ပုသိမ်မြို့သို့ အလည်တစ်ခေါက်

ပုသိမ်မြို့သို့ အလည်တစ်ခေါက်

          ပုသိမ်မြို့ကို သွားလည်မယ်လို့ စိတ်ကူးလိုက်တာနဲ့ ဘယ်ကားစီးရမှာလဲ၊ ကားဂိတ်က ဘယ်မှာလဲ၊ စပြီး စုံစမ်းရပါတော့တယ်။ လှိုင်သာယာမှာရှိတဲ့ ဧရာဝတီတိုင်းဘက်သွားတဲ့ ကားဂိတ်ကနေ သွားရမယ်ဆိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ အဲဒီကားဂိတ်ကို တစ်ခါမျှမရောက်ဖူးပါ။ အဲဒါနဲ့ ပြည်ကနေ ရန်ကုန်ကိုရောက်နေတဲ့ ညီမတစ်ယောက်က ပုသိမ်က သူ့သူငယ်ချင်းတစ်ယောက်ကို လှမ်းပြီးမေးပေးပါတယ်။ ကြည့်မြင်တိုင် နတ်စင်လမ်းထဲမှာ ပုသိမ်ကားဂိတ်ရှိတဲ့အကြောင်း၊ အဲဒီကမှတစ်ဆင့် လှိုင်သာယာအဝေးပြေးကို ပို့ပေးကြောင်းပြောပြပြီး ကားဂိတ်ဖုန်းနံပါတ်ပါပေးလို့ ဖုန်းဆက်ပြီးတော့ ကားလက်မှတ်ဝယ်လိုက်တယ်။

          နောက်နေ့မနက်မှာ ပြောထားတဲ့အချိန်ထက် နည်းနည်းစောပြီး ကားဂိတ်ရောက် သွားတော့ VIP ကားကို မီသေးတယ်လို့ပြောတာနဲ့ ကားလက်မှတ်ချိန်းပြီး VIP နှစ်ထပ် ကားနဲ့စီးဖြစ်သွားတယ်။ ကြည့်မြင်တိုင်ကနေ အဝေးပြေးအထိ ဖယ်ရီနဲ့ပို့ပေးပြီး ဂိတ်ရောက်တာနဲ့ ပုသိမ်သွားမယ့် ကားပေါ်တင်ပေးပါတယ်။

          ရန်ကုန်ကနေ ပုသိမ်ခရီးက လေးနာရီပဲကြာမြင့်ပါတယ်။ မိုးတွင်းဖြစ်တဲ့အတွက် ကားကို ဖြည်းဖြည်းမှန်မှန်မောင်းပါတယ်။ အဲဒီအတွက် ကားဆရာကို ကျေးဇူးတင်ပါတယ်။ ပန်းတနော်ရောက်တော့ မနက်စာအတွက် ခဏရပ်ပေးပါတယ်။ ကျွန်တော် စီးလာခဲ့တဲ့ကားက ရွှေမင်္ဂလာကားဖြစ်တဲ့အတွက် ပန်းတနော်မြို့အဝင်က ရွှေမင်္ဂလာ ကားရပ်နားစခန်းမှာ နားပါတယ်။

          ကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်လိုက်တာနဲ့ ရွာသစ်မုန့်ဟင်းခါးနဲ့ မြန်မာမုန့် မျိုးစုံရတယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ရပါတယ်။ ရွာသစ်မုန့်ဟင်းခါးကိုတော့ ပုသိမ်ရောက်မှစားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး လက်ဖက်ရည်ချိုပေါ့တစ်ခွက်နဲ့ မုန့်လိပ်ပြာ တစ်ပွဲမှာစားဖြစ်လိုက်တယ်။

          မနက်စာစားပြီးတာနဲ့ ပုသိမ်ကို ခရီးဆက်ခဲ့ပါတယ်။ မိုးရာသီစပါးစိုက်ချိန်ဖြစ်လို့ စပါးခင်းတွေက စိမ်းစိုလို့နေပါတယ်။ လမ်းဘေးမှာရှိတဲ့ ချောင်းတွေဆိုရင် ရေလျှံပြီး ချောင်းငယ်လေးတွေမှာ လှေငယ်လေးတွေနဲ့ ခရီးသွားနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ တချို့နေရာတွေဆိုရင် ရေပြင်ကျယ်ကြီးက ပင်လယ်လားလို့ အောက်မေ့ရအောင် ကြီးလှပါတယ်။ ဒီမြင်ကွင်းတွေကတော့ မိုးရာသီရဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ရှုခင်းအလှတွေပါပဲ။

          လမ်းနံဘေးဝဲယာကိုကြည့်ရင်း ရေပြင်ကျယ်ကြီးမှာ လှေလှော်ကစားချင်တဲ့စိတ်က တဖွားဖွား ပေါ်နေမိပါတယ်။ မိုးကလည်း အဆက်မပြတ်ရွာနေဆဲပါပဲ။ ဒါပေမဲ့ သဲကြီးမဲကြီးရွာတဲ့မိုး မဟုတ်လို့ အဆင်ပြေပြေနဲ့ ပုသိမ်မြို့ကို ရောက်ခဲ့ပါတယ်။

          ပုသိမ်ကို မလာခင်ကတည်းက လမ်းမှာ ထမင်းမစားခဲ့နဲ့လို့ အကြိမ်ကြိမ်မှာထားခဲ့တဲ့ သူငယ်ချင်းက ကားဂိတ်မှာ လာပြီးကြိုပါတယ်။ တကယ်လို့ လာကြိုတဲ့သူမရှိလည်း မြို့ထဲကို အကြိုအပို့လုပ်ပေးတဲ့ ဖယ်ရီနဲ့ သွားနိုင်သလို Taxi လို့ ဆိုင်းဘုတ် ကပ်မထားတဲ့ အငှားကားတွေနဲ့လည်း မြို့ထဲကို သွားနိုင်ပါတယ်။

          အဲဒီနေ့မှာ ကျွန်တော်ကတော့ လာကြိုတဲ့သူငယ်ချင်းရဲ့ကားနဲ့ပဲ နေ့လယ်စာစားဖို့ ပုသိမ်မြို့က နာမည်ကြီးမြန်မာထမင်းဆိုင် ထီးရိပ်ကိုရောက်ခဲ့ပါတယ်။ ပုသိမ်မြို့ရဲ့ အငွေ့အသက်လေးတွေပါအောင် ပုသိမ်ထီးရောင်စုံတွေနဲ့ အလှဆင်ထားသလို ထီးရိပ်ဆိုတဲ့ နာမည်လေးကလည်းလှပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ထီးရိပ်မှာ မှာစားဖြစ်ခဲ့တဲ့ ဟင်းတွေကတော့ ကြက်ရခိုင်ချက်၊ ဆိတ်ပဲဟင်း၊ ပုစွန်ကင်မွန်းချဉ်ဟင်း၊ သခွားသီးသုပ်၊ မြင်းခွာရွက်သုပ်၊ ချဉ်ပေါင်ကြော်၊ ခရမ်းသီးနှပ်၊ တို့စရာနဲ့ ငါးပိထောင်းတို့ပါပဲ။ တို့စရာထဲမှာ စာကလေးခြေထောက်ကတော့ လတ်ဆတ်ပြီး ငါးပိထောင်းနဲ့ လိုက်ဖက်ပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့ ညီမက ကျွန်တော်တို့ စားပွဲဝိုင်းကိုရောက်လာပြီး ငါးသိုင်းချောင်းငါးငါးပိချက် လေးမြည်းဖို့ လက်ဆောင်လာပေးပါတယ်။ စားလို့အရမ်းကောင်းလိုက်တာ။ တို့စရာမျိုးစုံနဲ့ အားရပါးရစားဖြစ်ခဲ့တယ်။ နောင်ဆိုရင် ငါးသိုင်းချောင်းငါးငါးပိရှာပြီး ဝယ်စားရတော့မယ်။

          ထမင်းစားပြီးတာနဲ့ တည်းခိုမယ့် Centro City Hotel ကို မသွားသေးဘဲ ပထမအကြိမ်ရောက်တဲ့ ပုသိမ်မြို့အလှကိုခံစားဖို့ ကမ်းနားဘက်ကို သွားကြတယ်။ မိုးတွင်းဆိုတော့ ငဝန်မြစ်ရေက ပြည့်လျှံပြီး ကမ်းနားလမ်းပေါ်အထိတက်နေပါပြီ။ ရောက်တုန်းလေး အမှတ်တရဓာတ်ပုံလေးရိုက်ပေါ့။ တစ်ဖက်ကမ်းကတော့ ပုသိမ်မြို့မှာ နာမည်ကြီး ရွာသစ်မုန့်ဟင်းခါးထွက်တဲ့ ရွာသစ်ရွာလေးပါ။ မနက်ဆို လှေနဲ့ ပုသိမ်မြို့ ဘက်ကူးလာပြီး ရောင်းတယ်လို့ သိရပါတယ်။ နောက်နေ့ကျရင် စားဖြစ်အောင် စားရမယ်လို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။

          ကမ်းနားပုသိမ်အကြောင်းပြောရင် ငပုတောဆိုတဲ့ မြို့လေးအကြောင်း ပါလာတော့ စိတ်ဝင်စားသွားတယ်။ အဲဒီမြို့ငယ်လေးမှာ ဘာတွေရှိသလဲဆိုတာ မသိပေမယ့် အကြိမ်ကြိမ်ကြားဖူးနေပြီး စိတ်ဝင်စားလို့ ငပုတောဘက်ကို ကားနဲ့ ဆက်သွားဖြစ်လိုက်တယ်။ လမ်းတစ်လျှောက်မှာ စပါးခင်းတွေက တစ်မျှော်တစ်ခေါ်နဲ့မို့ အရမ်းကိုလှနေပါတယ်။ မိုးဖွဲဖွဲလေးရွာပြီးနေလို့ ဓာတ်ပုံမှတ်တမ်းမတင်နိုင်ခဲ့ပါဘူး။ ပုသိမ်ကနေ ငပုတောကို တစ်နာရီလောက် ကားမောင်းရင် ရောက်ပါတယ်။ နေ့စဉ် ပုသိမ်နဲ့ ငပုတောကို သွားတဲ့ကားတွေ ရှိပါတယ်။ ရောက်တာနဲ့ ကမ်းနားမှာရှိတဲ့ ငပုတောမြို့မတံတားဘက်ကို သွားခဲ့တယ်။ မိုးတွင်းဖြစ်လို့ လှေများများမတွေ့ရပါဘူး။ ကမ်းနားက ကျဉ်းကျဉ်းသေးသေးလေးဖြစ်ပေမယ့် သန့်သန့်ရှင်းရှင်းလေးလုပ်လိုက်ရင် အင်မတန်မှလှနေမယ့် ဆိပ်ကမ်းလေးပါ။ အထူးသဖြင့် မြစ်ထဲကနေ ကုန်းပေါ်တက်လိုက်ရင် တည့်တည့်မှာ ဘုရားတစ်ဆူရှိလို့ စိတ်ကို ကြည်နူးစေပါတယ်။ ကမ်းနားမှာရှိတဲ့ လက်ဖက်ရည် ဆိုင်ထဲဝင်လိုက်တော့ ဆိုင်ပိုင်ရှင်အမျိုးသမီးက ကျွန်တော့်ကိုမှတ်မိပြီး Food & Décor ပရိသတ်ဖြစ်နေပါတယ်။ ပြီးတော့ ငပုတောက မြို့ ငယ်လေးဖြစ်ပြီး အစိုးရဝန်ထမ်းအများစု နေထိုင်တဲ့မြို့ ဖြစ်ကြောင်း၊ ပြီးတော့ ဒီဆိပ်ကမ်းကနေ ဟိုင်းကြီးကျွန်းကို သွားနိုင်ကြောင်းရှင်းပြပါတယ်။ သွားချင်နေတဲ့ ငပုတောကိုရောက်ခဲ့ပြီမို့ အပြန်လမ်းမှာ ကျေနပ်နေမိပါတယ်။

          Centro City Hotel မှာ နားပြီး ရေချိုးပြီးတာနဲ့ ညစာကို Pathein Brella စားသောက်ဆိုင်ကိုသွားဖို့ စီစဉ်ထားပါတယ်။ ညစာမစားခင် ငဝန်မြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ ကြိုးတံတားနားက ဆုတောင်းပြည့် အောင်စင်္ကြာနှီးဘုရားကို သွားဖူးဖြစ်ခဲ့ပါတယ်။ ချောင်းသာသွားတဲ့အခါမှာ ဝင်ရောက်ဖူးနိုင်ပြီး မြစ်နံဘေးမှာ တည်ထားတဲ့ စေတီကလည်း ကြည်ညိုစရာကောင်းပါတယ်။ ဘုရားကုန်းတော်ပေါ်ကနေ ကြိုးတံတားကို နောက်ခံထားပြီး အမှတ်တရဓာတ်ပုံရိုက်နိုင်ပါတယ်။

          ဘုရားကအပြန် ကြိုးတံတားကို ပြန်ဖြတ်ပြီး ညစာစားဖို့ Pathein Brella ကို ပြန်လာခဲ့ပါတယ်။ ချောင်းသာသွားတဲ့ လမ်းပေါ်မှာပဲ ရှိပါတယ်။ ပုသိမ်မြို့ထဲက လာမယ်ဆိုရင် Pathein Brella ကို ကျော်ပြီးမှ ကြိုးတံတားကိုရောက်မှာပါ။ ကျွန်တော် တို့ကိုတော့ မြို့ခံညီငယ်နဲ့ ညီမငယ်တစ်ယောက်က လိုက်ပို့ပေးတာပါ။ ဆိုင်လေးက ချစ်ဖို့အရမ်းကောင်းပြီး လူငယ်တွေနှစ်သက်မယ့် နေရာလေးပါ။ အစားအစာတွေ မစားရသေးပေမယ့် ဆိုင်လေးက ကျွန်တော့်ကို ဆွဲဆောင်မှုပေးနေပါပြီ။

          ခြံထဲကိုဆင်းတဲ့ အဝင်မုခ်ဦးရဲ့ခေါင်မိုးမှာ မြန်မာထမင်းဟင်းလို့ ရေးထားတာလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခြံအောက်ဘက်အထိ မဆင်းတော့ဘဲ ပထမဦးဆုံး တဲလေးကိုပဲ ရွေးပြီးထိုင်လိုက်တယ်။ စားဖြစ်ခဲ့တဲ့ဟင်းတွေကတော့ ထမင်းပေါင်းနှစ်မျိုး၊ ထိုင်းအမဲသားဟင်း၊ အာလူးကတ်တလိပ်နဲ့ ပင်လယ်စာရခိုင်ချဉ်စပ်တို့ပါပဲ။ အဲဒီထဲကမှ ပင်လယ်စာရခိုင်ချဉ်စပ်ကို ကျွန်တော်တို့ကြိုက်လို့ နောက်ထပ်တစ်ပွဲမှာပြီး စားလိုက်တယ်။ ဆိုင်ရှင်အမျိုးသားလူငယ်တစ်ဦးရောက်လာပြီး စကားတွေပြောဖြစ်ခဲ့ တယ်။ ကျွန်တော်ရေးခဲ့တဲ့ ဟင်းချက်နည်းစာအုပ်ကို ဝယ်ထားတယ်လို့ ပြောလာတော့ ဝမ်းသာပီတိဖြစ်ရတာပေါ့။ အာရှအစားအစာတွေကို စိတ်ဝင်စားသူဖြစ်ပြီး မလေးရှားအစားအစာတွေကိုလည်း ကြိုက်နှစ်သက်သူဖြစ်တော့ ကျွန်တော်တို့စကားဝိုင်းက အရမ်းကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတော့တာပါပဲ။

          စားပြီးတာနဲ့ အပြန်မှာ ကျွန်တော်က မြစ်ကျွန်းပေါ်မှာ နေထိုင်တဲ့ ကရင်လူမျိုးတွေရဲ့ အစားအစာတွေကို စိတ်ဝင်စားလို့ လိုက်ပို့ပေးတဲ့ ညီနဲ့ညီမငယ်က သူတို့အိမ်ကိုခေါ်သွားပြီး သူတို့ရဲ့အမိုးနဲ့ မိတ်ဆက်ပေးလို့ စကားတွေအများကြီး ပြောဖြစ်ကြပြီးတော့ ဟိုတယ်ကို ပြန်ခဲ့ပါတယ်။ မနက်စောစော ချောင်းသာကို သွားလည်မှာဖြစ်လို့  စောစောပဲ အိပ်ရာဝင်လိုက်တယ်။ အပြင်မှာတော့ မိုးကတော့ သဲကြီးမဲကြီးပါပဲ။

          မနက်မိုးလင်းတော့ ခရစ်ယာန်ဘုရားကျောင်းက ခေါင်းလောင်းသံလေးက ပုသိမ်မြို့ရဲ့ မနက်ခင်းကို ကြိုဆိုနေပါတယ်။ မနက်စာကိုတော့ ဟိုတယ်ကကျွေးတဲ့ ပုသိမ် မုန့်ဟင်းခါးနဲ့ မြန်မာမုန့်တို့ကို  စားလိုက်တယ်။

          လာပြီးကြိုတဲ့ကားနဲ့ ချောင်းသာဘက် ခရီးဆက်ခဲ့တယ်။  ညကတစ်ညလုံး ရွာထားတဲ့မိုးကြောင့် လမ်းဘေးဝဲယာမှာ ရေပြင်က ပင်လယ်လားအောက်မေ့ရတယ်။ ချောင်းသာမရောက်ခင် လမ်းမှာ တောင်ကျရေက ကားလမ်းပေါ်ကျော်ဖြတ်နေလို့  သတိထားပြီး မောင်းရတယ်။ အနီးအနားရွာကလည်း လူတွေက လမ်းပြကူညီပေးပါတယ်။

          ချောင်းသာရောက်တဲ့အထိ မိုးကရွာနေဆဲပါပဲ။ အဲဒါကြောင့် မိုးတိတ်အောင်စောင့်ဖို့ အေးအေးဆေးဆေးအနားယူပြီး ကော်ဖီသောက်ဖို့အတွက် Belle Resort ထဲဝင်လိုက်တယ်။ Resort ရဲ့ Coffe House မှာ ကော်ဖီပူပူလေးနဲ့ စမခြောက်ကြော်၊ အာလူးကြော်နဲ့ အာလူးချောင်းကြော်ကို မှာပြီးစားကြတယ်။ စမခြောက်ကြော်လေးက စားကောင်းသလို လတ်လတ်ဆတ်ဆတ် အာလူးကိုလှီးပြီး ကြော်ထားတဲ့ အာလူးကြော်ကလည်း တော်တော်လေးစားကောင်းပါတယ်။ စကားတွေပြောရင်း မိုးရေကြားက မြင်နေရတဲ့လှိုင်းကြီးတွေကို ငေးကြည့်နေမိတယ်။ လှိုင်းလုံးကြီးတွေက ကြီးပြီး Resort ခြံစည်းရိုးနားအထိ ရိုက်ခတ်နေပါတယ်။ မိုးတွင်းမှာ ချောင်းသာကို လာလည်တဲ့ ဧည့်သည်နေပါတယ်။  ကျွန်တော်တို့လို မိုးရွာနေတဲ့ကြားက ကမ်းခြေကို လာတဲ့သူတွေလည်း ရှိနေပါတယ်။ ဧည့်သည်တချို့လည်း မိုးရွာထဲမှာ ကမ်းခြေမှာ လမ်းလျှောက်နေ ကြသလို တချို့ကလည်း ရေကူးကန်ထဲမှာ ရေကူးနေကြပါတယ်။ မိုးကလည်း ရွာနေဆဲပါ။

          မိုးလေးနည်းနည်းစဲသွားတာနဲ့ Resort အပြင်ဘက်ထွက်ပြီး နေ့လယ်စာစားဖို့ ထွက်ခဲ့ကြတယ်။ လိုက်ပို့တဲ့ ပုသိမ်က ညီနဲ့ ညီမက ချောင်းသာက နာမည်ကြီး လှဘိုစားသောက်ဆိုင် လိုက်ပို့ပေးပါတယ်။ ရခိုင်အစားအစာဖြစ်လို့ ဘာမှမစဉ်းစားတော့ဘဲ ဝင်ထိုင်လိုက်တယ်။ မီနူးကိုကြည့်ပြီး ပုစွန်မီးဖုတ်သုပ်၊ ခုံး (ဂုံး) ချဉ်စပ်၊ ကဏန်းအသား ချက်၊ နာမည်ကြီးလို့ကြော်တဲ့ လှဘိုဟင်းချိုနဲ့ မှိုကန်စွန်းတို့ကို မှာပြီးစားလိုက်ကြတယ်။ ပုစွန်မီးဖုတ်သုပ်က စားကောင်းသလို ခုံး (ဂုံး) ချဉ်စပ်ကလည်း ခုံး (ဂုံး) အသားတွေ အများကြီးမို့ စားလို့ကောင်းပါတယ်။

          နေ့လယ်စာစားပြီးတာနဲ့ မိုးကလည်း တိတ်သွားတော့ ကမ်းခြေဘက်ပြန်လှည့်ပြီး ကမ်းခြေတစ်လျှောက်လမ်းလျှောက်ကြတယ်။ လမ်းလျှောက်ရင်း မလေးရှားမှာ နေစဉ်ကသွားခဲ့တဲ့ မလေးရှားကမ်းခြေတွေကို သတိရနေမိတယ်။

          ချောင်းသာရောက်ရင် အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ရမှာကတော့ သရက်တောထိုးမုန့်ပါ။ မန္တလေးထိုးမုန့်နဲ့ မတူပါဘူး။ ချောင်းသာသရက်တောထိုးမုန့်က ပါးပါးလေးနဲ့ အဝိုင်းလေးပါ။ နူးညံ့ပျော့ပျောင်းတဲ့ မုန်ဆီကြော်နဲ့ တူပါတယ်။ စားလို့အရမ်းကောင်းပြီး လက်ဆောင်ဝယ်ပေးခဲ့တဲ့ ညီလေးSaw Ka Nyaw နဲ့ ညီမ Wut Yee ကို အထူးပဲကျေးဇူးတင်ပါတယ်။

          ချောင်းသာအပြန်လမ်းမှာတော့ ဥတိုတံတားထိပ်က ချောင်းသာ အပျော်စီး သင်္ဘောဆိပ်ကိုဝင်ပြီး ဓာတ်ပုံရိုက်ကြတယ်။  အဲဒီဆိပ်ကမ်းကနေပြီး ချောင်းသာကို အပျော်စီးသင်္ဘောနဲ့ အလည်သွားနိုင်ပါတယ်။ ချောင်းသာကနေ ဆိပ်ကမ်းအထိ ဖယ်ရီစီစဉ်ပေးတယ်လို့လည်း သိရပါတယ်။

          ချောင်းသာက ပြန်လာပြီး ဟိုတယ်မှာ ရေချိုး အနားယူပြီး ညစာစားဖို့အတွက် ပုသိမ်မြို့က နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ G7 Gym & Restaurant ကို ထွက်လာခဲ့တယ်။ စားသောက်ဆိုင်က နှစ်ထပ်အဆာက်အအုံဖြစ်ပြီး အောက်ထပ်က စားသောက်ဆိုင်အပေါ်ထပ်မှာ Gym ရှိပြီး အဆောက်အအုံရဲ့ နံဘေးမှာတော့ ရေကူးကန်ရှိပါတယ်။ ထိုင်းစားသောက်ဆိုင်ဖြစ်ပြီး ပင်လယ်စာများရရှိပြီးတော့ လတ်ဆတ်တဲ့အတွက် နာမည်ကြီးတယ်လို့ သိရပါတယ်။

          ညစာအတွက် ငါးဆားမီးဖုတ်၊ ပုစွန်သုပ်၊ ကြက်ပေါင်း၊ ထိုင်းစတိုင်ပုစွန်၊ ငါးပဲငံပြာ ရည်ပေါင်း၊ နှစ်တစ်ရာသီး၊ ဟင်းရွက်စုံကြော်တို့နဲ့ စားဖြစ်ခဲ့ပါတယ်။  ပုစွန်သုပ်နဲ့  ကြက်ပေါင်းကတော့ ကျွန်တော့်အကြိုက်ဆုံးပါပဲ။ အကောင်းဆုံးအစားအစာတွေနဲ့ ဧည့်ခံကျွေးမွေးတဲ့ ကိုထွန်းနဲ့ ဂျူးလီတို့ကို ကျေးဇူးတင်ပါတယ်။ ညစာစားအပြီးမှာ စကားတွေပြောနေကြလို့ တော်တော်နဲ့ မပြန်ဖြစ်ခဲ့ပါဘူး။

          ဟိုတယ်နားပြန်ရောက်တော့ လမ်းထိပ်မှာရောင်းတဲ့ မုန့်ပေါင်းက အရမ်းကောင်းတယ်လို့ ညွှန်းထားတော့ မဆာပေမယ့် မစားဘဲမနေနိုင်လို့ သွားစားလိုက်သေးတယ်။ မုန့်ပေါင်းပူပူလေးကလေးက စားလို့ကောင်းမှကောင်းပါပဲ။

          နောက်နေ့မနက်စောစော အိပ်ရာမှထပြီး ပုသိမ်က တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ ရွှေမုဋ္ဌောစေတီကို သွားရောက်ဖူးမြော်ခဲ့ပြီး ကြက်တူရွေးဈေးဘက်ကို သွားခဲ့ပါ တယ်။ ဈေးနာမည်လေးက ဆန်းလို့ နာမည်ကြားရုံနဲ့ သွားလည်ချင်နေခဲ့တာပါ။ ပုသိမ်ရောက်ကတည်းက အရမ်းစားချင်နေတဲ့ ရွာသစ်မုန့်ဟင်းခါးကို ဈေးထဲကဆိုင်မှာ စားကြည့်လိုက်တယ်။ စားကြည့်တဲ့အခါ အရမ်းကြိုက်ခဲ့တယ်။ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူဘဲ ငါးများများနဲ့ ငါးပိနဲ့ချက်ထားလို့ ချိုပြီးမွှေးနေပါတယ်။ ကြက်တူရွေးဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေက လတ်ဆတ်ပြီး အထူးသဖြင့် တို့စရာမျိုးစုံကိုလည်း တွေ့ရပါတယ်။ ခက်တက်၊ ကောက်ကောက်ညွန့်၊ စာကလေးခြေထောက်၊ မာလာဖူး စုံနေတာပါပဲ။ ပုစွန်နဲ့ ငါးတွေကလည်း အရမ်းကို လတ်ဆတ်ပါတယ်။ ပြီးတော့ ဈေးထဲမှာ မြန်မာမုန့် မျိုးစုံရှိတယ်။ ကောက်ညှင်းကြိုးဖြတ်မုန့်၊ မုန့်ခေါပြင်၊ မုန့်စိမ်းပေါင်း၊ ထမနဲ၊ မုန့်ကြာစေ့ စုံနေတာပါပဲ။

          ကြက်တူရွေးဈေးက အပြန်မှာတော့ ပုသိမ်ရောက်ရင် မဖြစ်မနေ အိမ်ပြန်လက်ဆောင်ဝယ်ရမှာကတော့ ပုသိမ်ဟာလဝါပါ။ ဒါကြောင့် ရွှေမြင်းပျံဟာလဝါဆိုင်ကိုသွားပြီး ဟာလဝါ၊ ငှက်ပျောရွှေကြည်၊ အာလူးရွှေကြည်နဲ့ ပုသိမ်ဟာလဝါခြောက်တို့ကို ဝယ်လိုက်တယ်။ ပြီးတော့ ငါးပုပ်ခြောက်၊ ကသပေါင်းခြောက်၊ ငါးနီတူခြောက်၊ ငါးမန်း သားရေခြောက်တို့လည်း ဝယ်လိုက်သေးတယ်။

          ပုသိမ်ရောက်ရင် ဝယ်ရမှာ တစ်မျိုးကျန်နေပါသေးတယ်။ အဲဒါကတော့ ပုသိမ်ဝက်အူချောင်းပါပဲ။ ပုသိမ်ဝက်အူချောင်းဝယ်မယ်ဆိုရင် အောင်ရတနာလမ်းထဲမှာ ဝက်အူချောင်းဆိုင်တွေ အများကြီးပါပဲ။ ကျွန်တော်တည်းတဲ့ Centro City Hotel နဲ့ နီးပါတယ်။

          အိမ်ပြန်လက်ဆောင်တွေလည်း ဝယ်လို့ပြီးသွားပြီဆိုတော့ နေ့လယ်စာစားဖို့ ဖိတ်ထားတဲ့ မိတ်ဆွေရဲ့အိမ်ကို ဆက်သွားလိုက်တယ်။ ပုသိမ်ရောက်တုန်း ဒေသခံရဲ့အိမ်မှာ ပုသိမ်အိမ်ဟင်း၊ အိမ်ထမင်းစားရတယ်ဆိုတော့ ကံကောင်းတာပေါ့နော်။ ပုစွန်ထုပ် ဆီပြန်ဟင်း၊ ကသဖိုးငါးဟင်း၊ ငါးငါးပိချက်၊ တို့စရာစုံနဲ့တို့တော့ စားလို့ ကောင်းလိုက်တာ။

          နေ့လယ်ဘက် ဟိုတယ်မှာပြန်ပြီး အနားယူလိုက်တယ်။Tea Time ကိုတော့ G7 Bakery & Café မှာ ဘရောင်းနီးစ်နဲ့ ရေခဲမုန့်စားဖြစ်ခဲ့တယ်။ ဆိုင်လေးက အရမ်းချစ်ဖို့ ကောင်းပါတယ်။ စားပြီးတာနဲ့ အချိန်ရတုန်းလေး မြောင်းမြကို သွားလည်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပုသိမ်ကနေ မြောင်းမြကို ကားနဲ့ တစ်နာရီပဲ မောင်းရတာမို့ ပုသိမ်ရောက်တုန်းလေး သွားထားမှလေ။

          ပုသိမ်မြို့ထဲကနေ ရန်ကုန်ကို သွားတဲ့လမ်းဘက်ပြန်ထွက်ပြီး မြောင်းမြလမ်းခွဲကနေ ဆက်ပြီးသွားရပါတယ်။ လမ်းက ကောင်းပြီးဖြောင့်နေတာပါပဲ။ စပါးခင်း တစ်မျှော်တစ်ခေါ်က ကားလမ်းဘေးတစ်လျှောက်မှာရှိပြီး တချို့နေရာတွေမှာ ကြာပန်းတွေ ဝေနေတဲ့ ကြာအိုင်တွေကလည်း တစ်တန်းကြီးပါပဲ။ ဒီလိုနဲ့ မြောင်းမြကြိုးတံတားကို ဖြတ်ပြီးတာနဲ့ မြို့ထဲကို ရောက်ပါတယ်။

          မြောင်းမြကို လာလည်ရတဲ့ အဓိကအကြောင်းကတော့ မြောင်းမြဒယ်လေး စားဖို့ပါပဲ။ အစက မြောင်းမြဒယ်လေးဆိုတာ ဆိုင်နာမည်လို့ထင်ထားခဲ့တယ်။ လိုက်ပို့တဲ့ ညီလေးပြောပြမှ ဒယ်လေးဆိုတာ မုန့်နာမည်မှန်းသိရတော့တယ်။

          မြောင်းမြမှာ ဒယ်လေးဆိုင်တွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ ညနေပိုင်းမှာဖွင့်တဲ့ ရှစ်လမ်းထဲက ဆိုင်က အကောင်းဆုံးလို့ ညွှန်းပါတယ်။ ဆိုင်ရောက်တော့ ဒယ်လေးဆိုတာ ဘာလဲလို့ အရင်မေးဖြစ်လိုက်တယ်။ ကိုယ်တိုင်လုပ် ခေါက်ဆွဲသုပ်ပါ။ နောက်တစ်ခု ထူးခြားတာက ဟင်းရည်ပါပဲ။ ဝက်ရိုး၊ ဝက်ခေါင်းဟင်းရည်ထဲကို ကြက်ဥပြုတ် မကျက်တကျက်ထည့်မွှေတဲ့ ဟင်းရည်ပါပဲ။ အသုပ်နဲ့ အရည် နှစ်မျိုးရှိပါတယ်။ အသုပ်ဆိုရင် အသား၊ အိမ်လုပ် ဝက်အူချောင်း၊ ကြက်သွန်စိမ်း၊ အချဉ်ရည်တို့နဲ့ သုပ်ပေးပြီး ကြက်ဥဟင်းရည်နဲ့ တွဲပြီးစားရပါတယ်။ အရည်ဆိုရင်တော့ ခေါက်ဆွဲပြုတ်လို ဟင်းရည်ပါရောပြီး ထည့်စားရတာပါ။ ပြီးတော့ ခေါက်ဆွဲထည့်တဲ့ ပန်းကန်လုံး အသေးလေးနဲ့ ထည့်ထားတော့ တစ်ပွဲဆိုရင် နည်းနည်းပဲ ပါပါတယ်။ တစ်ပွဲမှာပြီး စားကြည့်လိုက်တဲ့အခါ ခေါက်ဆွဲက အလွန်နူးညံ့ပြီး စားလို့အရမ်းကောင်းသလို ကြက်ဥပြုတ်ဟင်းရည်ကလည်း ငရုတ်ကောင်းလေးနဲ့မို့ သောက်တာ အရသာရှိလှပါတယ်။ နောက်ထပ်တစ်ပွဲထပ်မှာပြီးတောင် စားဖြစ်ခဲ့တယ်။ မြောင်းမြရောက်ရင် ဒယ်လေးစားဖို့ မမေ့ကြပါနဲ့နော်။

          ညစာကိုတော့ ပုသိမ်က မပြန်ခင် စားဖြစ်အောင်စားရမယ့် မြန်မာထမင်းဆိုင်ကတော့ ဇွန်ပန်းမြန်မာထမင်းဆိုင်ပါ။ နူးအိနေတဲ့ အမဲသားနှပ်နဲ့ စားဖြစ်လိုက်တယ်။

          ပုသိမ်ရောက်ကတည်းက သတိထားမိတဲ့ ဟိုတယ်ရှေ့က နေ့စဉ်လူတိုးပြီး စည်ကားနေတဲ့ ဆိုင်ကတော့ ရသာထိပ်တန်းခေါက်ဆွဲကြော်၊ ကော်ရည်နဲ့ ဆီချက်ဆိုင်ပါပဲ။ နေ့စဉ် ပါဆယ်ထုပ်သူ၊ စားတဲ့သူတွေနဲ့ အမြဲပဲ စည်ကားနေတဲ့ဆိုင်ပါ။

          မပြန်ခင်မနက်မှာတော့ ဒေါ်မြစိန်လမ်းထဲက ကိုအေးမြင့် ခေါက်ဆွဲနဲ့ မုန့်ဟင်းခါးဆိုင်ကို သွားဖြစ်လိုက်တယ်။ အဲဒီဆိုင်ကလည်း ပုသိမ်မှာ အလွန်နာမည်ကြီးတဲ့ ဆိုင်ပါ။ အဝေးကနေ လာစားတဲ့သူ၊ ပါဆယ်ထုပ်သူတွေနဲ့ စည်ကားနေပါတယ်။ သူ့ရဲ့ဟင်းရည်က ပျစ်ပျစ်လေးမို့ ဟင်းရည်အပျစ်ကြိုက်သူများအတွက် အကောင်းဆုံးပါ။ ကျွန်တော်က ခေါက်ဆွဲနဲ့ပဲ စားဖြစ်ခဲ့တယ်။ ငါးဖယ်ကတော့ တော်တော်ကောင်းပါတယ်။

          ပုသိမ်မှာ နှစ်ပေါင်းများစွာ နာမည်ကြီးတဲ့ လက်ဖက်ရည်ဆိုင်ကတော့ နောင်ရိုးလက်ဖက်ရည်ဆိုင်ပါ။ ဆိုဒါနံ့တွေ အရမ်းပြင်းလို့ မစားဖြစ်တာကြာပြီဖြစ်တဲ့ ပဲနံပြားကို နောင်ရိုးမှာ စားကြည့်တဲ့အခါ အနံ့လုံးဝမရှိဘဲ စားကောင်းလှပါတယ်။

          ရန်ကုန်အပြန်မှာတော့ ဘတ်စ်ကားမစီးဖြစ်ဘဲ မိတ်ဆွေရဲ့အိမ်ကရန်ကုန်သွားတဲ့ ကားနဲ့ ရန်ကုန်ပြန်လာခဲ့တယ်။ မနက် ၈ နာရီမှာ ပုသိမ်က ထွက်လာတော့ လမ်းမှာပဲ နေ့လယ်စာစားဖြစ်တယ်။ ရန်ကုန်မရောက်ခင် ရှမ်းရွှေဥမှာ နေ့လယ်စာ စားလိုက်တယ်။ ဒီဆိုင်က အချိုပွဲ ရှမ်းလက်ဖက်မုန့်နဲ့ ရွှေဖရုံသီးမုန့်ကို အရမ်းကြိုက်လို့ ပါဆယ်ထုပ်ပြီး ဝယ်ခဲ့လိုက်တယ်။

          ပုသိမ်သွားလည်တဲ့ မိုးရာသီခရီးစဉ်လေးကတော့ အစားအသောက် ကောင်းကောင်းတွေ စားခဲ့ရတဲ့ ခရီးစဉ်လေးမို့ ကျေနပ်ပျော်ရွှင်မိပါတယ်။

♦   မြင့်ဦးသာ   ♦

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments

Menu