ဘယ်လိုလှီးချွတ် ပြုပြင်မလဲ

ဘယ်လိုလှီးချွတ် ပြုပြင်မလဲ

TT_9

ခရမ်းချဉ်သီးအခွံနွှာခြင်း

            ခရမ်းချဉ်သီး၏ အောက်ခြေတွင် ကြက်ခြေခတ် ခပ်တိမ်တိမ် ဖြတ်ရာပေးလိုက်ပါ။ အဲဒီခရမ်းချဉ်သီးကို အပူခံဇလုံတစ်လုံးထဲ ထည့်ပြီး ဆူပွက်နေသော ရေပူဖြင့် မြုပ်အောင် လောင်းချပါ။ နှစ်မိနစ်ကြာထားပြီး ရေအေးဖြင့် မြုပ်အောင်လောင်းပြီး အအေးခံလိုက်ပါ။ ထို့နောက် လက်ချောင်းများ အသုံးပြု၍ အရေခွံကို နွှာပစ်ပါ။ ကြက်ခြေခတ် အောက်ခြေကစ၍ ထိပ်ဆုံးအထိ တောက်လျှောက်နွှာလိုက်ပါ။

ကြက်ဥကိုအကာနဲ့ အနှစ်ခွဲမယ်ဆိုရင်

            ကြက်ဥတစ်လုံးကို ဓားတစ်လက်၏ အနှောင့်ဖြင့် အောက်ကဇလုံတစ်ခုခံ၍ ခွဲလိုက်ပါ။ ကြက်ဥအခွံ နှစ်ခြမ်းကိုင်ပြီး အနှစ်ကို ဟိုဘက်ဒီဘက် ပြောင်းထည့်ပါ။ အကာများအောက်က ဇလုံထဲသို့ ကျသွားပါလိမ့်မယ်။ နောက်တစ်နည်းကတော့ ဇလုံငယ်ခပ်ပက်ပက် သို့မဟုတ် ပန်းကန်ပြားတစ်ခုထဲသို့ ကြက်ဥကို ခွဲထည့်ပြီး ကြက်ဥအနှစ်ကို ဖန်ခွက်တစ်ခုဖြင့် အုပ်ကာ၊ ပန်းကန်ပြားကို ဂရုစိုက်၍ အသာလေးစောင့်ငဲ့လိုက်ပြီး သီးခြားဇလုံထဲသို့  အကာရည်များ စီးကျသွားအောင်ပြုလုပ်ပါ။

ခရမ်းချဉ်သီးများမှ အစေ့ထုတ်ခြင်း

            အချို့ ချက်ပြုတ်ပြင်ဆင်နည်းများတွင် အစေ့ထုတ်ထားသော ခရမ်းချဉ်သီးများကို လိုအပ်ပါတယ်။ အများအားဖြင့် နောက်ဆုံးရရှိတဲ့ ရောစပ်မှုဟာ ရေများပြီး ကျဲမနေစေရန် ဖြစ်ပါတယ်။ ပထမဦးစွာ ခရမ်းချဉ်သီးရဲ့ အလျားလိုက်ကို ကန့်လန့် ထက်ခြမ်းခြမ်းပါ။ ပြီးနောက် လက်ဖက်ရည်ဇွန်းတစ်ခုဖြင့် အစေ့များနှင့် အူတိုင်ပျော့ဖတ်များ ကော်ထုတ်ပါ။ (အကယ်၍ အစေ့တွေကို အသုံးပြုရန် လိုအပ်ပါက ၄င်းတို့ကို ဇလုံတစ်လုံးထဲ ကော်ထည့်ထားပါ)။

သံပရိုတစ်လုံးကို အရည်ညှစ်ယူခြင်း

            သံပရိုတစ်လုံးမှ အရည်များများရအောင်ဆိုရင် မိုက်ကရို ဝေ့လျှပ်စစ်မီးဖိုထဲ ထည့်ပြီး အပူချိန်အမြင့် (High) နဲ့ စက္ကန့် ၃ဝ ထားပါ။ သို့မဟုတ် ပူနေသော ရေထဲသို့ မြုပ်အောင်ထည့်ပြီး တစ်မိနစ်ခန့်ထားပါ။ ပြီးတော့ သံပရိုသီးကို ခုံပေါ်တင်၍ နာနာဖိ၍ လှိမ့်ပေးပါ။ သံပရိုသီးထဲရှိ ပျော့ဖတ်အသားကွဲအက်ကာ ညစ်ယူသည့်အခါ အရည်ပိုထွက်လာမှာ ဖြစ်ပါတယ်။

Facebook Comments