မွန်တို့ဌာနေ ရာမညပြည် မော်လမြိုင်

မွန်တို့ဌာနေ ရာမညပြည် မော်လမြိုင်

          ကျွန်တော်ရဲ့ဝါသနာကတော့ အစားအစာချက်ပြုတ်ခြင်းနဲ့ ခရီးသွားခြင်းပါပဲ။ မစားဘူးသေးတဲ့ အစားအစာတွေကို ခရီးသွားရင်းနဲ့ ရှာဖွေမယ်။ ချက်နည်းတွေကို လေ့လာမယ်။ ကျွန်တော့်နေနဲ့ကတော့ ခရီးသွားခြင်းက ကျွန်တော့်ကိုပျော်ရွှင်မှုတွေရစေပြီး စိတ်ကြည်လင်စေပါတယ်။

          လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ခရီးသွားလုပ်ငန်းတွေမစခင်ကတည်းက ကျွန်တော်ခရီးစသွားနေခဲ့တာပါ။ ကျောင်းသားဘဝကတည်းကလို့လည်း ပြောလို့ရပါတယ်။ အဲဒီခေတ်က နိုင်ငံခြားခရီးစဉ်ဆိုတာ အိပ်မက်တောင်မမက်ရဲခဲ့တဲ့အချိန်ပါ။

          ကျွန်တော်ဘယ်လောက်ထိ ခရီးသွားတာကိုမြတ်နိုးလည်းဆိုရင် အမှတ်တရရှိနေတာလေး တစ်ခု ရှိပါတယ်။ အဲဒီခေတ်ကဆိုရင် ခရီးသွားဖို့ အဝေးပြေးကားတွေလည်းမရှိသေးတော့ ရထားကိုပဲအားကိုးရ တဲ့ခေတ်ပါ။ နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်ဖို့အတွက် ရထားလက်မှတ်မရလို့ အခက်တွေ့တဲ့အချိန်မှာ ရွှေကြေးစည်ဘုရားဖူးအဖွဲ့ လက်မှတ်ဝယ်ပြီး ပြည်ရွှေစက်တော်၊ ပုဂံညောင်ဦးဘက်ကိုသွားပြီး ဘုရားတွေ တဝကြီးဖူးပြီးမှ အိမ်ပြန်ခဲ့တဲ့ခရီးစဉ်လေးလည်း ရှိခဲ့ပါတယ်။ ဒီလိုအသွားကောင်းလို့ အိမ်ကိုသင်္ကြန် အကျနေ့မှ အိမ်ပြန်ရောက်ခဲ့ပါတယ်။ အိမ်ရောက်တော့ အဖေ့မျက်နှာ သိပ်ပြီးမကြည်ပေမဲ့ ဆူပူတာတော့ မရှိခဲ့ပါဘူး။ ကျွန်တော်လုပ်ချင်တာတွေကို လုပ်နိုင်အောင်အမြဲ ပံ့ပိုးပေးခဲ့တဲ့အဖေကိုအမြဲပဲ ကျေးဇူးတင်မိပါတယ်။

          ဒီတစ်ခေါက်ကျွန်တော်သွားမဲ့ခရီးစဉ်ကတော့ ကျွန်တော်ပညာသင်ကြားခဲ့တဲ့ မွန်တို့ဌာနေ ရာမည တိုင်းပြည်မော်လမြိုင်ပါ။

          ရန်ကုန်အောင်မင်္ဂလာအဝေးပြေးကနေ မနက်၈နာရီထွက်တဲ့ ကားစီးခဲ့ပါတယ်။ ပဲခူးကို ဖြတ်သန်း တဲ့လမ်းဟောင်းကမသွားဘဲ ရန်ကုန်နေပြည်တော် အဝေးပြေးလမ်းမကြီးကနေသွားပြီး ဘုရားကြီး ဘက်ကိုဆင်းပြီးသွားပါတယ်။

          ခရီးထွက်ရင် ဘယ်တော့မှအိပ်လေ့မရှိတဲ့ကျွန်တော်က ဘေးကရှုခင်းတွေကို ကြည့်ရင်း အနှစ် ၃၀ ဝေးကွာခဲ့တဲ့ ရာမညတိုင်းပြည်ကို ပြန်ရောက်တော့မယ်ဆိုတဲ့အတွေးတွေနဲ့ အရမ်းကိုပျော်နေမိပါတယ်။ စစ်တောင်းတံတားရောက်တော့ အရင်လိုစစ်တောင်း တံတားကို ဖြတ်ဖို့အချိန်စောင့်စရာမလိုဘဲ တံတားအသစ်ကနေဖြတ်ကျော်ခဲ့ရတယ်။ တံတားနားမှာအရင်လို မုန့်မျိုးစုံရောင်းတဲ့ ခေါင်းရွက်ဈေး သည်တွေကိုတော့ မတွေ့ရတော့ပါဘူး။ ဒါပေမဲ့ တံတားအလွန်မှာတော့ ခေတ်မီသန့်ရှင်းတဲ့ မြန်မာထမင်း ဆိုင်တွေကို တွေ့ရပါတယ်။ ကျွန်တော်စီးလာတဲ့ကားကတော့ အဲဒီမှာမရပ်ဘဲ ခရီးဆက်ခဲ့ပါတယ်။

          ဒီလိုနဲ့ ကျိုက်ထိုရောက်ခါနီးမှာ စိမ်းလဲ့တင် Resort ဖြတ်ခနဲတွေ့လိုက်ရတော့ နောက်တစ်ခေါက် ကျရင် ဝင်လည်ဖို့မှတ်ထားလိုက်ပါတယ်။ ကျွန်တော်စီးလာတဲ့ကားက နေ့လယ်စာစားသုံးဖို့အတွက် ဘဲလေးစားသောက်ဆိုင်မှာ ရပ်နားပေးပါတယ်။ အနှစ် ၃၀ အတွင်း ပြောင်းလဲမှုကိုစတွေ့ရပါပြီ။

          ဘဲလေးစားသောက်ဆိုင်က ဟင်းအမျိုးပေါင်းများစွာရှိလို့ စိတ်ကြိုက်မှာယူ စားသုံးနိုင်ပါတယ်။ ဆိုင်ရှေ့နားမှာလည်း သစ်သီးတန်းကိုလည်းတွေ့ရပါတယ်။ ကျွဲကောသီး ပေါချိန်ဖြစ်လို့ ဆိုင်တိုင်းမှာ ကျွဲ ကောသီးတွေနဲ့ ပြည့်လျှံနေပါတယ်။

          ထမင်းစားပြီးတာနဲ့ ခရီးဆက်ကြပြီး ဘီးလင်း၊ ကျိုက်ကော်၊ သထုံ၊ ဇင်းကျိုက်၊ ပေါင် တို့ကိုဖြတ်ပြီး သံလွင်ကိုဖြတ်ပြီး ဆောက်ထားတဲ့တံတားကြီးကို ရောက်ပါပြီ။ မြို့တစ်မြို့ ကိုဖြတ်တိုင်း ကျောင်းတုန်းက သူငယ်ချင်းနာမည်တွေကို ပြန်စဉ်းစားမိတယ်။ ပထမဦးဆုံးအကြိမ်တံတားအသစ်ကြီးကို ဖြတ်ရမယ်ဆိုတော့ စိတ်အရမ်းပဲလှုပ်ရှားပြီး ပျော်နေမိတယ်။ လမ်းတလျှောက်လုံးမှာလည်း ဒီတံတားကြီးကို ဘယ်လို ပုံစံဖြစ်မယ်လည်းဆိုတာကို ပုံဖော်နေမိခဲ့တယ်။ တံတားကြီးပေါ်ကနေဘီးလူးကျွန်းဖက်ကိုလည်း မလွတ် တန်းကြည့်ပြီး ဘီလူးကျွန်းပေါ်ကသူငယ်ချင်းတွေကို သတိရနေမိတယ်။

          တံတားပေါ်ကအဆင်းမှာ ရွှေဟင်္သာကြီးက ဝမ်းသာအားရနဲ့ကြိုဆိုနေပါတယ်။ ကျွန်တော်စီး လာခဲ့တဲ့ကားက အဝေးပြေးကားကွင်းမှာ ခရီးဆုံးရပ်နားပါတယ်။ ကျွန်တော်ကတော့ Taxi  စီးပြီး ကျွန်တော်တည်းမဲ့ Royal Hintha Hotel ကိုသွားခဲ့ပါ တယ်။ အမှန်တိုင်း ပြောရရင် Hotel ရောက်တဲ့အထိ ကျွန်တော်ရောက်နေတဲ့နေရာကို ဘယ်ရပ်ကွက်ဆို တာကို မသိသေးပါဘူး။ အနှစ် ၃၀ အတွင်း မော်လမြိုင်က အတော်ကြီးပြောင်းလဲသွားပြီး လမ်းအသစ်၊ ရပ်ကွက်အသစ်တွေနဲ့ဖြစ်နေပါပြီ။ အခန်းထဲအထုတ်အပိုးတွေချပြီး တာနဲ့ Taxi  မငှားဘဲ ဈေးသက်သာတဲ့ ဆိုင်ကယ် Taxi ငှားပြီး သံလွင်ဈေးဘက်ထွက်ခဲ့ပါတယ်။  သံလွင်ဈေးနဲ့ကပ်ရပ်လမ်း၊ လမ်းထိပ်မှာရေတွင်း ရှိတဲ့လမ်းထဲမှာ နေ့ခင်းဖက်မှာပဲဖွင့်တဲ့ ဒေါ်ခင်မြင့်ရေစိမ်မုန့်တီဆိုင်ကို လာခဲ့ပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာ လာပြီးစား တဲ့သူတွေများလာပြီး ပါဆယ်ထုတ်သူတွေနဲ့ စည်နေပါပြီ။ ဒီဆိုင်မှာလက်ညှစ်ရေစိမ်မုန့် တီနဲ့ ဆန်ခေါက်ဆွဲရပါတယ်။ ပထမဦးဆုံး ရေစိမ်မုန့်တီတစ်ပွဲမှာပြီးစားပါတယ်။ ကျွန် တော်အကြိုက်ပူစီနံများများ၊ ပဲပင်ပေါက် များများနဲ့စားပစ်လိုက် တယ်။ အနှစ် ၃၀ ကျော် ဝေးနေခဲ့ရတဲ့ အစားအစာကိုစားလိုက်ရတော့ ဘယ်လိုအရသာရှိမှန်းကို မသိဘူးမွန်လေသံနဲ့ ကောင်းကောင်းမှကောင်းပေါ့။နောက်ထပ် ဆန်ခေါက်ဆွဲကို ကြက်သွေးခဲငါးဖယ် နဲ့ထပ်မှာပြီး စားလိုက်တယ်။ ဆန်ခေါက်ဆွဲဖတ်လေးက နူးညံ့ပြီး စားလို့အရမ်းကောင်းပါတယ်။

          စားပြီးတာနဲ့ အောက်လမ်းမကြီးအတိုင်း လမ်းပဲလျှောက်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဗိုက်နည်းနည်းချောင်သွားအောင်လို့ပေါ့။ ပြီးရင် လမ်းမှာရှိတဲ့ဆိုင်တွေနဲ့ ရှေးဟောင်းသစ်သားအိမ်ကြီးတွေကို ကြည့်ချင်လို့ပါ။ ကျားတံတားဘိန်းမုန့်က အောက်လမ်းမနဲ့ ဦးဇိနဘုရားလမ်းထောင့်မှာရှိပါတယ်။ ဆိုင်နဲ့မဟုတ်ဘဲ တွန်းလှည်းပေါ်မှာထိုင်ပြီး စားချင်စဖွယ် ဘိန်းမုန့်တွေကို မနားတမ်းလုပ်ပေးနေတာကို တွေ့ရပါတယ်။ စောင့်နေသူ တွေရှိသလို ကြိုတင်မှာပြီး ရမဲ့အချိန်ကိုမေးပြီးနောက်မှလာယူမဲ့သူတွေလည်း ရှိနေ ပါတယ်။ ကျွန်တော်လည်း ကျွန်တော့်အလှည့်ရောက်အောင်စောင့်ပြီးနေလိုက်ပါတယ်။ ပြီးမှ ပါဆယ်ထုပ်ခဲ့ပြီး ဟိုတယ်ကိုပဲ ယူလာခဲ့ပါတယ်။

          ဟိုတယ်ရောက်တာနဲ့ ရေချိုးပြီးအနားယူလိုက်တယ်။ အိမ်ယာပေါ်မှာလှဲနေပေမဲ့ ဘိန်းမုန့်အနံ့လေးက မွှေးနေတော့။ မျက်လုံးကခုံပေါ်မှာတင်ထားတဲ့ ဘိန်းမုန့်ဆီပဲ ရောက်နေတယ်။ ညစာစားဖို့အချိန်နီးနေပေမဲ့ စားချင်စိတ်က ပြင်းထန်နေတော့ ဘိန်းမုန့်တစ်ချပ် ယူစားလိုက်တယ်။ ထင်ထားတာက စားလိုက်ရင် ဆီတွေယိုထွက်လာမယ်လို့ ထင်နေတာ။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲ နူးညံ့ပြီးစားလို့အရမ်းကောင်းပါတယ်။

          ညစာအချိန်မှာမစားနိုင်တော့လို့ မစားဘဲအခန်းထဲမှာအနားယူပြီး ကျောင်းတက် စဉ်ကမော်လမြိုင်နဲ့ ခုမော်လမြိုင်ကိုယှဉ်ပြီးကြည့်နေမိတယ်။

          အနားယူပြီးတာနဲ့ ဟိုတယ်အပေါ်ထပ်မှာရှိတဲ့ Café ကိုတက်ခဲ့တယ်။ Café ရဲ့အပြင် ဖက်မှာထိုင်ပြီး မော်လမြိုင်တောင်ပေါ်က ဘုရားတွေကိုလှမ်းပြီး အရင်ဖူးလိုက်တယ်။ အေးအေးဆေးဆေးနဲ့ အရမ်းကိုထိုင်လို့ ကောင်းတဲ့ နေရာလေးပါ။ ကော်ဖီနဲ့ အအေး တွေမှာပြီးသောက်နိုင်သလို အစားအသောက်တွေကိုလည်းမှာ ယူစားသုံးနိုင်ပါတယ်။မနက်ဖက်မှာစောစောလေးကျိုက်ခမီ၊ စက်စဲသွားဖို့စီစဉ်ထားလို့ အစောပဲအိပ်ယာ ဝင်လိုက်တယ်။

          မနက်မိုးလင်းအိပ်ယာထပြီးဟိုတယ်ကကျွေးတဲ့ Breakfast ကိုစားလိုက်တယ်။ Buffet Breakfast ဖြစ်လို့ မော်လမြိုင်အစားအစာတွေနဲ့ အတူအစားအစာမျိုးစုံကို တွေ့ရပါတယ်။ ကျွန်တော်ကတော့အကြိုက်ဆုံး မော်လမြိုင်မုန့်ဟင်းခါးကို အရင်စားဖြစ်တယ်။ ပြီးရင် ပေါင်မုန့်၊ ကြက်ဥကြော်၊ ခေါက်ဆွဲကြော် နည်းနည်းစီထည့်ပြီးစားဖြစ်လိုက်တယ်။

          နေ့ချင်းပြန်ခရီးမို့ မုဒုံကန်ကြီးကို မဝင်တော့ဘဲကျိုက်ခမီကိုပဲ တိုက်ရိုက်မောင်းပြီး သွားခဲ့တယ်။ ရောက်တာနဲ့ဘုရားဖူးပြီးတာနဲ့ ကျိုက်ခမီရောက်ရင် စားကိုစားရမဲ့ အစားအစာတွေဖြစ်တဲ့ ကျောက်ပွင့်သုပ်၊ ခရမ်းချဉ်သီးအဆာသွတ်၊ ပဲပြားအဆာသွတ်တွေကို တဝကြီးစားပစ်လိုက်တယ်။ ပြီးတော့ထမင်းဆိုင်တန်းဖက်ကိုလျှောက်ပြီး ငါးအူဟင်းနဲ့ ငါးဥဟင်းတွေကိုတော့ မော်လမြိုင်ရောက်မှစားဖို့ ပါဆယ်ပဲထုပ်လိုက်တယ်။

          ကျိုက်ခမီကနေ စက်စဲဆက်သွားလိုက်တယ်။ လွန်ခဲ့တဲ့ အနှစ်၃၀ ကစက်စဲနဲ့ လုံးဝ မတူဘဲဟိုတယ်တွေဈေးဆိုင်တွေနဲ့ အရမ်းကိုစည်ကားနေပါတယ်။ စက်စဲကမ်းခြေ အလှကိုခံစားရင်း ပင်လယ်ဖက်ကတိုက်လာတဲ့ လေကောင်းလေသန့်ကိုရှူပြီး စက်စဲကနေ ပြန်ထွက်ခဲ့ပါတယ်။

          မော်လမြိုင်ရောက်တော့ တော်တော်လေးဆာနေပါပြီ။ အဲဒါနဲ့ မော်လမြိုင်က မိတ်ဆွေက သူ့အသိထမင်းဆိုင်ခေါ်သွားပြီး ကျိုက်ခမီကဝယ်လာတဲ့ ဟင်းတွေနဲ့အတူ ကြက်ကလည်ချက်နဲ့ တခြားဟင်းမျိုးစုံမှာပြီး နောက်ကျနေပြီဖြစ်တဲ့ နေ့လယ်စာကို တဝကြီးစားပစ်လိုက်တယ်။

          ဟိုတယ်ကိုပြန်ခဲ့ပြီး အနားယူလိုက်ပါတယ်။ အိပ်ယာပေါ်မှာလှဲရင်း ပြန်တွေးမိတာက အစားအသောက်ခရီးစဉ်ကြီးဖြစ်လို့လေ။ ဖြစ်ရမှာပေါ့။ စကားတောင်ရှိတယ်ဟုတ် မော်လမြိုင်အစားလို့လေ။

          ညဖက်အပြင်မထွက်တော့ဘဲ ဟိုတယ်မှာပဲ ညစာစားလိုက်ပါတယ်။

          မနက်အစီအစဉ်ကတော့ ဘုရားသွားမယ်။ ပြီးရင် ဈေးသွားမယ်ပေါ့။

          နောက်နေ့မနက်မှာ ဟိုတယ်ကကျွေးတဲ့ မနက်စာကို များများမစားတော့ဘဲ မုန့်ဖတ်သုပ်နဲ့ မုန့်ဟင်းရည်စားပြီး ကော်ဖီပဲသောက်လိုက်တယ်။

          အပေါ်ဈေးရောက်တာနဲ့ အပေါ်ဈေးအပေါက်နားမှာရှိတဲ့ မစံပယ်ဆိုင်မှာ အုန်းထမင်းနဲ့ အုန်းနို့ခေါက်ဆွဲ မှာပြီးစားလိုက်တယ်။ သင်္ကြန်ထမင်းနဲ့ ငါးခြောက်သရက်သီးကြော်ကို စားချင်ပေမဲ့ ဘယ်လိုမှမစားနိုင်တော့လို့ လက်လျော့လိုက်ရတယ်။ ဒါပေမဲ့ မော်လမြိုင် ရောက်မှစားရတဲ့ ငါးမန်းသားရေသုပ်ကိုတော့ ဈေးနားက မဌေးလှိုင်ဆိုင်မှစားလိုက်တယ်။

စားပြီးတာနဲ့ ဈေးထဲဝင်ပြီးမကြီးမငယ်ဆိုင်ကဂေါ်ရင်ဂျီမဆလာအစပ်နဲ့ မရမ်းပြား၊ သရက် သီးသနပ်ဝယ်လိုက်တယ်။ မကြီးမငယ်ဆိုင်နားမှာ လှော်စာရောင်းတဲ့ ဆိုင်လည်းရှိတယ်။ ပြီးတော့ ဖြဲသိပ်မုန့်ဆိုင်လည်းရှိတယ်။ နဲနဲစီပဲဝယ်လိုက်တယ်။ ဟိုတယ်ရောက်မှပဲ စားတော့မယ်။

          ဈေးထဲရောက်ရင် ဟင်းသီးဟင်းရွက်တွေကို ကြည့်လိုက်ရမှကျေနပ်တဲ့ ကျွန်တော်က လျှောက်ကြည့်ရင်း ဆိုင်တစ်ဆိုင်မှာ ကျွန်တော်မသိတဲ့ မော်လမြိုင်မှပဲရှိတဲ့ ဟင်းချိုရွက်နဲ့ ဆန်ဆေးရွက်ကို တွေ့လိုက်ရတယ်။ ဆိုင်ရှင်ပြောပြမှသိရတာပါ။ စကားပြောနေတုန်း ဈေးထဲက အစ်မတစ်ယောက်က ကျွန်တော့်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်နေတယ်။ အဲဒီအစ်မကပဲဟင်းချိုရွက်ချက်နည်းလေးပါ ပြောပြပေးတယ်။ ပြီးတော့ ဆန်ဆေးရွက်ကတို့ စရာအနေနဲ့စားနိုင်ပြီး ကျောက်ကပ်အတွက် ကောင်းကြောင်းလည်း ရှင်းပြပေးပါတယ်။ ကျွန်တော်တော်တော်ပျော်သွားတယ်။ အဲဒီအစ်မကိုလည်း ကျေးဇူးအရမ်းတင်မိတယ်။ ပြီးတော့ Food & Décor အကြောင်းတွေပြော Make It Yummy အကြောင်းတွေပြောကြပြီး အမှတ်တရဓာတ်ပုံရိုက်ဖြစ်လိုက်ကြတယ်။ အဲဒါကြောင့် ကျွန်တော်ခရီးသွားရတာကို အရမ်းနှစ်သက်တာပါ။ အသစ်အဆန်းတွေကို လေ့လာခွင့်ရသလို ကျွန်တော် ပရိသတ်တွေနဲ့လည်းတွေ့ရတယ်။ ဈေးထဲမှာ လာပြီးနှုတ်ဆက်ကြပြီး အားပေးတဲ့အကြောင်း ပြောကြတော့ ပိုပြီးပျော်သွားတာပေါ့။

          မြိုင်ရတနာလေးထပ်ဈေးအပေါက်ဝမှာလည်း ကြက်ဥကင်ဆိုင်တွေ့လို့ ဝယ်လိုက်သေးတယ်။ ဈေးထဲကထွက်ခါနီးမှာ ရေးဒူးရင်းယိုနဲ့ အုန်းထန်းလျက်ကို ရန်ကုန်ယူသွားဖို့ ဝယ်လိုက်သေးတယ်။

          ဒူးရင်းယိုကမာမာအခဲကြီးမဟုတ်ဘဲပျော့ပျော့လေးနဲ့ အရမ်းစားကောင်းတယ်။ ပြီးတော့ ကျောင်းတက်စဉ်ကအမြဲဖြတ်လျှောက်တဲ့ ဈေးတန်း (ကျွန်တော်အထင် ဒေါင်းတန်ဈေး) ထဲကို ဖြစ်လျှောက်ချင်စိတ်ပေါ်လာတာနဲ့ အဲဒီဈေးတန်းကို ဝင်လိုက်တယ်။ အရင်ကဆိုရင် ထိုင်းကဝင်လာတဲ့ မှောင်ခိုအထည်တွေနဲ့ ပြည့်နေတဲ့ဈေးပါ။ ခုတော့ အဲလိုမဟုတ်တော့ပါ။ မွန်ပုဆိုးရောင်းတဲ့ ဆိုင်ဝင်ပြီးအမှတ်တရ မွန်ပုဆိုးတစ်ထည်ဝယ်လိုက်တယ်။

          ပြီးတာနဲ့ တောင်ပေါ်တက်ပြီးဘုရားဖူးတယ်။ မော်လမြိုင် View Point ကနေ သံလွင်မြစ်အလှကို တစ်ခဏခံစားလိုက်တယ်။ နေ့လယ်ဘက်ဖြစ်တဲ့အတွက် နေအရမ်းပူတယ်။ အချိန်ရခဲ့ရင် ညနေနေဝင်ချိန် အလှကိုခံစားဖို့ ပြန်လာပါအုံးမယ်။

          တောင်ပေါ်ကအဆင်းမှာမော်လမြိုင်မြို့က နာမည်ကြီးအပျိုကြီးထမင်းဆိုင်ကို ဝင်လိုက်တယ်။ ထမင်းစားတဲ့လူတွေအရမ်းများလို့ နေရာရဖို့အတွက် အတော်လေးစောင့် လိုက်ရတယ်။ ရောက်တုန်း ရောက်ခိုက် ဟင်းတွေစုံနေအောင်မှာစားလိုက်တယ်။ ကြက်လည်ဟင်း၊ ပုစွန်ဆီပြန်၊ ငါးနဲ့သရက်သီးချက်၊ ငါးပတ်မွှေ တို့စရာအစုံအလင်နဲ့ဆိုတော့ တကယ့်ရှယ်ထမင်းဝိုင်းကြီးပါပဲ။

          ဗိုက်လည်းဝဈေးလည်းဝယ်ပြီးတော့ ဟိုတယ်ကိုပဲပြန်လာပြီးအနားယူမယ်။ နေ့လယ် လက်ဘက်ရည်၊ ကော်ဖီချိန်ကိုတော့ ဝယ်လာတဲ့ ဖြဲသိပ်မုန့်၊ လှော်စာ၊ ကြက်ဥကင်နဲ့ အခန်းထဲမှာပဲ စားလိုက်တော့မယ်ပေါ့။

          ညနေဖက်မှာတောင်ပေါ်က View Point မှာမော်လမြိုင်ရဲ့ ညနေအလှကို ခံစားလိုက်တယ်။ ပြီးတော့ တောင်ပေါ်ကဆင်းပြီး ကမ်းနားက ကျွန်တော်အမြဲစားဖြစ်တဲ့ ဘုန်းကြီးစားသောက်ဆိုင်ကို တန်းပြီးသွား လိုက်ပါတယ်။ ဘုန်ကြီးစားသောက်ဆိုင် အနှစ် ၅၀ ကျော်ခန့်ရှိပြီး စားဖူးသူတိုင်း မော်လမြိုင်ပြန်ရောက်ရင် စားဖြစ်အောင်စားကြတယ်။ ကျွန်တော်ကတော့ ဒီတစ်ခေါက်မော်လမြိုင်နောက်ဆုံးညမှာ ကျောင်းသားဘဝကတည်းက နှစ်သက်ခဲ့တဲ့ ဘုန်းကြီးဟင်းချိုဘီးစတစ်နဲ့ ကြက်ဇင်းကျိုက်တို့ကို မှာစားဖြစ်ခဲ့ပါတယ်။

          ဒီခရီးစဉ်လေးမှာ အနှစ် ၃၀ ကျော်ဝေးကွာခဲ့ရတဲ့ မော်လမြိုင်ကိုပြန်ရောက်လို့ အပျော်ကြီးပျော်ခဲ့ရတဲ့ ခရီးစဉ်လေးပါ။ နောက်တစ်ခေါက်လည်းလာပါအုံးမယ်။ မွန်တို့ဌာ နေရာမညမြေကတော့ ကျွန်တော့်အတွက် ဘယ်တော့မှရိုးသွားမှာမဟုတ်ပါဘူး။

♦   မြင့်ဦးသာ   ♦

Facebook Comments

Menu