မီးဖိုချောင်သုံး ပစ္စည်းအမျိုးမျိုး အပိုင်း (၁)

by Chef Sunny for Food Magazine

          မီးဖိုချောင်နှင့်ပတ်သက်ပြီး စားသောက်ဆိုင်၊ ဟိုတယ်များနှင့် အိမ်ရှင်မတို့သည် မီးဖိုချောင်သုံးပစ္စည်းများကို လိုအပ်တဲ့နေရာတွေမှာ ထိရောက်တွင်ကျယ်စွာ အသုံးပြုမှ လုပ်ငန်းအဆင်ပြေပါလိမ့်မယ်။ မီးဖိုချောင်သုံးပစ္စည်းကိရိယာမျိုးစုံကိုလည်း သိရှိဖို့ လေ့လာထားကြရပါမယ်။ ဒါကြောင့် ညီအစ်ကိုမောင်နှမများ လုပ်ငန်းခွင်မှာ အဆင်ပြေစေဖို့ ပစ္စည်းအမည်၊ သုံးစွဲပုံနှင့် ထိရောက်ပုံ စသည့်ဗဟုသုတများဖြန့်ဝေပေးလိုက်ပါတယ်။ ယခုအပိုင်း (၁) မှာ တင်ပြချင်တာက 1. Grater 2. Toaster 3. Whisk 4. Dishwasher 5. Food Processor 6. Salamander Oven 7. Measuring Spoons 8. Deep Fryer တို့ ဖြစ်ပါတယ်။

1. Grater (ခြစ်/ခြစ်ခုံ)

          ဒီခြစ်ကတော့ မီးဖိုချောင်မှာ မဖြစ်မနေ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်တိုတိုအတွင်းမှာ လိုရာခရီးရောက်လို့ပါ။ အာလူးတွေကိုပဲ ခြစ်ခြစ်၊ သခွားသီး တွေကိုပဲ အပြားလိုက်၊ အကွင်းလိုက်လှီးမလား၊ လွယ်ကူမြန်ဆန်ပါတယ်။ ဥရောပ အစားအစာလုပ်တဲ့ သူတွေဆိုရင် ချိစ်မျိုးစုံကို ခြစ်ရတယ်လေ။ ဒီခြစ်လေးတွေဟာ ပုံစံအမျိုးမျိုး၊ အပေါက်အမျိုးမျိုးရှိတာကြောင့် မိမိလိုရာ သုံးလို့ရတာပေါ့။

 

2. Toaster (ပေါင်မုန့်မီးကင်စက်)

          ပေါင်မုန့်မီးကင်စက်ကတော့ နှစ်ပေါက်၊ လေးပေါက်၊ ခြောက်ပေါက် စသဖြင့် ပုံစံအမျိုးမျိုးနှင့် တွေ့ရပါတယ်။ ဒီစက်ကို သုံးရင်တော့ တန်ဖိုးနည်းနည်းနှင့် ခရီးရောက်ပါတယ်။ နံနက်ဘူဖေးမှာ ပေါင်မုန့်မီးကင်စားဖို့ အဆင်ပြေသလို ဆန်းဒွက်ရှ်လုပ်တဲ့ သူအတွက် အဓိကကျပါတယ်။ မိသားစုတွေမှာဆိုရင် လူကြီးက လုပ်မကျွေးနိုင်ရင် ကလေးတွေ ကိုယ်တိုင် ကင်စက်နှင့် ကင်ပြီး စားလို့ ရတာပေါ့။ လျှပ်စစ်သုံးရတာဆိုတော့ တစ်ရှူးနဲ့ နီးနီးမထားဖို့တော့ လိုတယ်နော်။ ကွိုင်ချောင်းကတစ်ဆင့် လောင်တတ်လို့ပါ။

3. Whisk (ကြက်ဥရိုက်တံ)

          မုန့်လုပ်ငန်းလုပ်တဲ့ နေရာမှာတော့ ဒီရိုက်တံလေးကိုသုံးမှ အဆင်ပြေပါတယ်။ ကြက်ဥတွေ ကြေညက်မှုမရှိရင် လိုချင်တဲ့ပုံ မပေါ်နိုင်ဘူးလေ။ အနောက်တိုင်းအစားအစာ အတွက် ဆော့စ်တွေရိုက်မယ်ဆိုရင်လည်း အရမ်းအသုံးဝင်တာပေါ့။ တစ်ခုသတိထား ရမှာက ကြက်ဥရိုက်တံသုံးမယ်ဆိုရင် ပစ္စည်းကောင်းတာကိုသာ ရွေးပြီးဝယ်သုံးကြပါ။ ဈေးနည်းတာပဲ ရွေးဝယ်မယ်ဆိုရင်တော့ အမြန်ကျိုးလွယ်၊ ကျွက်ထွက်လွယ်မှာပါ။

 

 

4. Dishwasher (ပန်းကန်ဆေးစက်)

          ပန်းကန်ဆေးစက်ကတော့ စားသောက်ဆိုင်မှာဖြစ်စေ၊ မင်္ဂလာအခမ်းအနား ကျွေးမွေးတဲ့နေရာတွေမှာဖြစ်စေ၊ ဟိုတယ်မှာဖြစ်စေ အလွန်လိုအပ်ပါတယ်။ ဒီစက်တစ်လုံးရဲ့ ခရီးရောက်မှုဟာ ဝန်ထမ်း ၃ ယောက်ထက် ပိုကောင်းတယ်လို့ ပြောရမှာပါ။ ပန်းကန်ဆေးစက်ထဲမှာ ဆပ်ပြာတွေ၊ ကြေး (ဂျီး) ချွတ်တဲ့ ဆေးရည်တွေ၊ အခြောက်ခံစက်တွေပါ တစ်ကြိမ်တည်းပေါင်းထည့်ထားတော့ အားလုံးပြီးပြီပေါ့။ ပန်းကန်တွေအများကြီးကို လူတွေဆေးနေရရင် ကြမ်းပြင်ညစ်ပေတာ၊ ရေစိုရွှဲတာတွေဖြစ်ပြီလေ။ ဒီစက်ရဲ့ လုပ်ငန်းကတော့ ပထမအကြမ်းဆေးမယ်။ ဒုတိယဆပ်ပြာနှင့် ဆေးရည်လိုက်မယ်။ တတိယ အချောဆေးမယ်။ ပြီးတော့ အခြောက်ခံသေးတယ်ဆိုတော့ လူက လုပ်စရာမလိုဘဲ အားလုံးပြီးသွားတာပေါ့။

5. Food Processor

          ဒီစက်ရဲ့ လုပ်ဆောင်ချက်တွေကတော့ အထဲမှာပါတဲ့ ဓားသွားပုံစံလေးတွေမှာ မူတည်ပြီး အမျိုးမျိုးလုပ်လို့ရပါတယ်။ တစ်ခါတစ်ရံ သခွားသီးချဉ်ကို လူ ၁၀ဝ စာ လုပ်ချင် တယ်ဆိုပါစို့။ ခြစ်ခုံတွေ၊ ဓားတွေနှင့် မလှီးနိုင်တော့ဘဲ မော်တာပါတဲ့ ဒီစက်ကို သုံးရတော့ တာပေါ့။ အမျှင်လေးတွေလည်း လှီးလို့ရသလို ကြေအောင်ကြိတ်လို့လည်း ရပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ဆိုရင် ကြိတ်လို့အရမ်းပဲ ကောင်းတယ်ဗျာ။ ကြက်သား၊ ဆိတ်သား၊ အမဲသား စတာတွေလည်း ကြိတ်လို့ရပါတယ်။

 

6. Salamander Oven

          အမှန်ကတော့ “ဆလာမင်ဒါ အာဗန်” ပါ။ အတိုကောက်ခေါ်တော့ “ဆလာမင်ဒါ” ပဲပေါ့။ အဲဒီစက်ကိုတော့ ပီစာလုပ်တဲ့သူတွေ အလွန်သုံးကြတယ်ဗျာ။ ပေါင်မုန့်တွေ၊ ဘာဂါတွေကို အပူပေးမယ်ဆိုရင်လည်း ကောင်းတယ်။ အပေါ်ကြောတွေ ကျက်ပြီး တင်းသွားစေဖို့ သုံးလို့ ကောင်းပါတယ်။ ငါးတွေ၊ ပုစွန်တွေကိုလည်း ကင်စားလို့ရပါတယ်။ ဒီစက်တွေကတော့ ဂက်စ်နှင့်သုံးရတာရှိသလို လျှပ်စစ်နှင့်လည်း ရှိပါတယ်။

 

7. Measuring Spoons (ခြင်ခွက်ဇွန်း)

          ဒီခြင်ခွက်ဇွန်းလေးတွေကိုတော့ ဆော့စ်စပ်တဲ့သူတွေအတွက် အလွန်လိုအပ် ပါတယ်။ တစုတစည်းတည်းရှိလို့ ဟိုရှာ၊ ဒီရှာ မလုပ်ရတော့ဘူးပေါ့။ ဒီခြင်ခွက်ဇွန်းလေး တွေရဲ့ အတိုင်းအတာနှင့် အခေါ်အဝေါ်လေးတွေကို ဗဟုသုတအဖြစ် ရေးပေးပါမယ်။ Tsp = Tea Spoon (လက်ဖက်ရည်ဇွန်း)၊ Tbsp = Table Spoon (စားပွဲဇွန်း) ဖြစ်ပါတယ်။ အတိုင်းအတာကတော့ 1/2 tsp = 2.5 ml ဖြစ်ပါတယ်။ 1 tsp = 5 ml ဖြစ်ပါတယ်။ 1/2 tbsp = 7.5 ml ဖြစ်ပြီး 1 tbsp = 15 ml ဖြစ်ပါတယ်။

 

8. Deep Fryer (ဆီကြော်အိုး)

          ဒီလျှပ်စစ်ဆီကြော်အိုးကိုတော့ အာလူးကြော်တာနှင့် ကြက်သားကြော်တာတွေမှာ အများဆုံးတွေ့ရမှာပါ။ ဒီဆီကြော်အိုးရဲ့ အားသာချက်က လျှပ်စစ်နှင့်သုံးထားတော့ မိမိ လိုချင်တဲ့ အပူချိန်ညှိခလုတ်က တစ်ပါတည်း ပါတယ်လေ။ အဲဒါကြောင့် မိမိလိုချင်တဲ့ အပူချိန်မှာ ထားလို့ရတော့ ဘာကိုကြော်ကြော် အားလုံးအကျက်ညီပြီး အရောင်လှတာပေါ့။ ဒီအိုးတွေ ရှိထားတော့ အလုပ်သိပ်မရှုပ်တော့ဘူးပေါ့။ ဒါပေမဲ့ ဆီများများထည့်ရတာမို့ ကြော်စရာ သိပ်မများရင်တော့ မသုံးနဲ့ပေါ့။ ကဲ… ဒီလောက်နဲ့ပဲ နားခွင့်ပြုပါ။ ကျန်တာတွေကို နောက်လမှ တွေ့ ကြမယ်လေ။

Facebook Comments