တာချီလိတ်၊ ကျိုင်းတုံသို့ အလည်တစ်ခေါက် (အပိုင်း-၁)

F & T_1       ရင်သပ်ရူမောဖွယ်ကောင်းတဲ့ ရှမ်းပြည်နယ် တာချီလိတ်၊ ကျိုင်းတုံမှ အစားအသောက်တွေကတော့ တကယ်ကိုအံ့မခန်းပါပဲ။ ဒီခရီးစဉ်လေးက မိုင်းဖုန်းဆရာတော် ကြီးမွေးနေ့ကို အကြောင်းပြုပြီးသွားဖြစ်ခဲ့တဲ့ ကုသိုလ်ရေးခရီးစဉ်လေးဆိုရင်လည်း မမှားပါဘူး။ ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ရင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ တဝကြီး သွားရောက်လည်ပတ်ခွင့်ရခဲ့ပါတယ်။ အရင်ဆုံး တာချီလိတ်သို့ ခရီးနှင်ခဲ့ပါတယ်။

      တာချီလိတ်မှာ ရာသီဥတုကလည်းအေး၊ အစားအသောက်ကလည်း ကောင်းတာ ဘာပြောကောင်းမလဲ။ ပြီးတော့ ဝတ်ရည်တို့တည်းတဲ့ ကျဲကျဲတို့အိမ်က ထိုင်း နယ်စပ် မဲစိုင်ချောင်းနဲ့ ကပ်လျက်မှာတည်ရှိတာမို့ အစားအစာရော၊ ပစ္စည်းတွေပါ ဈေးနှုန်း အလွန်သက်သာ၊ ပေါများပါတယ်။ အစားအစာမှာလည်း ရှမ်းအစားအစာတွေ အပြင် ထိုင်းဟင်းလျာစားသောက်ဆိုင်တွေပါ သွားရောက်မြည်းစမ်းခဲ့ပါတယ်။

      ပထမဆုံးရောက်တဲ့နေ့မှာ ညနေစာအဖြစ် အရှေ့ပိုင်းစားသောက်ဆိုင်မှာ ထိုင်းဟင်းလျာဖြစ်တဲ့ ငါးခူးမွကြော်၊ ပဲကြာဆံအစပ်သုပ်၊ တုံယမ်းဟင်းချို၊ ဟင်းရွက်စုံကြော်၊ ကြက်ကုန်းဘောင်ဟင်းတွေက စားနေကျထက်ပိုစပ်ပါတယ်။ ဒါပေမဲ့ ထမင်းပူပူလေးနဲ့ တွဲသုံးဆောင်လိုက်ရင် မပြောပလောက်ပါဘူး။

      အိမ်ရှေ့ထွက်လိုက်တာနဲ့ပင် တာချီလိတ်တာလော့ဈေးရှိတာမို့ ဈေးဝယ်ထွက်ရင် ရှမ်းပြည်နယ် တာချီလိတ်က အစားအစာတွေကို တဝကြီးသုံးဆောင်ခွင့်ရခဲ့ပါတယ်။ တကယ်ကို ခံတွင်းတွေ့တာကတော့ ရှမ်းခေါပုတ်ပါပဲ။ ခေါပုတ်ကို မီးသွေးမီးဖိုနဲ့ကင်ပြီး ကြံသကာဖြူးပြီး ဖက်ရွက်နဲ့ထုပ်ပြီး သုံးဆောင်ရတာပါ။ ခေါပုတ်စစ်စစ်လေးမို့ တကယ် ကို အရမ်းစားကောင်းပါတယ်။ ခေါပုတ် ၃ ခုမှ ၂ဝ 20 Baht (၆ဝဝ ကျပ်)ပဲပေးရပါတယ်။ ထို့ပြင် ရန်ကုန်မှာ ဈေးကြီးပေးဝယ်ရတဲ့ သစ်အယ်သီးကိုလည်း ၁ ကီလိုမှ ၇ဝ Baht (၂၁ဝဝ ကျပ်)ထဲနဲ့ အဝကြီးစားခဲ့ပါသေးတယ်။ ရှမ်းပြည်မှာ မစားမဖြစ် တိုဟူးနွေးကို သုံးဆောင်ခဲ့ပါသေးတယ်။ တိုဟူးနွေးထဲကို ထူးထူးခြားခြား ထန်းလျက်ရည်ထည့်ပြီး တချို့က အချိုထည့်စားကြပါတယ်။ တာလော့ဈေးထဲမှာ ကြာဆံချက်၊ မြေအိုးမြီးရှည်၊ ဆန်ပြားခေါက်ဆွဲ၊ တိုဟူးသုပ်၊ တိုဟူးကြော်၊ အီကြာကွေး၊ ဝက်အူချောင်းကင်၊ မြေပဲ လှော်၊ သစ်သီးအစုံအလင် မြည်းစမ်းလို့ရပါသေးတယ်။

      ဒုတိယနေ့ မနက်ပိုင်း မနက်စာအဖြစ်နဲ့ ကျဲကျဲရဲ့လက်ရာ ဂျုံဖက်ထုပ်ခေါက်ဆွဲက ဝတ်ရည်စားဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။ ဂျုံခေါက်ဆွဲဖတ်ရော၊ ဖက်ထုပ်ကပါ အရမ်းလတ်ဆက်ပါတယ်။ မနက်စာစားပြီးတာနဲ့ တာလော့ဈေးကိုဖြတ်ပြီး ထိုင်းနိုင်ငံနယ်စပ်သို့ မဲစိုင်သို့ ခရီးဆက်ခဲ့ပါတယ်။ အရင်ဆုံး Lotus လို့ခေါ်တဲ့ Tesco သို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ Tesco မှာ ဈေးဝယ်ပတ်ရင်း နေ့လယ်စာအဖြစ် Khao Kha Moo လို့ ခေါ်တဲ့ ဝက်လက်စတူးကို သုံးဆောင်ခဲ့ပါတယ်။

F & T_3 F & T_4

      နေ့ခင်းပိုင်းမှာတော့ တာချီလိတ်သို့ပြန်လာပြီး မိုင်းဖုန်းဆရာတော်ကြီးတရားပွဲ အမှီသွားရောက်ခဲ့ပါတယ်။ ရှမ်းပြည်နယ် ဒေသအသီးအသီးကနေ ရှမ်းရိုးရာဝတ်စုံတွေ ဝတ်ဆင်ရင်း ဆရာတော်ကြီးကို လာရောက်ဖူးမျှော်တဲ့ ဧည့်ပရိသတ်တွေ၊ ကားတွေ အပြည့်ပါပဲ။ ဆရာတော်ကြီးမွေးနေ့ပွဲ လာရောက်တဲ့ဧည့်သည်တွေအတွက်လည်း သက်သတ်လွတ်ကြာဆံကြော်၊ ခေါက်ဆွဲကြော်တွေကို ဒါနအလှူအဖြစ် ဝေပေးပါတယ်။ ဧည့်ပရိသတ်ဘယ်လောက်များလည်းဆိုရင် ညနေပိုင်း မိုင်းဖုန်းဆရာတော် တရားဟောပွဲ တက်ရောက်သူတွေ ဓမ္မာရုံကြီးအပြင်လျှံထွက်နေပါတယ်။ ဒါပေမဲ့ ဝတ်ရည်တို့ ကံကောင်းထောက်မစွာဖြင့် အင်္ဂလန်ဆရာတော် ဓမ္မသာမိကျေးဇူးနဲ့ မိုင်းဖုန်း ဆရာတော်ကြီးကို အနီးကပ်ဖူးမျှော်ခွင့်ရရှိခဲ့ပါတယ်။ ဝတ်ရည်တို့ ဆရာတော်ကြီး ဖူးမျှော်ပြီး ပြန်လာခဲ့ပေမယ့် တချို့က အဲဒီမှာပဲညအိပ်ပြီး မနက်ဖြန် ဆရာတော်ကြီးမွေးနေ့ အတွက် မပြန်ဘဲ ကျန်ရစ်ခဲ့ကြပါတယ်။

      နောက်နေ့ အရင်နေ့ကမလည်ပတ်ခဲ့ရတဲ့နေရာတွေ သွားရောက်လည်ပတ်ဖို့ ထိုင်းနယ်စပ် မဲစိုင်၊ ချင်းရိုင်နဲ့ ရွှေတြိဂံနေရာတွေကို သွားရောက်ထပ်လည်ပတ်ခဲ့ပါ တယ်။ အရင်ဆုံး နံ့သာတုံးစစ်စစ်နဲ့ထုလုပ်ထားတဲ့ ၉ ထပ်ကြီးဘုရားကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ အထဲဝင်သွားရင်ကို နံ့သာနံ့တွေ ဘုရားကျောင်းတစ်ခုလုံး မွှေးကြိုင်နေပါ တယ်။ ပြီးတာနဲ့ ငွေကျောင်းသို့လည်း ခရီးဆက်ခဲ့ပြန်ပါတယ်။ ငွေကျောင်းပြီးတာနဲ့ ချင်းရိုင်ရဲ့ ပန်းပွဲတော်သို့ အမှီသွားခဲ့ပါတယ်။ ပန်းတွေနဲ့ ဝေဆာလှပနေတဲ့ ပန်းပွဲတော်မှာတော့ ဝတ်ရည်ဓာတ်ပုံတွေအများကြီး ရိုက်ဖြစ်ခဲ့ပါတယ်။ ညနေမစောင်းခင် မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံဆုံရာ ရွှေတြိဂံဘုရားသို့ ဘုရားဖူးအဖြစ် သွားရောက် ဖူးမျှော်ခဲ့ပါတယ်။ တကယ်ဆို နီးရက်နဲ့ဝေးဆိုတာ တကယ်အမှန်ပါပဲ။ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံလုံးက မြစ်လေးတစ်ခုသာ ကွာဝေးနေတာပါ။

      နောက်နေ့မှာတော့ တာချီလိတ်ကနေ ကျိုင်းတုံသို့ ခရီးဆက်ခဲ့ပါတယ်။ တာချီ လိတ်ကနေ ကျိုင်းတုံကို ကားနဲ့ဆို ၂ နာရီ၊ ၃ နာရီလောက်ပဲ မောင်းရပါတယ်။ ကျိုင်းတုံ ရောက်တာနဲ့ မြန်မာကျပ်ငွေကို စပြန်သုံးလို့ရပါပြီ။ ကျိုင်းတုံမှာတော့ နာမည်ကြီး မြေပဲတို့ဟူးသုပ်ကို မစားမဖြစ် သွားရောက်မြည်းစမ်းခဲ့ပါတယ်။ မြေပဲဆံကိုစိမ်ပြီး ကြိတ်လို့ ရတဲ့အရည်ကို ပိတ်ပါးနဲ့စစ်ပြီးမှ ရောကျိုထားတာပါ။ မြေပဲတိုဟူးကိုတော့ ခုထိ တသသနဲ့ စားချင်နေတုန်းပါပဲ။ နောက် ကျိုင်းတုံမှာ ခံတွင်းတွေ့ခဲ့တာကတော့ ငါးဒုက္ခလို့ခေါ်တဲ့ ငါးခူးထဲကို စပါးလင်၊ အမွှေးအကြိုင်တွေနဲ့ တုတ်ချည်ပြီး ကင်ထားတာပါ။

F & T_5
      ညနေပိုင်းတော့ ကျိုင်းတုံ နောင်တုံကန်နားက ရှမ်းခေါက်ဆွဲနဲ့ ဝက်ခေါက် အခြောက်ကို သွားရောက်သုံးဆောင်ခဲ့ ပါသေးတယ်။ ကျိုင်းတုံမှာ ၂ ရက်ပဲ တည်းခိုရတာမို့ ဒုတိယနေ့မှာ ဈေးထဲပတ်ရင်း ဆန်မှုန့်ရယ်၊ ကြက်ဥကို အဝိုင်းပြားထဲ အစာ အဖြစ်နဲ့ ကြက်အူချောင်း၊ ကြက်သွန်မြိတ် အစုံထည့်ပြီး သုံးဆောင်ရတဲ့ ခေါက်ဆွဲနွဲ့ကို အဝကြီးသုံးဆောင်ခဲ့ပါတယ်။ ထို့ပြင် အိမ်အပြန်လက်ဆောင်အဖြစ် ခေါပုတ်၊ မြေပဲ တိုဟူး၊ ဝက်ခေါက်၊ လောက်ပိုး၊ ပြောင်းဖူး၊ အစုံအလင် သွားရောက်ဝယ်ခဲ့ပါ တယ်။ ညနေပိုင်းမှာ ကျိုင်းတုံရေပူစမ်းကို သွားရောက်ခဲ့ပါတယ်။ ကျိုင်းတုံရေပူစမ်းမှာ ကြက်ဥ ကို ခြင်းထဲထည့် ရေပူစမ်းရေထဲ ၂ မိနစ်လောက်စိမ်လိုက်ရင် ကျက်သွားတယ်။ အဲဒီကြက်ဥက ဆေးဖက်လည်းအရမ်းဝင်ပါတယ်။ တာချီလိတ်ရှမ်းပြည် က ဒေသအလှအပနဲ့ ဝတ်ရည်သွားရောက်လည်ပတ်ခဲ့တဲ့ နေရာ၊ အစားအသောက်တွေအကြောင်းတွေပြောရင်း ပြောလို့ ကုန်မယ်မထင်ပါဘူး။ ဒါကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။

♦   Wutyee Food House   ♦

Facebook Comments