မီးဖိုချောင်သုံး ပစ္စည်းအမျိုးမျိုး အပိုင်း (၂)

by Chef Sunny for Food Magazine

          ပြီးခဲ့တဲ့လက မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး အပိုင်း(၁) ရေးပြီးသွားလို့ အခုတော့ အပိုင်း (၂) ကို ရေးပေးပါမယ်နော်။ ကျွန်တော်ရေးပေးတဲ့ ပစ္စည်းလေးတွေက မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်တာတွေချည်းပါပဲ။ အခုဖော်ပြပေးမှာကတော့- 9. Electric Hot Plate 10. Mincer Machine 11. Knife Sharpener 12. Egg Beater 13. Kitchen Scale 14. Lemon Squeezer 15. Skewer 16. Flour Mixer တို့ ဖြစ်ပါတယ်။

9. Electric Hot Plate (လျှပ်စစ်အပူပြား)

          ဒီလျှပ်စစ်အပူပြားကိုတော့ သံပြားအောက်မှာ လျှပ်စစ်ကွိုင်တွေ ထည့်ပြီး တပ်ဆင်ထားတာပါ။ ခလုတ်အဖွင့်အပိတ်၊ မီးအားအတိုးအလျှော့လေးလည်းပါတော့ သုံးရတာ အဆင်ပြေတယ်။ သူတို့ရဲ့ အားသာချက်က မီးခိုးထွက်တာမရှိဘူး။ အိုးတွေရဲ့ ဖင်ပိုင်းကိုလည်း မမည်းစေဘူးပေါ့။ အပူအားက တစ်ပြင်လုံးညီတော့ ချက်လိုက်တဲ့ တစ်အိုးလုံး အကျက်ညီပြီး စိတ်ချရတယ်ဗျ။ ဂက်စ်အိုးလည်း မလိုတော့ နေရာကျယ်စရာလည်း မလိုဘူးပေါ့။

10. Mincer Machine (အသားကြိတ်စက်)

          အသားကြိတ်စက်ဟာ အရမ်းကိုထိရောက်တဲ့ ပစ္စည်းပါ။ လူကိုယ်တိုင် အသားတွေကို စဉ်းရမယ်ဆိုရင် အချိန်အတော်ပေးရပေမယ့် ဒီစက်နဲ့ ကြိတ်လိုက်ရင် ခဏလေးနဲ့ ပြီးပါတယ်။ ဘာဂါအသားတွေ လုပ်မယ်။ ဒါမှမဟုတ် အခြားအသားလုံးကြော်တွေ လုပ်မယ်ဆိုရင်လည်း အရမ်းကို အသုံးဝင်တယ်ဗျာ။ အသားမှ မဟုတ်ပါဘူး။ အခြားအသီးအနှံတွေကိုလည်း ကြိတ်လို့ရပါတယ်။

11. Knife Sharpener (ဓားသွေးတံစတီးချောင်း)

          ဓားသွေးတဲ့ စတီးချောင်းကတော့ ရှင်းရှင်းလေးပါပဲ။ ဓားသွေးဖို့ပါ။ ကျောက်ပြားတွေနဲ့သွေးရင် အချိန်နည်းနည်းပေးရပေမယ့် ဒီစတီးချောင်းကတော့ မြန်မြန်ဆန်ဆန်နဲ့ ပြီးတယ်။ ထားရ၊ သိမ်းရတာလည်း ပိုကောင်းတော့ အသုံးများတာပေါ့။

12. Egg Beater (ကြက်ဥရိုက်စက်)

          ကြက်ဥတစ်လုံး၊ နှစ်လုံးကို လက်နဲ့ရိုက်လည်း အဆင်ပြေပေမယ့် များလာရင်တော့ ကြက်ဥရိုက်စက်နဲ့မှ အဆင်ပြေပြီး လိုချင်သလို ရပါတယ်။ မုန့်လုပ်ငန်းမှာတော့ အသုံးအများဆုံးပါပဲ။ Meringue လုပ်တာတို့၊ Foam လုပ်တာတွေဆိုရင် ပိုပြီး အဆင်ပြေ မြန်ဆန်စေပါတယ်။ ကိတ်မုန့်လုပ်တဲ့နေရာမှာ Topping Cream တွေ ရိုက်လို့လည်း အဆင်ပြေပါတယ်။

13. Kitchen Scale (မီးဖိုချောင်းသုံးချိန်ခွင်)

          ဒီချိန်ခွင်လေးတွေကတော့ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ အခုပြထားတာကတော့ သုံးရတာ အဆင်အပြေဆုံးပစ္စည်းလေးတွေပါ။ Hot Kitchen ဖြစ်စေ၊ Cold Kitchen ဖြစ်စေ မုန့်ခန်းမှာပါ အသုံးတည့်ပါတယ်။ ဒီချိန်ခွင်လေးတွေနဲ့ချိန်ပြီး အချိုးကျကျ လုပ်မှလည်း မှန်ကန်တဲ့ အရည်အသွေးရမှာပါ။ လက်မှန်းနဲ့လုပ်ရင်တော့ တူညီမှန်ကန်တဲ့ အရသာနဲ့ အရည်အသွေးဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မရှိမဖြစ် လိုအပ်တဲ့ အရာတွေပါပဲ။

14. Lemon Squeezer (သံပရာရည်ညှစ်တံ)

          သံပရာသီးတွေ၊ ရှောက်သီးတွေကို ညှစ်တဲ့အခါမှာ တစ်လုံး၊ နှစ်လုံးကိုသာ လက်နဲ့ ညှစ်ရတာ အဆင်ပြေပြီး အရေအတွက်များများဆိုရင်တော့ သံပရာရည် ညှစ်တံလေးနဲ့ ညှစ်မှ အဆင်ပြေမှာပါ။ ဥပမာ- ထိုင်းဆော့စ်အတွက် သံပရာရည်ညှစ်ရတာတို့၊ သံပရာရည်များများ ဖျော်ရတာတို့ဆိုရင် အရမ်းအသုံးဝင်ပါတယ်။ ပုံစံအမျိုးမျိုးရှိပြီး မိမိနဲ့ အဆင်ပြေတာကို သုံးလို့ရပါတယ်။

15. Skewer (တုတ်ထိုးတံ)

          တုတ်ထိုးတံကတော့ သံနှင့်ဖြစ်စေ၊ ဝါးနှင့်ဖြစ်စေ၊ စတီးနှင့်ဖြစ်စေ အမျိုးမျိုးရှိပါတယ်။ စတီးချောင်းလေးကိုတော့ ပိုပြီးသဘောကျပါတယ်။ BBQ လုပ်လျှင် သုံးရတာ အဆင်ပြေတယ်။ မည်သည့်အသားကိုဖြစ်ဖြစ် ထုတ်ထိုးကင်ရတာ အဆင်ပြေတယ်။ပြီးသွားရင်လည်း ရေဆေးပြီး ပြန်သုံးလို့ရတော့ ဝယ်ရ၊ သိမ်းရတာ အလုပ်မရှုပ်တော့ဘူးပေါ့။

16. Flour Mixer (ဂျုံမွှေစက်)

          ဂျုံမွှေစက်ကို ဆိုဒ်အကြီး၊ အသေး အမျိုးမျိုးရှိပါတယ်။ မုန့်လုပ်တဲ့သူတွေ လက်နဲ့ ဂျုံနယ်ရတာထက် ပိုပြီးအဆင်ပြေလို့ မရှိမဖြစ် လိုအပ်ပါတယ်။ ထိုင်ဝမ်က လာရင် ဈေးသက်သာပြီး ဂျာမနီနဲ့ အနောက်နိုင်ငံကလာရင် ဈေးများပါတယ်။ ကဲ… ကျန်သေးတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို နောက်လမှာ ဆက်လက်ပြီးတော့ တင်ပြပေးပါမယ်။

Facebook Comments