိုရည် တစ်မျိုးကတော့ တောင်ပေါ်သားတိုင်းရဲ့ အကြိုက်ဖြစ်သလို ကျွန်တော်တို့အဖွဲ့လည်း အကြိုက်တွေ့ခဲ့ရတဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ နောက်ထပ်ခံတွင်းပွင့်စေတဲ့ ဂျူးမြစ်ထောင်း၊ ကြက်သားကို မှိုအမည်းနဲ့ချက်တဲ့ဟင်း၊ ငါးကြင်းကို ကြက်သားချက်တဲ့ ပုံစံအတိုင်း မှိုအမည်းနဲ့ ချက်တဲ့ဟင်း စတဲ့ရိုးရာဟင်းတွေမှာ ဆီဆိုတာ မပါသလောက်ပါပဲ။ ဒါကြောင့်လည်း တောင်ပေါ် ဒေသနေသူတွေဟာ ရောဂါဘယကင်းကင်းနဲ့ အသက်ရှည်ပြီး ကျန်းကျန်းမာမာ နေနိုင်ကြတာ ဖြစ်ပါလိမ့်မယ်၊ နောက်ထပ်ထမင်းဝိုင်းမှာ ရှိနေသေးတာက ကြက်အတုံးကြော်နဲ့ အမဲသားလွှာကြော်တွေ ဖြစ်ပါတယ်။ စုံလင်လှတဲ့ဟင်းအမည်တွေကို ကုန်အောင်လည်းစားမှ နယ်ခံတွေက ကျေနပ်ကြပါတယ်။

တောင်ပေါ်လက်ဖက်ခင်း 

          ထမင်းစားပြီးနောက်မှာတော့ သိပ်ကို ရောက်ချင်နေတဲ့ လက်ဖက်ခင်းတွေဆီ သွားပြီး လေ့လာရပါပြီ။ တောင်သူတွေ လက်ဖက်ခူးနေတာကို မှတ်တမ်းတင်ပြပြီး နာမည်ကြီးလှတဲ့ ဇယန်းလက်ဖက်ခင်းတွေကို လေ့လာဖြစ်ခဲ့ပါတယ်။ လက်ဖက်ပင်တွေက လက်ဖက်ရွက်တွေကို လက်ဖက်ခူးရာသီတစ်ရာသီ ကုန်ဆုံးချိန် ၁၁ လပိုင်းမှာ ပင်လုံးကျွတ်ခူးဆွတ်ပြီး နောက်ထပ်ရွက်သစ်လည်း ထပ်မထွက်သေးခင်အချိန်မှာတော့ မြေအောက် မြေဆီမြေနှစ်တွေကို လက်ဖက်ပင်တွေက စုစည်းစုပ်ယူထားပြီး ၃ လပိုင်းအကုန် ၄ လပိုင်းအစ သင်္ကြန်လက်ဆေးမိုးမရွာခင် အချိန်တွေရောက်မှ ရာသီသစ်အတွက် စထွက်လာတဲ့ ရွက်နု၊ ရွက်သစ်လေးတွေက ဇယန်းရဲ့ ရွှေဖီဦးလက်ဖက်အညွန့်လေးတွေ ဖြစ်ပါတယ်။ ဒီအချိန်ကို အားလုံးသိတဲ့အတိုင်း ရွှေဖီချိန်လို့လည်း ခေါ်ပါတယ်။ အဲဒီလက်ဖက်ခင်းတွေရဲ့ ပိုမိုထူးခြားတဲ့အချက်က အော်ဂဲနစ်လက်မှတ်ရထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇယန်းလက်ဖက်များဟာ အရည်အသွေးပိုင်းမှာ နာမည်ရပြီး ဈေးနှုန်းလည်း မြင့်မားကြပါတယ်။ လက်ဖက်ခင်းကို လေ့လာအပြီးမှာတော့ လက်ဖက်စို ထုတ်လုပ်တဲ့ စက်ရုံကို ဆက်ကြပြန်ပါတယ်။ စောစောက လက်ဖက်ခင်းထဲက တောင်သူတွေ ဆွတ်ပေးလိုက်တဲ့ လက်ဖက်တွေဟာ အိတ်တွေ၊ အိတ်တွေနဲ့ တစ်သုတ်ပြီးတစ်သုတ် စက်ရုံကို ရောက်လာတယ်ဆိုရင်ပဲ လက်ဖက်စိမ်းရွက်တွေကို ဖြန့်ပြီးတော့ အမှိုက်သရိုက်ရွေးပြီး လေစုပ်ခန်းကို ပို့ရပါတယ်။ လေစုပ်ခန်းမှာ ဆန်ခါခံထားတဲ့ ကန်ကြီးတွေမှာ လက်ဖက်ရွက်တွေကို ခင်းပြီး အောက်က လေပန်ကာကြီးတွေနဲ့ ဖုန့်မှုန့်နဲ့ ရေစင်သွားအောင် စုပ်ပစ်ပြီးရင်တော့ ရေနွေးငွေ့လိုင်းဆင်ထားတဲ့ ပေါင်းအိုးကိုပို့ပါတယ်။ လုံလောက်တဲ့ ရေနွေးငွေ့ဖိအားမှာ ပေါင်းခံပြီးရင်တော့ ရေညှစ်စက်၊ လက်ဖက်လှိမ့်စက်တွေကို အဆင်ဆင့်ပို့ပြီး အိတ်တွေနဲ့ ပိတ်ပြီးတော့ စတီးကန်တွေမှာ အိတ်လိုက်ထည့်ပြီး အပေါ်က ရေကန်တစ်ဆင့်ထား၊ အလေးဖိပြီး နှစ်ပေါက်အောင်ထားပြီးမှ ကျွန်တော်တို့ စားနေကြတဲ့ လက်ဖက်ကြမ်းကို  ရပါတယ်။ ဒီလက်ဖက်ကိုမှပြန်ပြီး ချဉ်ငန်စပ်၊ ရှူးရှဲ၊ အညွန့်နှပ်စသည်ဖြင့် ပြန်လည်ဆန်းသစ်ကာ အသင့်စားနိုင်အောင် အသင့်ပြင်ဆင် ရောင်းချလာခဲ့ကြတာ ၁၅ နှစ်လောက်ပဲ ရှိပါဦးမယ်။ အရင်ကဆိုရင်တော့ ဈေးထဲမှာ အဆင်သင့်ရတဲ့ ချဉ်ငန်စပ် လက်ဖက်ရယ်၊ ဒါမှမဟုတ် လက်ဖက်ကြမ်းသက်သက် အိမ်မှာ ကိုယ့်ဟာကိုယ်နှပ်စားခဲ့ရတဲ့ အချိန်တွေကိုလည်း ပြန်အမှတ်ရမိပါတယ်။

          ညနေပိုင်းမှာတော့ ဇယန်းရွာလေးကို နှုတ်ဆက်ခဲ့ပြီး သီပေါက ဟိုတယ်ရှိရာကို ည ၈နာရီလောက်မှာပြန်ရောက်ခဲ့ပါတယ်။ ညစာကိုတော့ ဟိုတယ်မှာပဲ စားလိုက်ပြီး နောက်တစ်နေ့ အိမ်ပြန်ခရီးစဉ်အတွက် အစီအစဉ်ဆွဲပြီး အိပ်ရာဝင်ခဲ့ပါတော့တယ်။ ဒီနေရာမှာ ဟိုတယ်ညစာအကြောင်း နည်းနည်းလေး ပြောပြချင်ပါတယ်။ အရှေ့တိုင်း၊ အနောက်တိုင်း အစားအစာတော်တော်များများကို ကျွမ်းကျွမ်းကျင်ကျင် အရသာရှိအောင် ချက်နိုင်တဲ့ စားဖိုမှူးများက ဒီဟိုတယ်ကို လာရောက်ကြတဲ့ ဧည်သည်များရဲ့ စားရေးသောက်ရေးကို တာဝန်ယူကြပါတယ်။ ကျွန်တော်တို့ ညစာစားချိန် ည ၁၁ နာရီ ၁၂ နာရီအချိန်အထိ စိတ်ရှည်ရှည်နဲ့စောင့်ပြီး ချက်ပြုတ်ပြင်ဆင်ပေးတာကတော့ ဘယ်မှာမှမရနိုင်တဲ့ဝန် ဆောင်မှုပါ။ Kitchen ပိတ်တော့မှာဖြစ်လို့ ဘာမှာဦးမလဲဆိုတာ မရှိပါဘူး။ ညအိပ်ခဲ့တဲ့ ၂ ညစလုံးမှာ ည ၁ နာရီ၊ ၂ နာရီဆိုတာ မှာစားလို့ ကောင်းတုန်းပါ။ ဒီလိုဝန်ဆောင်မှုကောင်း ကောင်းပေးတာကတော့ ချစ်စရာကောင်းတဲ့ နေချင်စဖွယ် River Side @ Hsipaw ဖြစ်ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ သီပေါကနေ ကျောက်မဲက မိတ်ဆွေ တစ်ယောက်ရဲ့ အိမ်ဝင်၊ ပေးလိုက်တဲ့ လက်ဆောင်တွေဝင်မပြီး အလာလမ်းအတိုင်း မန္တလေးကို ပြန်လာခဲ့ပါတော့တယ်။ လမ်းခရီးမှာတော့ နေ့လယ်စာကို ပြင်ဦးလွင်က နာမည်လည်းကြီးပြီး အားလုံးလည်းသိပြီးသားဖြစ်တဲ့ ဒီဇင်ဘာ စားဥယျာဉ်မှာ ဝင်ပြီးတော့  လက်ရာကောင်းလေးတွေ စားသောက်ပြီးမှ ပြန်လာခဲ့တယ်ပေါ့နော် … ။

Facebook Comments

Menu