ပုစွန်ကို ဘယ်လိုနွှာမလဲ (How to Peel & Devein Shrimp)

အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများအကြောင်း

ပုစွန်ကို ဘယ်လိုနွှာမလဲ (How to Peel & Devein Shrimp)

by Syi Lwin Foods Garden

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

            ဒီလရဲ့ ရင်ခုန်လေ့လာစရာ မီးဖိုချောင်ထဲက အစားအစာတွေထဲကမှ ပုစွန် အခွံနွှာနည်းနဲ့ ပုစွန်အကျောထုတ်နည်းတွေကို တစ်ခါတလေ ဘယ်လိုလုပ်ရမလဲဆိုတာ သိတဲ့သူတွေရှိသလို အခုမှစပြီး အချက်အပြုတ်ဝါသနာရှင်တွေ အိမ်ရှင်မတချို့ အတွက်  အခက်အခဲဖြစ်နေတာလေးတွေသိရတော့ အားလုံးအတွက် လွယ်ကူလျင်မြန်မယ့် နည်းလမ်းတချို့ကို ဒီလရဲ့ This & That မှာ  “How to Peel & Devein Shrimp” ဘာကြောင့် အခု နည်းလမ်းတွေက အသုံးဝင်ပြီး ဗဟုသုတရစေဖို့ အကြံပြု မျှဝေထားပါတယ်။ တချို့ အိမ်တွေမှာ ပုစွန်ချက်စားကြတာ နည်းပါတယ်။ အခွံနွှာရတာ အလုပ်ပိုတစ်ခုလိုဖြစ်နေတာရယ်၊ တချို့ ကျတော့ ပုစွန်အကောင်သေးတာ အခွံနဲ့ စားလို့ရလား၊ မရလား တွေးရင်းနဲ့ ချက်မစားဖြစ်ကြတာ များပါတယ်။ ပုစွန်ဆို ကြိုက်တဲ့သူများပေမယ့် အိမ်မှာချက်စားဖို့ အချိန်ကြာပြီး ခက်ခဲတယ်လို့ ထင်ကြပါတယ်။ ပုစွန်အခွံနွှာဖို့ ထက်မြက်သော ဓားချွန် အသေး (သို့) အရိုးညှပ်လို့ရတဲ့ ကတ်ကြေးတွေရှိရင် မြန်ပါတယ်။ ဒါတွေသုံးရတာ အဆင်မပြေရင် လက်ဖြင့်လည်း ပုစွန်အခွံနွှာလို့ရပါတယ်။

၁။  ပုစွန်အမြီးကနေစပြီး ဆွဲလိုက်ရင် တစ်ကိုယ်လုံးရဲ့ အခွံတွေ ပါလာတတ်ပါတယ်။ ပုစွန်ခြေထောက်တွေမဖြတ်ဘဲ တချို့က ကျွမ်းကျင်စွာ နွှာတတ်ကြပါတယ်။ တချို့ ကတော့ ပုစွန်ခြေထောက်တွေ အရင်ဖြုတ်ပြီးမှ အမြီးကနေ ဆွဲနွှာကြပါတယ်။

၂။  ပုစွန် ဇက်ပိုးနောက်က ဟနေတဲ့ နေရာကနေ လက်မလေးဖြင့် အသာထိုးမပြီး အခွံကိုနွှာတာလည်း လွယ်ကူပါတယ်။ တစ်ခါတလေ ပုစွန်ဝမ်းဗိုက်ဘက်ကနေ ထိုးနွှာလည်း ပိုလွယ်ပါတယ်။ အဲဒီလို လက်ဖြင့်ထိုးနွှာတာ အခွံက တဖြည်းဖြည်းချင်း ကြွပြီး ကွဲအက်လာရင် အခွံကို အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။

၃။  တချို့ကတော့ ပုစွန်အမြီးကို အရင်းချိုးပြီး အမြီးပိုင်းကနေ စပြီး နွှာတာလည်း အဆင်ပြေပါတယ်။

◘  ကတ်ကြေးနှင့် ညှပ်ပြီး နွှာခြင်း

၁။  ပုစွန်နောက်ကျောကနေ ကတ်ကြေးကို ပုစွန် ဇက်ပိုးအဟနားကနေ ထိပ်ချွန်းနဲ့ စပြီးညှပ်ပါ။ အပေါ်အခွံက တဖြည်းဖြည်း ပုစွန်အသားနဲ့ ကွာဟပြီး ထက်ခြမ်းညှပ်ရင်း အမြီးနားရောက်ရင် ရပ်လိုက်ပါ။ ပြီးရင် လက်ဖြင့် အသာလေးအခွံတွေ ဖယ်လိုက်လို့ရပါပြီ။

၂။  ကက်ကြေးဖြင့် ပုစွန်ဗိုက်နှင့် အပေါ်ကျောပိုင်းနှစ်ခုစလုံးကို အမြီးဖျားအထိညှပ်ပါ။ သူ့အလိုလို အခွံတွေ ကွာကျသွားပါလိမ့်မယ်။

◘  ပုစွန်အကျောထုတ်ခြင်း

၁။  အခွံနွှာပြီးသား ပုစွန်ရဲ့ နောက်ကျောကနေ ဓားဖြင့် ပုစွန်ဇက်ကနေစပြီး ခပ်ဖွဖွ ဓားရာပေးပါ။ ပုစွန်ထက်ခြမ်းဖြစ်သွားသည်အထိ ဓားဖြင့် အရမ်းနက်အောင် လှီးစရာ မလိုပါဘူး။ အရာပေးရုံဖြင့် ပုစွန်အကျောကို ဓားချွန်ထိပ်လေးနှင့် အသာကော်ထုတ်လို့ရပါတယ်။

၂။  တစ်ခါတလေ ပုစွန်အကျောတွေက အကြည်ရောင်ဖြစ်ပြီး ရှာရခက်ပါတယ်။ ဓားဦးထိပ်ဖြင့် ကလော်လိုက်လို့ မာကျောကျောအမျှင်ကို ရှာတွေ့ရင် အသာဆွဲထုတ်လိုက်ပါ။

၃။  ကျောမျှင်အမည်းများပြီး အကျောကြီးလျှင် ဆွဲထုတ်ပြီးသည်နှင့် ရေခဲရည်ဖြင့် ဆေးပါ။ အညစ်အကြေးများ ပုစွန်မှာ ကပ်မကျန်ခဲ့စေဖို့ ဖြစ်ပါတယ်။

            ပုစွန်ခေါင်းအခွံတို့ကို ဆော့စ်၊ ဟင်းရည်လုပ်ဖို့ သိမ်းထားပါ။ ဇောက်နက်အိုးထဲ ပုစွန်ခေါင်းအခွံများကို ရေမြုပ်တဲ့အထိ ၁၅ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ပါ။ အချိုရည်များ ထွက်လာပြီး သဘာဝဟင်းခတ်အချိုရည်ကို ရရှိလာပါလိမ့်မယ်။ ဆော့စ်၊ ဟင်းရည်သောက်နှင့် ဟင်းချက်ရာမှာလည်း အသုံးပြုလို့ရပါတယ်။

            ပုစွန်အခွံနွှာရမှာ အဆင်မပြေသူများအတွက် ပုစွန်နွှာနည်းနဲ့ အကျောထုတ်နည်းကို သိသမျှ ပြန်လည်မျှဝေထားပါတယ်။ နောက်လမှာ မည်သည့်မီးဖိုချောင်သုံးပစ္စည်းများ (သို့) မီးဖိုချောင်အတွင်းမှ အစားအစာများ  အကြောင်းအရာလေးတွေကို  ဖော်ပြပေးသွား မလဲဆိုတာ စောင့်မျှော်ဖတ်ရှုကြပါဦး။ စည် ကျောင်းတုန်းက သင်ခဲ့ရသော Seafood ဘာသာရပ်မှ  စိတ်ဝင်စားစရာ အကြောင်းလေးများနှင့်အတူ https://www.seafoodmaster.com မှ ရရှိသော အကြောင်းအရာလေးများနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ Happy day to you all

မှတ်ချက်- ဖော်ပြထားသည့် Information သည် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။

♦   Syi Lwin Foods Garden   ♦

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments