ရယ်ဒီမိတ်ခေါက်ဆွဲပြုတ်တွေစားရင် ဘာတွေ ဖြစ်လာမလဲ

 by ဒေါက်တာညီညီကျော် for Food Magazine

          ယနေ့ခေတ်မှာ ခေါက်ဆွဲပြုတ်ဆိုတာကလည်း နိုင်ငံတကာက အသိအမှတ်ပြုလာတဲ့ အသင့်စား အစားအစာတစ်ခု ဖြစ်လာပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တော်တော်လေး တွင်ကျယ်လာတဲ့ အစားအစာ တစ်မျိုးပါ။

          အခုတစ်လော ဆိုရှယ်မီဒီယာတွေမှာ နာမည်ကြီး နေတာကတော့ ကိုရီးယားကလာတဲ့ ခေါက်ဆွဲပြုတ် အထုပ်တွေပါ။ ကိုရီးယားခေါက်ဆွဲပြုတ်ဆိုလို့ မြန်မာပြည်က ခေါက်ဆွဲပြုတ်တွေရော မပါဘူးလားဆိုတော့ အကုန်အကျုံးဝင်ပါတယ်။ ပထမဆုံး ပြောချင်တာကတော့ တော်တော်များများသိကြတဲ့အတိုင်း ခေါက်ဆွဲ ပြုတ်စားရင် ပထမပြုတ်ရည်ကို သွန်ပစ်ကြတဲ့ အလေ့အကျင့်ပါ။ ဒါလည်းကောင်းပါတယ်။ မလွှဲသာ မရှောင်သာ စားရတော့မယ့်အခြေအနေမှာ ခေါက်ဆွဲကို ပထမဆုံး အရင်ပြုတ်ပြီး ထွက်လာတဲ့ ပထမပြုတ်ရည်မှာ ဓာတုပစ္စည်းများစွာပါဝင်နေတဲ့အတွက် သွန်ပစ်ခြင်း ပြုလုပ်သင့်ပါတယ်။

          ဒါပေမဲ့ အများပြည်သူတွေ သိထားကြတဲ့ ခေါက်ဆွဲခြောက်တွေစားရင် ဖယောင်းတွေပါတယ်။ အဲဒီ ဖယောင်းတွေက အူထဲမှာကပ်နေပြီး ကင်ဆာဖြစ်စေတယ်ဆိုတာ ကတော့ မှားယွင်းနေတဲ့ ယူဆချက်တွေပါ။

          ခေါက်ဆွဲခြောက်တွေမှာ ဖယောင်းပါတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီဖယောင်းတွေဟာ Edible Wax  လို့ခေါ်တဲ့ စားလို့ရတဲ့ ဖယောင်းတွေဖြစ်ပြီး သူက တော်ရုံ အပူချိန်မှာဆိုရင် ပျော်ကျသွားပါတယ်။ အဲဒီဖယောင်းကို မစားချင်ဘူးဆိုရင်တော့ ပထမပြုတ်ရည်ကို သွန်လိုက် လို့ရပါတယ်။ ဒါဆို အဲဒီဖယောင်းတွေက မပါသလောက် ဖြစ်သွားပါပြီ။

          အဲဒီဖယောင်းက ခေါက်ဆွဲခြောက် စားခြင်းရဲ့ အဓိကပြဿနာမဟုတ်ပါဘူး။ အဓိကကတော့-

၁။       အချိုမှုန့်နှင့် ဆားများစွာ ပါဝင်ခြင်း – ရယ်ဒီမိတ် ခေါက်ဆွဲပြုတ်တွေမှာ အချိုမှုန့် လွန်စွာပါဝင်ပါတယ်။ ပြောရရင် Sodium ဆားဓာတ် အရမ်းများပါတယ်။ ခေါက်ဆွဲပြုတ်တစ်ထုပ်မှာ Sodium ဆား ဓာတ်ပမာဏ 800 mg ပါဝင်ပါတယ်။ လူတစ်ဦးအတွက် တစ်နေ့တာကို Sodium ဆားဓာတ် ပမာဏ 2400 mg (အိမ်သုံးဆား လက်ဖက်ဇွန်း တစ်ဇွန်းစာ) သာ စားသုံးသင့်ပါတယ်။

၂။       ကယ်လိုရီပမာဏများခြင်း- ကယ်လိုရီ တော်တော်များပါတယ်။ ကိုရီးယားခေါက်ဆွဲပြုတ်လို့ ခေါ်နေ ကြတဲ့ ခေါက်ဆွဲအထုပ်တွေမှာ ကယ်လိုရီ ၅၀ဝ ကနေ ၇၀ဝ အထိ ပါနိုင်ပြီး ပုံမှန်ခေါက်ဆွဲ အထုပ်တွေမှာ ကယ်လိုရီ ၂၅၀ ကနေ ၄၀ဝ အထိ ပါနိုင် ပါတယ်။

၃။       ကယ်လိုရီများတယ်ဆိုပြီး ဝချင်တဲ့သူတွေ လိုက်စားမှာလည်း စိုးရပါတယ်။ သူက ကယ်လိုရီသာများ တာပါ။ အာဟာရမပြည့်ဝပါ။ ဆိုလိုချင်တာက ကာဗိုဟိုက်ဒရိတ်နှင့် အဆီဓာတ်သာ အဓိကပါပြီး အသားဓာတ်က မပါသလောက်ဖြစ်တဲ့အတွက် ဝချင်လို့ဆိုပြီး စားမယ်ဆိုရင်တော့ ဗိုက်ပူပြီး ကြာလာရင် ဆီးချိုနှင့် သွေးတိုးရောဂါ ဖြစ်ရုံမှအပ တခြားကောင်းကျိုး မရှိပါဘူး။

၎။       သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ ဆားဓာတ် ပမာဏ အရမ်းများတဲ့အတွက်ကြောင့်ပါ။ ကာဗိုဟိုက်ဒရိတ်များတဲ့အတွက် ဆီးချိုရောဂါဖြစ်စေနိုင်တဲ့အပြင် အဆီဓာတ် များတဲ့အတွက်လည်း သွေးတွင်းအဆီဓာတ် များစေတာကို လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

၅။       အမျှင်ဓာတ် အလွန်နည်းခြင်း – ဝမ်းချုပ်နေတဲ့သူအတွက်ကတော့ ခေါက်ဆွဲပြုတ်စားတာဟာ လုံးဝ မှားယွင်းပါတယ်။ ဝမ်းကို ပိုချုပ်စေပါတယ်။

၆။       ဗီတာမင်နှင့် သတ္တုဓာတ်တွေချို့တဲ့လာစေပါတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေမှာ ဗီတာမင်နှင့် သတ္တုဓာတ်ပါတာ နည်းပါတယ်။ ပါလျှင်လည်း အရမ်းများများစားစား မပါပြန်ပါဘူး။ သာမန်လူတစ်ယောက်က ပုံမှန်နေ့လယ်စာစားရင် အာဟာရ ပြည့်ဝပြီး ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝစွာရနိုင်ပေမယ့် နေ့လယ်စာကို ခေါက်ဆွဲခြောက်ပြုတ် စားလိုက်ရင်တော့ အာဟာရမပြည့်ဝတော့တဲ့အပြင် ဗီတာမင်နှင့် သတ္တုဓာတ်ပါ ပြည့်ပြည့်ဝ၀ မရနိုင်တော့ပါဘူး။ ဒါကြောင့် မဖြစ်မနေ ခေါက်ဆွဲခြောက်ပြုတ်စားတော့မယ်ဆိုလျှင် အသားတစ်မျိုးမျိုး သို့မဟုတ် ကြက်ဥထည့်ပြုတ်ခြင်း၊ အသီးအရွက်များ ထည့်ပြုတ်စားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

          အသင့်စားခေါက်ဆွဲပြုတ်အစား  အိမ်လုပ်ခေါက်ဆွဲပြုတ်ကို ဆားလျှော့ပြီး အသားနှင့် အရွက်တို့ကို ထည့်စားမယ်ဆိုရင်တော့ ဒါဟာလည်း ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတစ်ခုလို့ပြောနိုင်ပါတယ်။ မဖြစ်မနေ အသင့်စားခေါက်ဆွဲပြုတ်ကို ရံဖန်ရံခါ စားမယ်ဆိုရင်လည်း ကျွန်တော်ပြောပြထားတဲ့ အချက်လေးတွေအတိုင်း လုပ်စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Facebook Comments