ယခုတစ်လော လူပြောများနေတဲ့ Hydrogenated Vegetable Oil အကြောင်း

by Dr. ညီညီကျော် for Food Magazine

ပထမဆုံးအနေနဲ့ Hydrogenated Vegetable Oil ဆိုတာ တစ်နည်းအားဖြင့် Trans Fat အုပ်စုဝင်တစ်မျိုး ဖြစ်တယ်ဆိုတာ အရင်ဆုံးသိဖို့ လိုအပ်ပါတယ်။

Trans Fat ဆိုတာ မြန်မာလို “အသွင်ပြောင်းဆီ” လို့ အလွယ်ဆုံးအဓိပ္ပာယ် ဖွင့်ဆိုလို့ ရပါတယ်။

မည်သည့်အစားအစာတွေမှာ Trans Fat  တွေ ပါဝင်သလဲ။

၁။       အမဲသား၊ ဆိတ်သား၊ သိုးသား၊ အနီရောင်အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ။

၂။       အသင့်စားအစားအစာများ၊ ဘီစကွတ်၊ ကွတ်ကီး၊ အသင့်သောက်ကော်ဖီမှုန့်၊ Creamer လက်ဖက် ရည်မှုန့်။

၃။       ဆီကြော်အစားအစာများ၊ ထပ်ခါထပ်ခါ ကြော်ထား သော ဆီများ၊ အစားအစာများ။

Trans Fat  အသွင်ပြောင်းဆီတွေ စားပါများရင် ဘာဖြစ်လာမလဲ။

၁။       ကောင်းတဲ့ ကိုလက်စထရော HDL ကို လျော့ကျ စေပြီး မကောင်းတဲ့ ကိုလက်စထရော LDL ကို တက်လာစေတဲ့အတွက် သွေးတွင်း ကိုလက်စထ ရော တက်လာစေပါတယ်။

၂။       TG(Triglycerides) ကိုလည်း တက်စေပါတယ်။

၃။       နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နှလုံးသွေးကြော ကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်လေငန်း ရောဂါအထိ ဖြစ်စေနိုင်ပါတယ်။

၎။       တချို့သော သုတေသနတွေမှာတော့ ကင်ဆာ ရောဂါအထိ ဖြစ်တတ်တယ်လို့ ပြောကြပေမယ့် နောက်ထပ်စူးစမ်းလေ့လာမှုတွေ ထပ်လိုသေး တယ်လို့လည်း ဆိုထားပါတယ်။

Trans Fat  ကို ဘယ်လိုရှောင်ရှားကြမလဲ။

၁။       အသင့်စားအစားအစာတွေ စားသုံးမှုကို လျှော့ချပါ။

၂။       အသင့်စားအစားအစာတွေစားရင် အာဟာရတန်ဖိုး ပြဇယား (Nutrition Lable) ကို ဖတ်ကြည့်ပါ။ Trans Fat ပါနေရင် မစားသင့်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာ Trans Fat  ကို Nutrition Lable ထဲမှာ ဖော်ပြရင် တစ်ခါစားပမာဏမှာ ဝ.၅ ဂရမ်ထက် နည်းနေ တယ်ဆိုရင် Label မှာ သုညဂရမ်ဆိုပြီး ဖော်ပြခွင့် ပေးထားတဲ့အတွက် Trans Fat  0 gram ဆိုတိုင်း  Trans Fat  0 gram လုံးဝမပါတာမဟုတ်တဲ့ အတွက် Trans Fat  0 gram ပါတယ်ဆိုတဲ့ အသင့်စား အစား အစာတောင်မှ ကျန်းမာရေးအတွက် အဆင်ပြေ တယ်ဆိုပြီး အလွန်အကျွံ မစားသင့်ပါဘူး။

၃။       သဘာဝအတိုင်း  Trans Fat  ပါတဲ့ အစားအစာတွေ ဖြစ်တဲ့ အနီရောင်အသားတွေကတော့ တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုမစားသင့်ပါဘူး။ နို့နှင့် နို့ထွက် ပစ္စည်းတွေကတော့ သေချာကျိုချက်၍ မလိုင် ဖယ်ရှားပြီး စားပေးခြင်းဖြင့် Trans Fat  ကို လျှော့ချ ပေးနိုင်ပါတယ်။

၎။       ဆီနှစ်ပြီး ကြော်စားရတဲ့ အစားအစာတွေကို တတ်  နိုင်သမျှ လျှော့စားပေးဖို့ လိုအပ်ပါတယ်။

 

Facebook Comments

Menu