မက္ကဒေးမီးယားအစေ့အဆန်

by ကိုရဲ (စိုက်ပျိုးရေး) for Food Magazine

မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိစိုက်ပျိုးလာကြသော သီးနှံမျိုးသစ်များကို မြန်မာ အမည် မှည့်ခေါ် ကြသည်က များပြားပါသည်။ Dragon Fruit ဆိုလျှင် “နဂါးမောက်သီး” ပင်ဟု အမည်ပေးခဲ့ကြသည်။ Sacha Inchi  ကိုလည်း “ကြယ်ပဲ” ဟု ခေါ် ကြသည်။ သို့သော် စားသုံးမှုတွင် အာဟာရဓာတ်ပါဝင်မှု၊ ကျန်းမာရေးအကျိုးပြုမှုနှင့် အနံ့အရသာ ကောင်းသဖြင့် အစေ့အဆန်ထဲမှ အကောင်းဆုံးဆိုသည့် မက္ကဒေးမီးယား အစေ့အဆန် ကို “မက္ကဒေးမီးယား” ဟု ခေါ်ခဲ့ကြသည်။ Macadamia  ဩစတြေးလျနိုင်ငံ၏ မူရင်းဒေသ အပင်တစ်မျိုးမှ ရရှိသော အခွံမာသီးကို အချို့က “မဲကဲဒီမီးယ” ဟု ခေါ် ကြသည်။ ဩစတြေးလျတိုက် Queens Land ကို အစွဲပြု၍ Queens Land Nut ဟုလည်း ခေါ် ကြ သည်။ ဟာဝိုင်ယီကျွန်းတွင် အချိုပွဲ Dessert Nut အဖြစ် စားသုံးကြသည်။ သို့သော် အများစု သိကြသည်က “မက္ကဒေးမီးယား” ဖြစ်သည်။

ကျွန်တော်သည်  မက္ကဒေးမီးယားအပင်များမှ  အသီးလှိုင်လှိုင်၊ ဖြိုင်ဖြိုင်သီးနေ သည်ကို ၂၀ဝ၂ ခုနှစ်က ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်း- တောင်ကုတ် ကားလမ်းဘေးရှိ ညောင်ဂျိုးကျေးရွာတွင် စတင်မြင်တွေ့ခဲ့ရသည်။ ညောင်ဂျိုးကျေးရွာသည်  ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၃၀၅၀ တွင် တည်ရှိသော ကျေးရွာဖြစ်သည်။ တောင်ထိပ်တွင်ရှိသည့်ရွာ၊ ခရီးသွားကားများ ရပ်နားရာစခန်း၊ ဂျီ၊ ဆတ် စသည့် အသားများရသည့်ရွာ ဖြစ်သည်။ မက္ကဒေးမီးယား အပင်ပေါင်း ၁၀၅ ပင်မှာ အသီးသီးနေသည်။ မျိုးပွားရန် မျိုးစေ့နှင့် ပျိုးပင်များကို ထိုစဉ်ကာလက လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းက ဆောင်ရွက်နေသည်။

အစိမ်းရောင်အသီးကို ခွဲ၍ အထဲမှ အဖြူရောင် အစေ့အဆန်ကို ထုတ်ယူပြီး စားသုံး ရန် ပေးသဖြင့် စားကြည့်ရာ ချိုဆိမ့်သောအရသာရှိသည်။ ဗာဒံသီးစေ့ Almond ထက် ပိုကောင်းသော အနံ့အရသာဖြစ်သည်။ တကယ်တော့ ကျွန်တော် မြည်းစမ်းစားနေသည့် အစေ့အဆန် Nut သည် လူသိနည်းနေသေးသော အဆီအဆိမ့်၊ အချိုဓာတ်ပါဝင်မှု လွန်ကဲမှုမရှိသော ကိုလက်စထရောပါဝင်မှုနည်းသည့် ကမ္ဘာ့ပထမတန်းစာရင်းဝင် အစေ့အဆန်ဖြစ်နေသည်။

မက္ကဒေးမီးယားအဆန်ကို သီဟိုဠ်စေ့ကဲ့သို့ လှော်၍လည်း စားနိုင်သည်။ ကြော်၍ လည်း စားနိုင်သည်။ ချောကလက်၊ ရေခဲမုန့်၊ သကြားလုံးတို့တွင်လည်း ထည့်စားကြသည်။ အစေ့အဆန်များထဲတွင် ဈေးကြီးသည်။ လေလုံသတ္တုအိတ်၊ သံဘူးများတွင် ထည့်သွင်း ရောင်းချသည့် ဝယ်လိုအားကောင်းသော ရောင်းကုန်ဖြစ်သည်။ တကယ်တော့ အစေ့အဆန်တွင် အာဟာရတန်ဖိုး များစွာပါဝင်သောကြောင့် ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၃၀ ခန့် ရရှိနေခြင်းဖြစ်သည်။ နူးညံ့မှု၊ြွကပ်ရွမှု၊ အရသာနှင့် အနံ့ ကောင်းမှု၊ ကြာရှည်အထားခံမှုတို့သည် ဈေးကွက်အကြိုက်ဖြစ်သည်။ အာဟာရဓာတ် ပါဝင်မှုမှာလည်း အစေ့အဆန် ၁၀ဝ ဂရမ်တွင် ၆၉၁ ကယ်လိုရီအာဟာရဓာတ်ပါဝင်သည်။ အဆန်တွင် ဆီပါဝင်မှု ၇၂ ရာခိုင်နှုန်း၊ ပရိုတိန်း ၃၆ ရာခိုင်နှုန်း၊ သကြားဓာတ် ၆ ရာခိုင်နှုန်း ပါရှိသည်။ ကစီဓာတ် (ကာဘိုဟိုက်ဒရိုက်) ကိုလက်စထရော အဆီဓာတ်မပါဝင်ပါ။ ဗီတာမင်အေ၊ ဗီတာ ကရိုတင်း၊ သိုင်ယာမင်း၊ ရီဗိုဖလေဗင်၊ နိုင်ယာစင်ဓာတ်များ အနည်းငယ်စီပါဝင်သည်။

ကျန်းမာရေးကို ကြည့်ပြီး အစေ့အဆန် Nut များကို စားသုံးလာကြရာ နှလုံးရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်ပြီး ပြည့်ဝအဆီ (Saturated Fat) များကို ပြည့်ဝဆီ (အကျိုးပြုအဆီ) (Mono Unsaturated Fat) များက ဖယ်ရှားပေးနိုင်သဖြင့် သွေးကြော၊ နှလုံးရောဂါများ ကာကွယ်နိုင်မှု၊ အစေ့အဆန်တွင် ပါရှိသော အဆီ (၇၁.၄ မှ ၇၁.၆) အလွယ်တကူ ဓာတ်ပြောင်းလဲခြင်းမရှိနိုင်ဘဲ အာဟာရဓာတ်တွင် အရေးပါသည့် ပြည့်ဝဆီအဖြစ်

ပါဝင်သဖြင့် ခန္ဓာကိုယ်ထဲတွင် အန္တရာယ်ဖြစ်စေသော အဆီဓာတ်၊ ကိုလက်စထရော (Cholesterol) မပါဝင်မှုများကြောင့် မက္ကဒေးမီးယားအစေ့အဆန်မှာ ဈေးကွက်ကောင်း ရရှိလာခြင်း ဖြစ်သည်။ ကမ္ဘာ့ထုတ်လုပ်မှုတွင် ဩစတြေးလျ၊ တောင်အာဖရိက၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ ကင်ညာနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ မာလာဝီနိုင်ငံတို့မှ နှစ်စဉ် ထုတ်လုပ်မှု တိုးလာလျက်ရှိရာ ၂၀၁၇ ခုနှစ် စာရင်းအရ တန်ချိန် ၅၀ဝ၀ဝ ကျော် ထွက်ရှိနေသည်။

မက္ကဒေးမီးယားအစေ့အဆန် Nut တွင် ဆီ၊ ပရိုတိန်း၊ အချိုသကြားဓာတ်များနှင့် ကာဘိုဟိုက်ဒရိတ်ဓာတ်များ ပါရှိသည်။ သဘာဝအဆန်ကို လှော်စားခြင်း၊ ချောကလက်၊ ရေခဲမုန့်တွင် ထည့်စားခြင်းတို့အပြင် အဆီ ၇၃ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း ပါရှိသည်။ သံလွင်ဆီကဲ့သို့ စားသုံးဆီအဖြစ် စားခြင်း၊ အလှကုန်ပစ္စည်း ထုတ်လုပ်ရာတွင် အသုံးပြု ခြင်းတို့ ပြုလုပ်ကြသည်။ အစေ့ထုတ်ပြီး အသီးအခွံကို မြေဆွေးပြုလုပ်သည်။

မက္ကဒေးမီးယား (Macadamia) အပင်သည် အပင်လတ်အရွယ်၊ ပေ ၅၀ နှင့် ပေ ၆၀ အမြင့်ရှိပြီး ရွက်အုပ်အပင် ပြန့်ကျယ်မှု ပေ ၃၀ ခန့် ဘေးကိုင်းဖြာထွက်မှုရှိသည် ဆိုသော် လည်း ညောင်ကျိုးတွင် သီးနေသော အပင်များသည် ဤမျှ မကြီးကြသေးပါ။ အပင်၏ ထူးခြားချက်သည်  အရွက်များဖြစ်၍ စိမ်းစိုတောက်ပြောင်ပြီး ရွက်ကြောမာသည်။ အရွက် ရှည်၍ ဗြက်ကျဉ်းသည့်မျိုးနှင့် ဗြက်ကျယ်သည့်မျိုးရှိကြသည်။ ရွက်နားများတွန့်၍ ရွက်နား တွင် ဆူးပါရှိသည်။ အပင်၏ မူရင်းဒေသ၊ ဩစတြေးလျတိုက် ကွင်းစလန်ဒေသနှင့် နယူး ဆောက်ဝေးလ် ကမ်းရိုးတန်းဒေသမှ ဟာဝိုင်ယီကျွန်းသို့ ရောက်ရှိပြီး အများဆုံး စိုက်ပျိုး ထုတ်လုပ်ရောင်းချသည့် ဒေသဖြစ်ခဲ့ပြီး ဟာဝိုင်ယီကျွန်းသို့ နှစ်စဉ်လာရောက်ကြသည့် ကမ္ဘာလှည့်ခရီးသွားများမှတစ်ဆင့် မက္ကဒေးမီးယားအစေ့အဆန်၏ အရသာရှိမှု လူသိ များလာပြီး မြောက်အမေရိကတိုက်၊ အာဖရိကတိုက်၊ အရှေ့တောင်အာရှနှင့် နယူးဇီလန် တို့အထိ စိုက်ပျိုးခဲ့ကြပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင်လည်း စိုက်ပျိုး ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်နှင့် တောင်ကုတ်မြို့ နယ်စပ်ရှိ ညောင်ဂျိုး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ မန်ထိန်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် မိုးကုတ်မြို့နယ်၊ ရှမ်းပြည်နယ် နောင်ချို၊ ရပ်စောက်၊ ရွာငံ၊ ချင်းရွှေဟော် မြို့နယ်များ၊ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တို့တွင် စိုက်ပျိုးနေကြပြီး တွေ့ရှိချက်မှာ ထားဝယ်ဒေသတွင်း အပင်ဖြစ်ပြီး ပွင့်သီးမှုမရှိသည်ကို တွေ့ရသည်။ ကျန်သည့်ဒေသ များ၌ ပွင့်သီးပြီး ပုဂ္ဂလိကများက အများဆုံး စိုက်ပျိုးကြသည်။ ၂၀၁၈ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံတွင် ဧက ၅၀ဝ၀ ကျော်ခန့်သာ စိုက်ပျိုးနိုင်သေးသည်။

မက္ကဒေးမီးယားမျိုးသည် အသီးအခွံချောသောမျိုးနှင့် အသီးအခွံကြမ်းသော မျိုး ဟူ၍ မျိုးနှစ်မျိုးရှိသည်။ အသီးအခွံချောသောမျိုးသည် အသီးအလုံးကြီး၍ အခွံကြမ်းမျိုး သည် အသီးအရွယ်သေးသည်။ အခွံချောမျိုးသည် အသီးလုံးဝိုင်း၍ အခွံကြမ်းမျိုးသည် အသီးထိပ်ချွန်သည်။ ရောင်းဝယ်မှုဈေးကွက်တွင် အခွံချော အသီးလုံးကြီးပြီး အရွယ်လုံး ဝိုင်းသည့်မျိုးသည် လူကြိုက်များသည်။ အစေ့စိုက်နှင့် ကိုင်းကူး၊ ကိုင်းဆက် စိုက်ပျိုးမှု ရှိရာတွင်လည်း အစေ့စိုက်အပင်သည် ၃ နှစ်၌ ပွင့်သီး၍ ကိုင်းကူးအပင်သည် ၅ နှစ်နှင့် ပွင့်သီးသည်။ အစိုဓာတ်လည်း ရှိမည်ဆိုပါက တစ်နှစ်ပတ်လုံး ပွင့်သီးနိုင်သည်။ အပင် သက်တမ်းမှာ နှစ် ၆၀ ကျော်ရှိ၍ နှစ်ရှည်သီးပင်ဖြစ်ပြီး မှတ်တမ်းအရ နှစ် ၁၀ဝ အထိ ပွင့်သီး သည်ဟု ဖော်ပြထားသည်။ ကိုင်းကူးအပင်များသည် မူရင်းမိခင်အပင်၏ အရည်အသွေး များ ရရှိပြီး အစေ့စိုက်အပင်သည် မျိုးသွေဖည်သွားတတ်သည်။ စိုက်သင့်သောမြေမှာ ရေမဝပ် သော၊ သဲမဆန်သောမြေ၊ နုန်းမြေ၊ သစ်ဆွေးဓာတ်များသောမြေ၌ ဖြစ်ထွန်းသည်။ မြေစေး၊ ကျောက်သားမြေ၊ သဲမြေ၌ မဖြစ်ထွန်းပါ။ မိုးရွာမှု လက်မ ၆၀ နှင့် အထက် ရွာသောဒေသများတွင် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့၌ အအေးဓာတ်ရမှ ကောင်း သည်။ ၁၄ ဒီဂရီစင်တီဂရိတ်မှ ၁၈ ဒီဂရီစင်တီဂရိတ်ရှိသင့်သည်။ သို့မှသာ ပန်းပွင့်မှု ကောင်းသည်။ ပူပြင်းလျှင် ပန်းပွင့်မှု ကျဆင်းသည်။ နှင်းခါး (Frosr) ကို ကြောက်သည်။ မြေပြန့်၊ မြေနိမ့်၊ ကုန်းမြင့် စိုက်ပျိုး၍ ရသော်လည်း နှင်းခါးကျမှု အချိန်တိုလျှင် မသိသာ သော်လည်း နှင်းခါးကျမှု အချိန်ကြာလျှင် မခံနိုင်သည်ကို ပြင်ဦးလွင်စိုက်ခင်းများ၌ တွေ့ရသည်။

အပင်တန်းကို တောင်နှင့်မြောက် အရှည်ထားရှိပြီးစိုက်လျှင် နေရောင်ခြည်ရရှိမှု ကောင်းသည်။ ပင်ကြားတန်းကြား ၁၀ မီတာ (၃၂ ပေ)  ပတ်လည်စိုက်ခြင်းသည်  ကောင်း သည်။ ၁ ဧကလျှင် အပင် ၄၀ စိုက်နိုင်သည်။ လေတိုက်မှု၊ နှင်းခါးကျမှု၊ မိုးများမှု စသည့် ရာသီဥတုကို ချိန်ဆစိုက်ပျိုးသင့်ပါသည်။ ဖြစ်ထွန်းသောဒေသများသည် ရာသီဥတု အေးမြပြီး တစ်နှစ်ပတ်လုံး ပုံမှန်မိုးရွာသည့် ဒေသများဖြစ်ကြသည်။ ရေပေးနိုင်လျှင် ကောင်းသည်။ တစ်ပင် တစ်နှစ်သားအရွယ် ရေ ၁၀ ဂါလန်ကို ၁ ပတ်လျှင် ၁ ကြိမ် ပေး နိုင်သည်။ ၄ နှစ်သားဆိုလျှင် ၁၀ ဆခန့် ရေပိုပေးရသည်။ အပွင့်ကိုက်ပိုး၊ အသီးဖောက်ပိုး၊ ပန်းခိုင်ပုပ်ရောဂါ၊ အသီးအခွံစိမ်းပေါ်တွင် အစက်အပြောက်ရောဂါတို့ ဖြစ်နိုင်သည်။ အန္တရာယ်မှာ ရှဥ့်နှင့်ြွကက် ဖြစ်သည်။ အသီးသီးချိန်တွင် လာရောက်ဖျက်ဆီးစားသောက် တတ်သည်။

အသီးများ မှည့်ချိန်ခူး (ဝတ်မှုန်ကူးပြီး ၆ လခန့်တွင်)ပြီး အခွံမာသီးမျိုးဖြစ်၍ အသီး အခွံခွာရမည်။ ချက်ချင်းခွာလေ ကောင်းလေဖြစ်၏။ အခွံခွာမှုနှောင့်နှေးလျှင် အစေ့အဆန် အရည်အသွေးကျဆင်းမည်။ ထို့နောက် အစေ့အဆန်ကို အခြောက်ခံရမည်။ ပြီးလျှင် အစေ့အခွံခွာရမည်။ ဤလုပ်ငန်းများသည် စက်ကိရိယာဖြင့် လုပ်ကိုင်မှသာ အရည် အသွေးကောင်း အဆန်ကို ရနိုင်ပါသည်။ နောက်ပိုင်း အစေ့အဆန်ပြုပြင်ခြင်းသည် ရိတ်သိမ်းချိန်လွန် (Post Harvest) နည်းများဖြင့် ကျင့်သုံးနိုင်မှ အဆန် (ုKernel) များ ကောင်းပြီး ရေရှည်မှာ ၁၆ လအထိ ထားသိုနိုင်ကြသည်။ ကော်ဖီစေ့ကဲ့သို့ ပြုပြင်မှု နည်းပညာများ ကျင့်သုံးရပါသည်။ ကြော်လှော်ရာတွင် သီဟိုဠ်စေ့ကဲ့သို့ နည်းစနစ်မှန် ရပါသည်။ အစေ့အဆန်မှရသော ဆီသည် ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေသည့် အဆီဓာတ်၊ ကိုလက်စထရောမပါဝင်သော အလွယ်တကူ ဓာတ်ပြောင်းလဲခြင်းမရှိသည့် မပြည့်ဝသောဆီ (Mono Unsaturated) များ ဖြစ်သည်။

ရွာငံဒေသတွင် မက္ကဒေးမီးယားအပင်ကို ကော်ဖီပင်အတွက် အရိပ်ရပင်အဖြစ် တွဲဖက်စိုက်ကြသည်။ ဈေးကွက်တွင် စားသုံးမှု လိုအပ်ချက်ကို ထုတ်လုပ်မှုက မီအောင် မလိုက်နိုင်သေးသည့် သီးနှံပင်ဖြစ်၍ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် တိုးချဲ့စိုက်ပျိုးနေ ကြသည်။ ထို့ကြောင့် ရာသီဥတုနှင့် ကိုက်ညီသော ရှမ်းပြည်နယ်တွင် တိုးချဲ့စိုက်ပျိုးမှု ရှိနေ သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးပြီး ၄ နှစ်နှင့် အသီးစတင်သီးပြီး နှစ် ၃၀ ကျော် အသီးသီး နေသည့် အပင်များရှိသည်။ ၁ ဧကလျှင် အသီး ၁ တန်မှ ၅ တန်ထွက်သည်။ အစေ့အဆန် ထုတ်ယူပါက အနည်းဆုံး ဝ.၃ တန်မှ၊ အများဆုံး ၂ တန်ကျော်ထွက်သည်။ ချောကလက် တွင် အထဲ၌ အစေ့အဆန်ငယ်လေးများအဖြစ် တွေ့နေရသကဲ့သို့ ရိုင်းစပါးနှင့်ပြုလုပ်သော ကွတ်ကီးမုန့်တွင်လည်း အစေ့အဆန်သေးသေးလေးများ ပါရှိသည်။ မြန်မာ့ထွက်ကုန် မက္ကဒေးမီးယား အစေ့အဆန်ကို  တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယားတို့က  ဝယ်ယူနေ ကြသည်။ အများဆုံးထွက်ရှိသည်မှာ မူရင်းဒေသ ဩစတြေးလျဖြစ်ပြီး အများဆုံး ဝယ်ယူနေသည်မှာ အမေရိကန်နိုင်ငံဖြစ်သည်။ ဒုတိယက တရုတ်ပြည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် တိုးချဲ့စိုက်ပျိုးမှုကို ရာသီဥတုနှင့်ကိုက်ညီသော ဒေသ၊ ဖြစ်ထွန်းသော ဒေသများတွင် စီးပွားဖြစ် နှစ်ရှည်သီးပင်အဖြစ် တိုးချဲ့စိုက်ပျိုးကြလျှင် ဈေးကွက်သည် အနီးတွင် ရှိနေပါသည်။ စီးတီးမတ်နှင့် ကုန်တိုက်ကြီးများတွင် မြန်မာ နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သော မက္ကဒေးမီးယား အစေ့အဆန်များသည် ပြည်ပမှလာသော ထုပ်ပိုးမှုစနစ်ကောင်းသည့် သံဘူးများနှင့် ယှဉ်ပြိုင်ရောင်းချနေသည်ကိုလည်း မြင်တွေ့ နေကြရပြီဖြစ်သည်။

 

Facebook Comments