ဖက်တီးအသည်း (ဝါ) အသည်းအဆီဖုံးခြင်းနှင့် အစားအသောက်

by ဒေါက်တာလှကြည် for Food Magazine

ဒီဆောင်းပါးမှာ လူအများ နားယဉ်နေပြီဖြစ်တဲ့

“အသည်းအဆီဖုံးခြင်း” အကြောင်းကို နေ့စဉ် စားသုံးနေ ကြတဲ့ အစားအသောက်တွေနဲ့ ဆက်စပ်ပြီး ပြောမှာပါ။

“အသည်းအဆီဖုံးတယ်” ဆိုတာ အင်္ဂလိပ်လို Fatty Infiltration of Liver ကို လူအများ နားလည်လွယ်အောင် ပြောတဲ့စကားဖြစ်ပါတယ်။ မြန်မာလို အတိအကျပြောမယ် ဆိုရင် အသည်းအတွင်းမှာ အဆီများ ထိုးဖောက်ရောက် ရှိနေခြင်းလို့ဆိုလိုပါတယ်။ ပညာရေးဝန်ကြီးဌာန မြန်မာ စာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ Infiltration ကို “စိမ့်ဝင်မှု” ၊ “ထိုးဖောက်မှု”လို့  ဘာသာပြန် ထားပါတယ်။ အထက်တန်းပညာဦးစီးဌာနရဲ့ “ပညာရပ် ဝေါဟာရများ” စာအုပ်မှာလည်း Infiltration  ကို “စိမ့်ဝင် ခြင်း” လို့ပဲ ဘာသာပြန်ထားပါတယ်။ ဒီတော့ Fatty Infiltration of Liver  ဆိုတဲ့ အခြေအနေဟာ တကယ် တော့ အသည်းရဲ့အတွင်းပိုင်း  (အတွင်းပိုင်း) မှာ အဆီတွေ စိမ့်ဝင်ပြီး စုမိနေခြင်း ဖြစ်ပါတယ်။

လူတိုင်းရဲ့အသည်းမှာ အဆီအနည်းငယ်ရှိနေပါ တယ်။ အသည်းထဲမှာရှိနေတဲ့ အဆီပမာဏဟာ ရှိသင့် တာထက် အလွန်အမင်း ပိုများနေပြီဆိုလျှင်တော့ အဲဒီ အခြေအနေကို Fatty Liver (ဖက်တီးအသည်း) လို့ ပြော ပါတယ်။ ခန္ဓာကိုယ်မှာ အဆီတွေများနေတဲ့ ဝဝကစ်ကစ် ကလေးငယ်တွေကို “ဖက်တီးလေး” ၊ “ဖက်တီးမလေး” လို့ ချစ်စနိုးပြောကြသလို ခန္ဓာကိုယ်မှာ အဆီတွေများနေ တဲ့ ဝဝဖိုင့်ဖိုင့်လူကြီးတွေကို “ဖက်တီးကြီး” ၊ “ဖက်တီး မကြီး” လို့ အားရပါးရပြောကြပါတယ်။ အလားတူပဲ အတွင်းမှာ အဆီတွေ ပုံမှန်ထက်ပိုပြီးများနေတဲ့ အသည်း ကို ဖက်တီးအသည်းလို့ ပြောခြင်းဖြစ်ပါတယ်။

အသည်းကိုအဆီဖုံးတယ်လို့ပြောတာက တကယ် တော့ အသည်းရဲ့အတွင်းပိုင်း (အတွင်းပိုင်း) မှာ အဆီတွေ အများကြီးရှိနေတဲ့အခြေအနေမျိုးဆိုတာကို သိစေချင်လို့ ဖက်တီးအသည်းလို့ ပြောတာပါ။ အထဲမှာ အဆီတွေ အများအပြား စိမ့်ဝင်ပြီး စုမိနေတဲ့အတွက် အရောင်ဝါပြီး အရွယ်အစားကြီးနေတဲ့အသည်း (လက်ယာဘက်ပုံ) ကို ပုံမှန်အရွယ်အစားရှိပြီး ကျန်းမာတဲ့ နီညိုရောင်အသည်း (လက်ဝဲဘက်ပုံ) နဲ့ ယှဉ်ပြထားပါတယ်။

ကျန်းမာတဲ့အသည်းနဲ့ ဖက်တီးအသည်းရဲ့ အသားစ နမူနာတွေကို မိုက်ခရိုစကုပ် (Microscope) အောက်မှာ ကြည့်လိုက်ရင် ဖက်တီးအသည်းရဲ့ ဆဲလ် (Liver Cell)တွေကြားမှာ အဆီပူဖောင်း (Fat Globule) တွေကို အဖြူရောင်အကွက်ကလေးတွေအဖြစ် တွေ့ရပုံကို သက် ဆိုင်ရာအသည်းရဲ့ အပေါ်ဘက်မှာ လေးထောင့်အကွက် ကလေးတွေနဲ့ ပြထားပါတယ်။  ဒီအခြေအနေကို ဆေး ပညာစကားနဲ့ Hepatic Steatosis လို့ ပြောကြပြန်ပါ တယ်။ Hepatic က အသည်း၊ Stearosis က  အဆီတွေ စုမိနေတဲ့အခြေအနေလို့ အသီးသီးအဓိပ္ပာယ်ရတဲ့ အတွက် Hepatic Steatosis ဆိုတာလည်း အသည်းထဲ မှာ အဆီစုနေတဲ့အခြေအနေကို ပြောခြင်းဖြစ်ပါတယ်။ အသည်းအတွင်းမှာ အဆီများလွန်းတဲ့ ဖက်တီးအသည်း ကနေ အသည်းထဲမှာ အမာရွတ်ဖြစ်ခြင်း (Fibrosis)၊ အသည်းခြောက်ခြင်း (Cirrhosis)၊ အသည်းကင်ဆာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် ဒီအခြေ အနေကို ရောဂါတစ်ခုအနေနှင့် ဖက်တီးအသည်း ရောဂါ (Fatty Liver Disease-FLD) လို့ အမည်ပေးထား ပါတယ်။

အရက်နှင့် ဖက်တီးအသည်း

ဖက်တီးအသည်းရောဂါကို အရက်စွဲနေသူတွေမှာ အများဆုံး တွေ့ရပါတယ်။ အရက်ကို ကာလကြာရှည် အများအပြားသောက်သူတွေမှာ အသည်းအတွင်း အဆီ တွေများလာတတ်ပါတယ်။ အဲဒီအဆီတွေက ဟင်းချက် ဆီတွေနဲ့ အမဲဆီ၊ ဝက်ဆီတို့မှာ ပါနေတဲ့ ထရိုင်ဂလစ် စရိုက် (Triglyceride) ဆိုတဲ့  အဆီအမျိုးအစားတွေ ဖြစ်ပါ တယ်။

ဖြစ်ပုံက ဒီလိုပါ။ အရက်သောက်လိုက်တဲ့အခါ အရက်မှာပါတဲ့ အယ်လ်ကိုဟော (Ethyl Alcohol) ကို အသည်းက ချေဖျက်ပေးရပါတယ်။ အီသိုင်းအယ်လ်ကို ဟောကို ပထမ Acetaldehyde ဆိုတဲ့ ဓာတ်ပေါင်း ဖြစ် သွားအောင်လုပ်ရပါတယ်။ နောက်တစ်ဆင့် Acetic Acid ဆိုတဲ့ ဓာတ်ပေါင်းဖြစ်အောင် လုပ်ရပါတယ်။ Acetic Acid ဆိုတာ ရှလကာရည်မှာပါတဲ့ အက်ဆစ်အမျိုးအစား ဖြစ် ပါတယ်။ နောက်ဆုံးကျမှ ရေနှင့် ကာဗွန်ဒိုင်အောက်ဆိုက် (Carbondioxide) ဖြစ်အောင် ပြောင်းလိုက်ပြီး ရေက ဆီးထဲကနေ ထွက်သွားပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ကတော့ အသက်ရှူထုတ်လိုက်တဲ့ လေထဲကနေ ထွက် သွားပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာ ထွက်ပေါ်လာတဲ့  ဓာတ်ပစ္စည်း အချို့က ဖက်တီးအက်ဆစ် (Fatty Acid) တွေ ထုတ်လုပ်မှု ကို အားပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဖက်တီးအက်စစ်တွေ များလာစေပါတယ်။ တစ်ချိန်တည်း မှာပဲ ဖက်တီးအက်စစ်တွေ ကုန်သွားအောင် အသုံးပြု တဲ့လုပ်ငန်း (Oxidation of Fatty Acid) ကိုတော့ နှေးသွားစေတယ်။ ထုတ်လုပ်မှုက များပြီး သုံးစွဲမှုက နည်းနေတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ များလာတဲ့ ဖက်တီးအက်စစ်တွေကို အသည်းက ထရိုင်ဂလစ်စရိုက် အဆီတွေဖြစ်အောင် ပြောင်းလိုက်ပါတယ်။ နှစ်ကာလ ကြာတဲ့အခါ အသည်းထဲမှာ အဆီတွေများလာပြီး ဖက်တီအသည်း၊ အသည်းရောင်ခြင်း စတဲ့ အခြေအနေ ကို ရောက်လာခြင်း ဖြစ်ပါတယ်။

အရက်မသောက်သည့်သူများ

အရက်မသောက်တဲ့ သူများမှာလည်း ဖက်တီး အသည်းဖြစ်နိုင်ပါတယ်။ အရက်မသောက်တဲ့သူများမှာ ဖက်တီးအသည်း ဘယ်လိုဖြစ်လာတယ်ဆိုတာကိုတော့ အရက်သောက်သူများအကြောင်း ပြောခဲ့တုန်းကလို သေသေချာချာရှင်းမပြနိုင်ပါဘူး။ ဘယ်လိုလူတွေမှာ ဖက်တီးအသည်း ပိုပြီးဖြစ်တတ်တယ်ဆိုတာပဲ ပြောနိုင်

ပါတယ်။ ဥပမာ- Metabolic Syndrome ဆိုတဲ့ ရောဂါ လက္ခဏာစုရှိနေတဲ့သူတွေမှာ ဖက်တီးအသည်း ဖြစ်နိုင် ခြေ ပိုများပါတယ်။ Metabolic Syndrome ဆိုတာက (၁) ဗိုက်ရွှဲပြီး ဝခြင်း၊ (၂) သွေးထဲမှာ ထရိုင်ဂလစ်စရိုက်အဆီ ဒါမှမဟုတ် မကောင်းတဲ့ ကိုလက်စထရောတွေ များနေ ခြင်း၊ (၃) သွေးထဲမှာ ကောင်းတဲ့ ကိုလက်စထရော နည်း နေခြင်း၊ (၄) သွေးပေါင်ချိန်များနေခြင်းနှင့် (၅) အင်ဆူ လင်ကို ယဉ်ပါးနေခြင်း (Insulin Resistance) ဆိုတဲ့ လက္ခဏာငါးခုအနက်

အနည်းဆုံးသုံးခုရှိနေတာကိုပြောခြင်းဖြစ်ပါတယ်။ Metabolic Syndrome ကို ဇီဝဖောက်ပြန်မှုလက္ခဏာစု လို့ ဘာသာပြန်ရင် ရမယ်လို့ထင်ပါတယ်။

အင်ဆူလင်ကို ယဉ်ပါးခြင်းဆိုတာ ကစီ၊ သကြား ပါတဲ့ အစားအစာတွေ စားလိုက်တဲ့အခါ ခန္ဓာကိုယ်က

အင်ဆူလင်ဟော်မုန်းထုတ်လုပ်နိုင်ပါလျက် ဆဲလ် (ဥပမာ ြွကက်သားဆဲလ်) တွေက အင်ဆူလင်ကို အရေးမလုပ် တာပါ။ အင်ဆူလင်ရဲ့ တိုက်တွန်းချက်အတိုင်း သွေးထဲက ဂလူးကို့စ်တွေကို ဆဲလ်တွေအတွင်း ရောက်အောင် သွင်း မယူပါဘူး။  ရလဒ်အနေနဲ့ သွေးထဲမှာ ဂလူးကို့စ် သကြား တွေများပြီး  သွေးချိုလာနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာ တာကို ပြောခြင်းဖြစ်ပါတယ်။

ဖက်တီးအသည်းအမျိုးအစားများ

အရက်ကြောင့်ဖြစ်တဲ့ ဖက်တီးအသည်း (Alcoholic Fatty Liver) နှင့် အရက်ကြောင့် မဟုတ်တဲ့ ဖက်တီး အသည်း (Non-alcoholic Fatty Liver) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ ဖက်တီးအသည်းမှာ ရော၊ အရက်ကြောင့်မဟုတ်တဲ့ ဖက်တီးအသည်းမှာပါ အသည်းတစ်ရှူးတွေမှာ ရောင်ရမ်းမှုလက္ခဏာ (Signs of Inflammation) မရှိတဲ့ ရိုးရိုးဖက်တီးအသည်းနှင့် ရောင်ရမ်းမှုလက္ခဏာတွေရှိတဲ့ အသည်းရောင် ဖက်တီး အသည်းဆိုပြီး ရှိပြန်ပါတယ်။ ဥပမာ- အရက်ကြောင့် မဟုတ်တဲ့ ရိုးရိုးဖက်တီးအသည်းရောဂါ (Non-alcoholic Fatty Liver Disease-NAFLD) နှင့် အရက်ကြောင့်

မဟုတ်တဲ့ အသည်းရောင်ဖက်တီးအသည်းရောဂါ  (Non-alcoholic Steatohepatitis-NASH) ဆိုပြီး  နှစ်မျိုးရှိပြန်ပါ တယ်။ Steatohepatitis ဆိုတဲ့စကားလုံးက အဆီတွေ စုနေတာရော၊ အသည်းရောင်ရမ်းနေတာကိုပါ ဖော်ပြနေ ပါတယ်။

ရောင်ရမ်းမှုလက္ခဏာတွေဆိုတာက ဥပမာ- အရေ ပြားကို ဆူးနဲ့ ခပ်နာနာလေးခြစ်လိုက်တဲ့အခါ၊ လက်စွယ် ငုပ်တဲ့အခါတွေမှာ ဒဏ်ရာတစ်ဝိုက် (၁) နီလာတာ၊

(၂) ရောင်ပြီး ဖောင်းလာတာ၊ (၃) ပူလာတာ၊ (၄) အဲဒီ အစိတ်အပိုင်းဟာ ပုံမှန်အလုပ်မလုပ်နိုင်တော့တာတွေ ကို  ပြောခြင်းဖြစ်ပါတယ်။ မိုက်ခရိုစကုပ် (Microscope)နဲ့ကြည့်ရင် ရောင်ရမ်းနေတဲ့နေရာမှာ သွေးကြောတွေ ဖောင်းနေတာ၊ သွေးဖြူဥတွေများနေတာကို မြင်ရပါ တယ်။ ဒါတွေဟာလည်း ရောင်ရမ်းခြင်းရဲ့ လက္ခဏာတွေ ပါပဲ။

ရောင်နေတဲ့အသည်းဟာ ပုံမှန်ထက် ကြီးလာပါ တယ်။ ဖိလိုက်ရင်၊ ထုလိုက်ရင် နာပါတယ်။ မိုက်ခရို စကုပ်အောက်မှာ ကြည့်လိုက်ရင် အဆီဖောင်းလေးတွေ အပြင် ရောင်ရမ်းတဲ့ လက္ခဏာတွေကိုလည်း တွေ့ရပါ တယ်။ အချိန်ကြာလာတဲ့အခါ အသည်းမှာ အရွတ်

တွယ်ခြင်း (Hepatic Fibrosis)၊ အသည်းခြောက်ခြင်း (Cirrhosis)၊ အသည်းကင်ဆာဖြစ်ခြင်းဆိုတဲ့ အခြေအနေ တွေဖြစ်လာနိုင်တဲ့အန္တရာယ်ဟာ ရိုးရိုးဖက်တီးအသည်း ထက် အသည်းရောင်ဖက်တီးအသည်းရှိသူတွေမှာ ပိုများ ပါတယ်။

ဖက်တီးအသည်းမဖြစ်အောင်

မည်ကဲ့သို့ကာကွယ်ကြမလဲ

အရေးကြီးဆုံးအချက်က အရက်ကို တရားလွန် မသောက်ဖို့၊ အရက်မစွဲအောင် ဆင်ခြင်ဖို့ ဖြစ်ပါတယ်။ အရက်စွဲတယ်ဆိုတဲ့ စကားကိုတော့ အထူးရှင်းပြဖို့ လို မယ် မထင်ပါဘူး။ အရက်ကို မသောက်ရရင် မနေနိုင် အောင် စွဲလမ်းနေတာပဲပေါ့။ အရက်ကို တရားလွန် သောက်တယ်ဆိုတာကိုတော့ ရှင်းဖို့လိုပါတယ်။ သောက် တဲ့ပမာဏများလွန်းတာကိုပြောတာပါ။  အရက်အမျိုးမျိုး မှာ ပါနေပြီး အသည်းကို ဒုက္ခပေးတဲ့ ဓာတ်ပေါင်းဟာ အီသိုင်းအယ်လ်ကိုဟော (Ethyl Alcohol) ဖြစ်ပါတယ်။

အရက်တစ်ခွက်ဆိုသည်မှာ

အမေရိကန်ပြည်ထောင်စုမှာ အရက်တစ်ခွက်  (One Standard Drink) ဆိုတာ အယ်လ်ကိုဟော ၅% ပါတဲ့ ဘီယာ ၁၂ အောင်စ၊ အယ်လ်ကိုဟော ၁၂% ပါတဲ့ ဝိုင်

၅ အောင်စ၊ အယ်လ်ကိုဟော ၄၀% ပါတဲ့ ဝီစကီ

၁ . ၅ အောင်စကို ပြောခြင်း ဖြစ်ပါတယ်။  အယ်လ်ကိုဟော ၁၄ ဂရမ်စီပါဝင်ပါတယ်။ အမျိုးသားများက တစ်ရက်မှာ အရက်နှစ်ခွက်၊ အမျိုးသမီးများက တစ်ရက်မှာ တစ်ခွက် သောက်ခြင်းဟာ အသင့်အတင့်သောက်သုံးခြင်း ဖြစ်ပါ တယ်။

အရက်ကို နှစ်ရှည်လများ သောက်တယ်ဆိုရာမှာ အမျိုးသားများက ရက်သတ္တတစ်ပတ်မှာ အယ်လ်ကို ဟော  ၂၁ ခွက်၊  အမျိုးသမီးများက ရက်သတ္တတစ်ပတ်မှာ အယ်လ်ကိုဟော ၁၄ ခွက်ထက်ပိုပြီး မှန်မှန်သောက်ခြင်း ဟာ ဖက်တီးအသည်းဖြစ်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

အရက်ကို ကာလတိုအတွင်း တရားလွန်သောက် ခြင်းကလည်း ဖက်တီးအသည်း ဖြစ်စေနိုင်ပါတယ်။ ဥပမာ နှစ်နာရီအတွင်း အယ်လ်ကိုဟော ၄၊ ၅ ခွက် သောက်သုံး ခြင်းကို တရားလွန်သောက်တယ်လို့ ဆိုနိုင်ပါတယ်။ အသည်းဟာ တစ်နာရီအတွင်း အယ်လ်ကိုဟော တစ်ခွက် စာကိုသာ ချေဖျက်ပေးနိုင်လို့ ဖြစ်ပါတယ်။ အရက်ကို

၃၊ ၄ ရက် ဆက်တိုက်မရပ်မနားသောက်ခြင်း (Binge Drinking) ကလည်း အသည်းကို ထိခိုက်ပျက်စီးစေပါ တယ်။ အမျိုးသားတစ်ယောက်က နှစ်နာရီအတွင်း အရက် ငါးခွက် သို့မဟုတ် ထိုထက်မကသောက်ခြင်း၊ အမျိုးသမီး တစ်ယောက်က နှစ်နာရီအတွင်း အရက် လေးခွက် သို့မဟုတ် ထိုထက်မကသောက်ခြင်းဟာ အလွန်အမင်း သောက်ခြင်း (Binge Drinking) ဖြစ်ပါတယ်။

အရက်စွဲနေသူတွေတောင်  အရက်ဖြတ်လိုက်ရင် ဖက်တီးအသည်း အဆင့်ကနေ အသည်းမှာ အရွတ်တွယ် တဲ့အဆင့်၊ အသည်းခြောက်တဲ့အဆင့်တွေ မရောက် တော့ဘဲ ပြန်ကောင်းသွားနိုင်တယ်လို့ သိရပါတယ်။

အဝလွန်သူတွေမှာ ပိုဖြစ်တယ်ဆိုတော့ အဝမလွန် အောင် ကိုယ်အလေးချိန်ထိန်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အားကစားလိုက်စားခြင်းတို့ ပြုလုပ်သင့်ပါတယ်။ အချို့သောဆေးဝါးတွေ ဥပမာ- ဒီနေ့ လူသုံးအများဆုံးလို့ပြောနိုင်တဲ့ ပါရာစီတမောက အညွှန်း ထက် အလွန်အကျွံပိုပြီးသောက်မယ်၊ ကာလကြာရှည် သောက်နေမယ်ဆိုရင် အသည်းကို  ဒုက္ခပေးနိုင်ပါ တယ်။ သွေးထဲမှာ ခိုလက်စထရောကျစေတဲ့ စတက်တင် (Statin) ဆေးတွေကလည်း အသည်းကို ဒုက္ခပေးနိုင်ပါ တယ်။ ဗီတာမင်အေဆေးလုံး၊ သံဓာတ်အားဆေးကအစ သောက်တာများလွန်းလျှင် အသည်းကို ဒုက္ခပေးနိုင်တာ ကြောင့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ သောက်သုံး သင့်ပါတယ်။

ရှောင်သင့်သည့် အစားအသောက်များ

ဖက်တီးအသည်းမဖြစ်အောင် ရှောင်သင့် ဆင်ခြင် သင့်တဲ့ အစာ (၄) မျိုးကို ပြောပါမယ်။

(၁)       ပထမဆုံး  ပြည့်ဝဆီတွေ ရှောင်သင့်ပါတယ်၊ သွေး ထဲမှာ ကိုလက်စထရောများစေလို့ ဖြစ်ပါတယ်။ အမဲဆီ၊ ဝက်ဆီ၊ ဘဲအရေပြား စတဲ့ တိရစ္ဆာန်အဆီ များနှင့် အုန်းဆီတို့က ပြည့်ဝဆီများဖြစ်ပါတယ်။

(၂)       ဒုတိယအနေနဲ့ Trans Fat ဆိုတဲ့ အသွင်ပြောင်း ဆီ တွေကလည်း သွေးထဲမှာ မကောင်းတဲ့ ကိုလက် စထရောတွေကို များစေတဲ့အပြင် ကောင်းတဲ့ ကိုလက်စထရောကိုလည်း နည်းစေပါတယ်။

အသွင်ပြောင်းဆီတွေကို မစားမိအောင် အီကြာ ကွေး၊ ဘယာကြော်၊ စမူဆာကြော်၊ ဘူးသီးကြော် စတဲ့ အကြိမ်ကြိမ် ပြန်သုံးထားတဲ့ ဆီများနှင့် ကြော် ထားတဲ့ ရောင်းတမ်းအကြော်မုန့်များကို ရှောင်ကြဉ် သင့်ပါတယ်။ မိမိအိမ်မှာလည်း ဆီကိုကြော်ရာမှာ တစ်ကြိမ်သုံးပြီးရင် နောက်တစ်ကြိမ် ထပ်မံမသုံး သင့်ပါဘူး။

(၃)       တတိယအနေနဲ့ ရောင်ရမ်းမှုကို အားပေးတဲ့ အိုမီဂါ -၆ (Omega-6) ဖက်တီးအက်စစ်တွေကို များ များမစားသင့်ပါဘူး။ အိုမီဂါ ဖက်တီးအက်စစ် (Omega Fatty Acid) မှန်သမျှ များများစားလေ ကောင်းလေလို့ မထင်ပါနှင့်။ ဆူးပန်းဆီ (Safflower Oil) ဟာ အိုမီဂါ-၆ အများဆုံးဖြစ်ပြီး မြန်မာတွေ စားနေကျ နေကြာဆီ၊ ပြောင်းဆီ၊ ဝါစေ့ဆီ၊ နှမ်းဆီ တို့ဟာ အိုမီဂါ-၆ များပါတယ်။  ဟင်းချက်ဆီတွေကို လျှော့စားခြင်းဖြင့် အိုမီဂါ-၆ စားသုံးမှုကို နည်းစေ ပါတယ်။

(၄)       စတုတ္ထအနေနဲ့ ဖရပ်တို့စ် (Fructose) ဆိုတဲ့

သစ်သီး သကြားစားသုံးမှု များလွန်းတာကလည်း အသည်းကို ဝန်ပိစေပါတယ်။ လူ့ခန္ဓာကိုယ်မှာ ဖရပ်တို့စ်သကြားကို အသုံးပြုနိုင်တဲ့ အင်္ဂါအစိတ် အပိုင်းဆိုလို့ အသည်းတစ်ခုပဲရှိပါတယ်။ အသည်း က ဖရပ်တို့စ်သကြားကို ဖက်တီးအက်ဆစ်အဖြစ် ပြောင်းနိုင်ပါတယ်။ ဖရပ်တို့စ်သကြား စားသုံးမှု များလျှင် သွေးထဲမှာ ဖက်တီးအက်ဆစ်တွေ များ လာနိုင်ပါတယ်။ သစ်သီးစားလို့ ဖရပ်တို့စ်သကြား များသွားတယ်ဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဖရပ်တို့စ် သကြားရည် (High-fructose Corn Syrup-HFCS) နှင့် ချိုအောင်လုပ်ထားတဲ့ အချိုရည် တွေ၊ မုန့်တွေက အသည်းကို ဒုက္ခပေးနိုင်တာမို့ အချိုရည်များနှင့် အချိုအရသာမုန့်များ စားသုံးမှုကို ဆင်ခြင်ရပါမယ်။

စားသင့်သည့် အစားအသောက်များ

အာဟာရပြည့်ဝတဲ့ အစားအစာများကို  စုံစုံလင်လင် မျှမျှတတစားဖို့ အရေးကြီးပါတယ်။   အပင်ထွက်ပရိုတင်း များနှင့် ဗီတာမင်များ ရရှိအောင်  ဟင်းသီးဟင်းရွက် သစ်သီးဝလံများစားသင့်ပါတယ်။ ယခုခေတ်မှာ လူတွေ က အိုမီဂါ-၆ ဖက်တီးအက်စစ်တွေကို အိုမီဂါ-၃ ဖက်တီး အက်စစ်တွေထက် ၁၀ ဆ၊ ၁၅ ဆလောက် ပိုပြီးစားနေ ကြပါတယ်။ အိုမီဂါ-၆ နှင့် အိုမီဂါ-၃ တို့ရဲ့ အချိုးအဆ မျှသွားအောင် အိုမီဂါ-၆ ြွကယ်ဝတဲ့ ဟင်းချက်ဆီတွေ လျှော့ဖို့အပြင် အိုမီဂါ-၃ များတဲ့ နှမ်းကြတ်ဆီ (Flaxseed Oil) လို ဆီမျိုးကို သုံးသင့်ပါတယ်။ နှမ်းကြတ်ဆီက မြန်မာ နိုင်ငံမှာ လူသုံးနည်းလေတော့ အိုမီဂါ-၃ တစ်မျိုးတည်း (တစ်မျိုးတည်း) ပါတဲ့ ငါးအဆီဆေးလုံး (Fish Oil) တွေ ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးခြင်းက အိုမီဂါ-၆ နှင့် အိုမီဂါ-၃ တို့ရဲ့  အချိုးအဆ မမျှမတဖြစ်နေ တာကို ပြုပြင်ပေးနိုင်ပါတယ်။

Facebook Comments

Menu