အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းနှင့် အိမ်အသုံးအဆောင်ပစ္စည်းများအကြောင်း ပလတ်စတစ်၊ ဖန်၊ အလူမီနီယံ၊ စတီးတို့ဖြင့် ပြုလုပ်ထားသော ရေပုလင်းလေးများအကြောင်း (Battle of the Reusable Bottles : Plastic vs Aluminum vs Stainless Steel)

          ဒီလရဲ့ ရင်ခုန်စရာ မီးဖိုချောင်းသုံးပစ္စည်းများအကြောင်းကို ပြောပြရမယ်ဆိုရင် သူများတွေ ရင်မခုန်ခင် စည်ကတော့ အရင်စိတ်လှုပ်ရှားရင်ခုန်မိတာ အမှန်ပဲ။ လူတိုင်း ဝိုးတဝါးဖြစ်နေတဲ့ ပြန်လည်အသုံးပြုကြတဲ့ ပလတ်စတစ်ဘူး၊ ဖန်၊ အလူမီနီယံ၊ စတီး စသည်တို့ဖြင့် ပြုလုပ်ထားသော ရေပုလင်းများကို ကြည့်ပြီး တစ်ခါတလေ အတွေးတွေ ချာချာလည်နေတတ်ပါတယ်။ ဘယ်လိုပစ္စည်းနဲ့ လုပ်ထားတဲ့ရေပုလင်းက ပိုပြီး ကျန်းမာရေး အတွက် ညီညွတ်သလဲ၊ ဘယ်လိုအဆင်ပြေသလဲဆိုတာတွေ သေချာမသိကြဘူး။ စူပါမားကက်တွေရောက်ရင် ရေပုလင်းတွေ တန်းစီတင်ထားတဲ့ စင်ပေါ် ကြည့်ပြီး ခေါင်းကုတ် ကာ စိတ်ရှုပ်တတ်ကြပါတယ်။ တချို့ဆို ရေပုလင်းဝယ်ဖို့ ၁ ရက်၊ ၂ ရက်တောင် အချိန်ယူ စဉ်းစားတာမျိုးတောင် ရှိပါတယ်။ တချို့ဆို ညဘက်တောင် အိပ်မပျော်ဖြစ်တတ်ကြ ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့စဉ် ကိုယ်ထည့်သောက်မယ့် ရေပုလင်းက ကျန်းမာ ရေးအတွက် ညီညွတ်မျှတဖို့လိုတယ်။ ကြာရှည်မှာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ရေရဲ့အရသာ မပြောင်းစေတာမျိုးတွေကို အရမ်းစဉ်းစားရပါတယ်။ တချို့ အဲလ်လာဂျီရှိတဲ့အခါကျတော့ ပလတ်စတစ်ကို  သုံးမရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ တချို့ကျတော့ အလူမီနီယံနဲ့ မတည့်တာမျိုးလည်း ရှိကြပါတယ်။ ဘူးတွေ၊ ပုလင်းတွေမှာ ပုံစံအရွယ်အစား၊ ဒီဇိုင်းမျိုးစုံ၊ အရောင်ကာလာမျိုးစုံ ရှိပါတယ်။ ပလတ်စတစ်ဘူးတွေမှာ ခပ်ပျော့ပျော့ ပလတ်စတစ် ဘူးတွေ ရှိပါတယ်။ စက်ဘီးစီးတဲ့အခါ သောက်လို့လွယ်ကူအောင် ပြုလုပ်ထားတဲ့ ဘူးမျိုး တွေကို အခုနောက်ပိုင်း အကောင်းစား နာမည်ကြီးတံဆိပ်တွေက ထုတ်လာကြပါတယ်။ ခပ်ပျော့ပျော့ ဘူးဖြစ်တဲ့အတွက်၊ ဘက်စုံအသုံးပြုရတာ လွယ်ကူတဲ့အတွက် လူအများ ကြိုက်နှစ်သက်ပြီး အလွန်ပဲ အသုံးပြုလာကြပါတယ်။

          ဒီလရဲ့ This & That မှာ အားလုံးလေ့လာအသုံးပြုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်း နိုင်ငံအတော်များများမှာ ပလတ်စတစ်ဖြင့် ပြုလုပ်ထားတဲ့ ပစ္စည်းများကို အသုံးပြုတာ နည်းပါးလာပါတယ်။ ကင်ဆာရောဂါရရှိခြင်းကို ဖြစ်စေတတ်တဲ့ Chemical ပါဝင်တာကြောင့် နာမည်ကြီး ကုမ္ပဏီတွေက BPA Free ဆိုတာကို သူတို့ကုမ္ပဏီ ထွက်ကုန်ပစ္စည်းတွေမှာ ထည့်သွင်းရေးသား ဖော်ပြထားတတ်ပါတယ်။ သင်ရော BPA ပါဝင်နေတဲ့ ပလတ်စတစ်ဘူးများကို စိုးရိမ်သင့်ပါသလား။ တွေးပြီး စိတ်ပူစရာ မလိုတော့ပါဘူး။  ၂ဝ၁ဝ ပြည့်နှစ်မှာ BPA Free ကြောင့် ထွက်ရှိသမျှ ပလတ်စတစ်ဘူးများ ကုန်သလောက် ရောင်းအားကောင်းခဲ့ပါတယ်။ BPA ကို သူတို့ကုမ္ပဏီက ထွက်ရှိတဲ့ပစ္စည်းတိုင်းမှာ ထည့်သွင်း အသုံးပြု ထားခြင်း မရှိကြောင်း၊ ပလတ်စတစ်ဘူးများ ထုတ်လုပ်တဲ့ ကုမ္ပဏီများကလည်း ပညာပေးစာသားတွေ၊ BPA ရဲ့  ဆိုးကျိုးများနဲ့ အသုံးပြုပါက ဘယ်လို ဘေးဥပဒ်ဖြစ်စေတတ်တယ် ဆိုတာမျိုးတွေနဲ့ ကျန်းမာရေး ရှုထောင့်ကနေ ထိခိုက်စေ တာတွေကို ပညာဗဟုသုတရဖွယ်များကို  ပလတ်စတစ်ထုတ်လုပ်နေသော ကုမ္ပဏီ အတော်များများကလည်း သူတို့ရဲ့  Websites တွေမှာ ရေးသား ဖော်ပြထားပါတယ်။

          ပလတ်စတစ်တွေမှာ နံပါတ်များပါရှိပါတယ်။ နံပါတ်တွေက ဘာများထူးခြားပြီး ဘာများကွာခြားလဲဆိုတာ သင်သိပါသလား။ ပလတ်စတစ်ဘူးတွေရဲ့ အောက်ဘက်မှာ ပလတ်စတစ် နံပါတ်တွေ ပါရှိပါတယ်၊ လူအတော်များများက ဇဝေဇဝါဖြစ်တတ်တဲ့ နံပါတ်တွေဖြစ်ပါတယ်။ နံပါတ်ပေါ် မူတည်ပြီး ပလတ်စတစ်ဘူးကို သင်သုံးစွဲလျှင် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲဆိုတာ တစ်ခါတည်း သိရှိနိုင်ပါတယ်။

          ပလတ်စတစ် နံပါတ် (၁)  တစ်ခါသုံး ပလတ်စတစ်သုံး ပစ္စည်းများကို အခေါက်ခေါက် အခါခါ ပြန်လည်သုံးစွဲရန်မသင့်ပါ။ တချို့က ပြန်လည်သန့်စင်ဆေးကြောပြီး အသုံးပြု ကြတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ကြာရှည်သုံးစွဲမိပါက ဘေးအန္တရာယ်ဖြစ်စေတတ်ပါတယ်။ တစ်ခါသုံး ပလတ်စတစ် ဘူးများကို  ဆေးကြောသန့်စင်ပြီး သုံးတဲ့အခါမှာ တခြား Chemical များသာ ဆေးလို့ သန့်စင်နိုင်လိမ့်မယ်။ Bacterial ပိုးမွှားများ ပေါက်ဖွား နေတာကိုတော့ စင်ကြယ်အောင် ဆေးကြောသန့်စင်လို့ ရချင်မှရမှာပါ။ ဂိုဒေါင်ထဲမှာ ပစ်ထားတဲ့ ဖုံတက်နေတဲ့ဘူးများ၊ စင်တန်းတွေပေါ်မှာ ထားတဲ့ဘူးများ၊ နေပူထဲ ပစ်ထားတဲ့ ဘူးများဟာ အင်မတန်မှ Bacterial ပိုး ပိုမိုပေါက်ဖွားစေနိုင်ပါတယ်။

          ပလတ်စတစ် နံပါတ် #၃၊ # ၆၊ # ၇ – ဒီနံပါတ်တွေက ပြန်လည်ကြားသိရတဲ့ သတင်းများအရဆိုလျှင် ဒီနံပါတ် ၃၊ ၆၊ ၇ တို့ဟာ ကျန်းမာရေးအတွက် ဒုက္ခဖြစ်စေတတ်ပါတယ်။ အဲဒီနံပါတ်များဖြင့် ပြုလုပ်ထားတဲ့  ပလတ်စတစ်ဘူးများ၊ အသုံးအဆောင်များကို အသုံးပြုနေတာက ကြာရှည်မှာ ခန္ခာကိုယ်ရှိ အကြောများကို ထိခိုက်စေနိုင်သလို အသည်းကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ PVC ကြမ်းခင်းတွေ၊ ရေချိုးခန်းသုံး ပလတ်စတစ်ခန်းဆီးတွေ၊ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အသင့်စားအစားအစာတွေနဲ့ အခြားပလတ်စတစ်နဲ့ ပြုလုပ်တဲ့အရာတွေဟာ အမျိုးသမီးတွေရဲ့လိင်ကိစ္စမှာ စိတ်ပါဝင်စားမှုကို လျော့နည်းစေပါတယ်။ လိင်မှုကိစ္စ တပ်မက်မှု လျော့နည်းခြင်းဟာ ပလတ်စတစ် အပျော့တွေကို သုံးစွဲမှုနဲ့ ပတ်သက်နေပါတယ်။ ခန္ဓာကိုယ်တွင်းမှာ Phthalates ပမာဏများတဲ့ အမျိုးသမီးတွေဟာ လိင်မှုကိစ္စတွေမှာ စိတ်ဝင်စားမှု လျော့နည်းနေတတ်ပါတယ်။ Phthalates ဟာ လူတွေပြုလုပ်နိုင်တဲ့ ဓာတုဗေဒတစ်မျိုးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှုအတွက် အရေးပါတဲ့ သဘာဝဟော်မုန်းတွေကြားမှာ ရှိနေတတ်ပါတယ်။ Phthalates ကို ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ၊ PVC ကြမ်းခင်းတွေနဲ့ ကျွန်ုပ်တို့ရဲ့  နေ့စဉ် အစားအစာတွေထဲမှာ ပါဝင်နေပြီး ပလတ်စတစ်ပြုလုပ်ရာမှာအသုံးပြုတဲ့ ဓာတုဗေဒပစ္စည်း တစ်မျိုးလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ Rochester ဆေးတက္ကသိုလ်က Dr. Emily Barrett  ဟာ အသက် ၂ဝ ကနေ ၃ဝ ကြားမှာရှိတဲ့ ကိုယ်ဝန်ဆောင်သည်  အမျိုးသမီး ၃၆ဝ ယောက်ရဲ့  ဆီးတွေထဲမှာ Phthalates ပါဝင်မှုကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ Phthalates ပမာဏ ပါဝင်မှုများတဲ့ အများစုဟာ လိင်မှုကိစ္စတွေကို စိတ်မဝင်စားခဲ့တာကို တွေ့ရပါတယ်။

          ဒါ့အပြင် Dr. Emily Barrett က Phathalates တွေဟာ အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စ တပ်မက်မှုကြောင့်ရတဲ့ ဟော်မုန်းတွေဖြစ်တဲ့  Oestrogen နဲ့ Testotetone တို့ရဲ့ ကြားထဲမှာ ကြားဝင် နေနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဥရောပ စီးပွားရေးသမဂ္ဂက လည်း Phathalates ပါဝင်တဲ့ အလှကုန် ပစ္စည်းတွေ၊ အရုပ်တွေနဲ့ အခြားပလတ်စတစ်ပစ္စည်းတွေ သုံးစွဲခြင်းကို တားမြစ်ထားပါတယ်။

          ပလတ်စတစ် နံပါတ် #၂၊ #၄၊ #၇ – ပလတ်စတစ်မှာ  ဒီနံပါတ်တွေ ပါဝင်ထည့်လုပ် ထားတယ် ဆိုလျှင်တော့ ပလတ်စတစ်နံ့ ရရှိပါမယ်။ နောက်ပြီး အသီးဖျော်ရည်၊ တခြား အရောင်ပါဝင်သော အစားအသောက်များ ထည့်မိပါက  အရောင်စွဲကျန်ခဲ့တတ်ပါတယ်။ နံပါတ် #၂ ဖြင့် ပြုလုပ်ထားတဲ့  ပလတ်စတစ်ပစ္စည်းများဆိုလျှင် တစ်ခါ၊ နှစ်ခါလောက်တော့ ပြန်လည်အသုံးပြုလို့ရပါတယ်။ #၄ နဲ့ #၅ ပါဝင်သော ပလတ်စတစ်ပစ္စည်းတွေဆိုလျှင် ပြန်လည်အသုံးပြုရန် မသင့်တော်ပါ။ ပလတ်စတစ်နဲ့ ပြုလုပ် ထားတဲ့ ပစ္စည်းများရဲ့ ကောင်းကျိုးလေးတွေက –

ဈေးနှုန်းသင့်တင့်မှုရှိတာကြောင့် လူတိုင်း ဝယ်ယူအသုံးပြုနိုင်ပါတယ်။

အလွယ်တကူ သန့်ရှင်းရေးလုပ်ရတာလွယ်ကူသလို ပန်းကန်ဆေးစက်ဖြင့်လည်း အသုံးပြုရတာ လွယ်ကူစေပါတယ်။

ပုံစံအမျိုးမျိုး ဆိုဒ်စုံ၊ ကာလာစုံလည်း ရှိပါတယ်။

ရေ၊ အစားအစာထည့်ပြီး စားလျှင် သံ၊ သံချေးနံ့ကို မရစေပါဘူး။

ပလတ်စတစ်နှင့် ပြုလုပ်ထားသော ပစ္စည်းများမှာ ကောင်းကျိုးရှိသလို ဆိုးကျိုး များလည်း ရှိတတ်ပါတယ်။

ပလတ်စတစ်ဘူးခွက်တွေက အပူမခံသလို မိုက်ကရိုဝေ့ဖ်ထဲ ဟင်းထည့်နွေးရန် မသင့်တော်ပါဘူး။

တချို့ ပလတ်စတစ်ပစ္စည်းတွေမှာ BPA ပါရှိနေပါတယ်။

ယခုထိ ပလတ်စတစ်သုံးခြင်းက အဆိပ်အတောက်ဖြစ်စေတယ်ဆိုတာမျိုးတွေ အငြင်းပွားပြီး ပြောဆိုနေတုန်းဖြစ်ပါတယ်။

          ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ပစ္စည်းများကို အိမ်မှာအသုံးပြုခြင်းနှင့် သောက်ရေ၊ အအေးများ ထည့်ပြီး သိုလှောင်ခြင်း၊ အသုံးပြုလုပ်ခြင်းကတော့ အမှတ်ပေးရမယ်ဆိုရင် လူတိုင်း၊ နေရာတိုင်း၊ ကမ္ဘာတစ်ဝန်းမှာ မရှောင်နိုင်သေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ ပလတ်စတစ် အသုံးအဆောင်ပစ္စည်းများကို ကိုယ်သုံးတဲ့အခါ သတိပြုပြီး သုံးသင့်ပါတယ်။

          စည် မသိထားတာတွေလည်း အများကြီးရှိဦးမှာပါ။ ပရိသတ်ကြီးဆီမှာ ရှိခဲ့ရင် လည်း ပြန်ရှယ်ပေးနော်။ ကိုယ်တိုင် လက်တွေ့အဆင်ပြေဆုံးနည်းလမ်းကို အန္တရာယ် ကင်းကင်းနဲ့ အသုံးတည့် နိုင်တာကို ရှာဖွေတွေ့ရှိနိုင်ပါစေ။ နောက်လတွေမှာလည်း ဘယ်လို မီးဖိုချောင်သုံး ပစ္စည်းများ (သို့) မီးဖိုချောင်အတွင်းမှ အစားအစာများရဲ့  အကြောင်းအရာလေးတွေကို  ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်ဖတ်ရှုကြပါဦး။ စည်  ကျောင်းတုန်းက သင်ခဲ့ရသော Take Caring Kitchen Utensils ဘာသာရပ်မှ စိတ်ဝင်စားစရာအကြောင်းလေးများနှင့်အတူ http://tipnut.com/loosen-lids/ မှ ရရှိသော အကြောင်းအရာလေးများနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ Happy day to you all

မှတ်ချက် – ဖော်ပြထားသည့် Information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။

Syi Lwin Foods Garden

Facebook Comments