မုန့်လက်ကောက်

by ရွှေရည်ဖြိုး for Food Magazine

ရုံးပိတ်ရက်လို အားတဲ့ရက်တွေမှာ မိသားစုနဲ့ မြန်မာမုန့်တွေ လုပ်စားရင်း အချိန်ကို ကုန်ဆုံးလိုက်ပါနော်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်း  –  ၁ ပြည် ၃ လုံး

ဆန်ချော  –  ၁ လုံး

ထန်းလျက်  –  ၃၀ ကျပ်သား

ဆား  –  အနည်းငယ်

ပဲဆီ  –  ၁ ပိဿာ ၅၀ ကျပ်သား

ဆော်ဒါ  –  အနည်းငယ်

ချင်း  –  ၅ ကျပ်သား

နှမ်း  –  ၂၅ ကျပ်သား

ရေ  –  နို့ဆီဘူး ၄ ဘူး

ပြုလုပ်နည်း

၁။       ကောက်ညှင်းနှင့် ဆန်ချောရော၍ ရေစင်အောင်ဆေးပြီး ၄ နာရီခန့် ရေစိမ်၍ ကြိတ်ပါ။

၂။       မုန့်ညက်ရရန်  ၄ နာရီခန့် အဝတ်ထဲထည့်ပြီး ကြိုးချည်၍ အလေးဖြင့် အပေါ်မှာဖိပြီး ရေစစ်ထားပါ။

၃။       မုန့်ညက်ရလျှင် ဆားနှင့် ဆော်ဒါထည့်ပြီး မုန့်သားကျအောင် နယ်ပါ။

၎။       ချင်းကို ထောင်းပြီး အရည်ညှစ်ထည့်၍ မုန့်ညက်ထဲ ရောနယ်ပါ။

၅။       ဒယ်အိုးထဲ ဆီပူလာလျှင် မုန့်အကွင်းလေးများလုပ်၍ ထည့်ကြော်ပါ။

၆။       ထန်းလျက်ကို ရေ နို့ဆီဘူး ၄ ဘူး ထည့်၍ ညောင်စေးမကျတကျ ကျိုထားပါ။

၇။       မုန့်လက်ကောက်ကြော် အကွင်းလေးများ ကြွပ်၍ ရဲလာလျှင် အိုးမှ ဆယ်ယူပြီး ဆီစစ်ထားပါ။

၈။       ဆီစစ်ပြီး မုန့်လက်ကောက် ကြော်လေးများကို လိုသလို ညှပ်၍ အပေါ်မှာ ထန်းလျက်ရည်လေးနှင့် ဆမ်းစားပါ။ (သို့) တို့စားပါ။

Facebook Comments

Menu