ဘဲဘီယာ

war tha nar_05  war tha nar_03  war tha nar_02  war tha nar_01

war tha nar_04အမည် – မခိုင်ဇာ

အသက် – ၃၄ နှစ်

နေရပ် – မန္တလေး

          အစ်မက အချက်အပြုတ်ထက် စားတာကိုဝါသနာပါတာမို့ တစ်ဆက်တည်း ချက်ရေးပြုတ်ရေးဘက်ပါ ဝါသနာပါလာတယ်ပဲ ပြောရမှာပေါ့။ စားတတ်တဲ့အရွယ်မှာ ချက်နည်းတွေ စိတ်ဝင်စားနေခဲ့ပြီ။ အခုဟင်း ပွဲလေးချက်ဖြစ်သွားပုံလေးက အိမ်မှာ သူငယ်ချင်းတွေစုစားတိုင်း ချက် ဖြစ်တဲ့ဟင်းပါ။ နည်းနည်းအီတော့ တစ်ယောက်တည်းကလည်း အများကြီး မစားနိုင်တဲ့ဟင်းပေါ့။ မဂ္ဂဇင်းအတွက် ဟင်းနည်းနည်းထူးတာလေး ပေးဆိုလို့ ဒီ ဘဲဘီယာဟင်းလေး ချက်မလားလို့ စဉ်းစားမိသွားတာ။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူခဲ့သလဲဆိုရင် အစ်မနဲ့အတူနေ အဒေါ်က ဟင်းချက်ကောင်းတာမို့ ကြိုက်တဲ့ဟင်း၊ စားချင်တဲ့ဟင်း မှန်သမျှ သူဆီက သင်ထားခဲ့တယ်။

          ဒီဟင်းပွဲလေးရဲ့ ထူးခြားချက်ကတော့ ဘီယာကို ရေအစား ထည့်ချက်ထားတာပေါ့။ တချို့ကတော့ ကြက်သားကိုရော ဒီလိုချက်လို့မရဘူး လားမေးတယ်။ ရတော့ ရတာပေါ့။ ဘဲနဲ့ ဘာလို့ချက်လည်းဆို ဘဲက နူးဖို့ခက်တယ်။ တော်တန်ရုံချက်တာနဲ့ မရဘူး။ အဲဒါ ဘီယာနဲ့ချက်တော့ အနူးလွယ်တယ်၊ အကျက်မြန်တယ်။ စားလို့ကောင်းတယ်။ အစ်မရဲ့ အဒေါ်သင်ပေးတဲ့ ဟင်းတစ်ခွက်ပါပဲ။

          မိသားစုလိုက် လက်ဆင့်ကမ်းလာတာကတော့ ဟင်းချက်နည်းထက် ဟင်းစပ်တည့်တဲ့ အိမ်ချက်ဟင်းအတွဲလေးတွေကို အစ်မက အစ်မ အမေတို့၊ အဒေါ်တို့ဆီကနေ ပိုအတုယူဖြစ်တယ်။ အိမ်မှာ အချက်များတာက ရှမ်းတရုတ်ဟင်းတွေ၊ အညာဟင်းတွေများတယ်။ ရာသီစာအားပြုတဲ့ ဟင်းလေးတွေက အကြိုက်ညီတယ်။

          အချက်အပြုတ်ကို အခြားနေရာတွေက သင်ယူတာဆိုရင်တော့ ဥပမာ စာအုပ်၊ အင်တာနက်။ အစ်မရဲ့ Facebook မှာ အစ်မနဲ့ စိတ်တူ ဝါသနာတူ အစ်ကိုတွေ အစ်မတွေနဲ့ဖွဲ့ထားတဲ့ ဟင်းချက်အဖွဲ့လေးရှိတယ်။ နိုင်ငံစုံကပဲ။ တစ်ယောက်စီရဲ့ ဟင်းချက်နည်း ဟင်းစပ်နည်း ကိုယ်ပိုင်နည်းလေးတွေ မျှကြ အတုယူကြနဲ့ ပျော်စရာကောင်းတယ်။ လောလောဆယ်မှာတော့ အစ်မ မသိတာမှန်သမျှ ချက်ချင်တဲ့ ချက်နည်းမှန်သမျှ သူတို့ကိုပဲ လှမ်းမေးဖြစ်တယ်။

          အခုလို အချက်ပြုတ်ဝါသနာရှင်ကဏ္ဍမှာ ဖော်ပြခွင့်ရတဲ့အတွက် ခံစားချက်က ပျော်တာပေါ့။ ကိုယ်စိတ်ပါ ဝါသနာပါတဲ့ အစားအသောက်အတွက် သီးသန့်ထုတ်တဲ့ မဂ္ဂဇင်းထဲပါရတာ စိတ်ချမ်းသာစရာလေ။ အစ်မကိုယ်တိုင်ကလည်း Food Magazine ရဲ့ ပရိသတ်မို့ ဝါသနာတူ ကိုယ့်ရှေ့က ချက်ပြသွားသူတွေကို အတုယူပြီး နောက်ချက်မဲ့သူတွေလည်း အားပေးနေပါတယ်။ အခု ဒီအစီအစဉ်လေးကို စီစဉ်ပေးတဲ့သူတွေနဲ့ အားပေးနေသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဘဲဘီယာ

►   ပါဝင်ပစ္စည်းများ

♦   ဘဲ   –   တစ်ကောင်

♦   ရှောက်ကောမှုန့်   –   လက်ဖက်ရည်ဇွန်း တစ်ဇွန်း

♦   ပါကောမှုန့်   –   လက်ဖက်ရည်ဇွန်း တစ်ဇွန်း

♦   ငရုတ်ကောင်းမှုန့်   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   ပဲငံပြာရည် အကြည်   –   လက်ဖက် ရည်ဇွန်း ၃ ဇွန်း

♦   ပဲငံပြာရည် အနောက်   –   လက်ဖက်ရည်ဇွန်း တစ်ဇွန်း

♦   ဆား   –   လက်ဖက်ရည်ဇွန်း တစ်ဇွန်း

♦   တရုတ်မဆလာမှုန့်   –   လက်ဖက်ရည်ဇွန်း တစ်ဇွန်း

♦   ဘီယာ   –   ၂ ဘူး

♦   ချင်း   –   လက်တစ်ဆစ် ၃ တက်

♦   ကြက်သွန်ဖြူ   –   တစ်လုံး (သို့) ၁ဝ မြွှာ

♦   ကြက်သွန်နီ   –   ၃ လုံး

♦   နာနတ်ပွင့်   –   ၅ ပွင့်

►   ပြုလုပ်နည်း

၁။      ဘဲနဲ့ ဘီယာကလွဲပြီးကျန်တဲ့အမှုန့်တွေ ပဲငံပြာရည်တွေကို ပန်းကန်လုံးတစ်ခုထဲ နှံ့အောင် ရောထားပါ။

၂။      ချင်း ၂ တက်နဲ့ ကြက်သွန်ဖြူတွေကိုထောင်းပြီး အဲဒီပန်းကန်လုံးထဲကို အရည်ညှစ်ထည့်ပါ။

၃။      ဘဲကို ခေါင်းနဲ့ ခြေထောက်ဖြုတ်ပြီး ခုနကမွှေထားတဲ့ဟာနဲ့ တစ်ကောင်လုံးကို နှံ့အောင် နယ်ပြီး နှပ်ထားပါ။ ထောင်းညှစ်ပြီးသား ချင်းနဲ့ ကြက်သွန်ဖြူကို ဘဲကိုယ်ထဲကိုထည့်ထားပါ။

၎။      ရိုက်(စ) ကွတ်ကာ (သို့) ပေါင်းအိုးထဲကို ဘဲကိုထည့်ပါ။

၅။      ရေအစား ဘီယာထည့်ပါ။

၆။      ချင်းလက်တစ်ဆစ်ကို ပါးပါးလှီးထည့်ပါ။ နာနတ်ပွင့်ကိုထည့်ပါ။ ကြက်သွန်နီကိုဥလိုက် အခွံသင်ပြီး စဉ်းထည့်ပါ။

၇။      ပြီးလျှင် ပေါင်းအိုးခလုတ်ကိုနှိပ်ပြီး တည်ထားပါ။

၈။      ခလုတ်တက်လျှင် အိုးထဲကထုတ်ကာ သုံးဆောင်နိုင်ပါပြီ။ ကိုက်လန်အညွန့်တို့ အာလူးတို့ ထည့်ခြင်းဖြင့် အပေါ့အငန် ထိန်းချုပ်နိုင်ပါသည်။ အချိုးကို သင့်တော်သလို ပြင်ဆင်နိုင်သည်။

Facebook Comments