ချင်းစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

by ဒေါက်တာ ညီညီကျော် for Food Magazine

          ဗန်းစကားအရ “ချင်းမိတယ်ဆိုရင် မကောင်းဘူး၊ ခံလိုက်ရပြီ” လို့ အဓိပ္ပာယ် သက်ရောက်ပေမယ့် အစားအသောက်ထဲမှာ ချင်းစားမိတယ်၊ ချင်းထည့်ထားတယ်ဆိုရင်တော့ ပျော်ပျော်ကြီးစားလိုက်ပါ။ သင့်ကျန်းမာရေးကို များစွာအထောက်အကူ ဖြစ်စေပါတယ်။

ဘာတွေ ကောင်းစေသလဲဆိုတော့-

၁။       မူးမော်တာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တွေမှာဖြစ်တဲ့ မူးမော်၊ ပျို့အန်တဲ့ Morning Sickness ကို သိသိသာသာ သက်သာစေပါတယ်။ ဒါ့အပြင် ကားမူးတာ၊ လှိုင်းမူးတာ စတာတွေမှာလည်း သက်သာစေနိုင်ပါတယ်။

၂။       ချင်းမှာ Gingerol လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် နှလုံး သွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၃။       Anti Inflammatory (ရောင်ရမ်းခြင်းကို သက်သာစေတဲ့) အစွမ်းသတ္တိရှိတဲ့အတွက် အရိုး၊ အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ၊ OA (Osteoarthritis) ဝေဒနာ ခံစားနေရတဲ့သူတွေဆိုရင် ချင်းစားပေးသင့်ပါတယ်။

၎။       သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတဲ့အပြင် HbA1c ကို သုံးလအတွင်းမှာ ၁၀ ရာခိုင်နှုန်းအထိ ကျစေပါတယ်။

၅။       Antioxidant Property ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့အတွက် သွေးကြောအတွင်း ရောင်ရမ်းခြင်း၊ သွေးကြောမှာ အဆီခဲစုခြင်း စတာတွေမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် သွေးတွင်း ကိုလက်စထရော ကိုလည်း ကျစေပါတယ်။

၆။       Gingerol ပါဝင်တဲ့အတွက် နာတာရှည် အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့ သူတွေဆိုရင်တော့ ချင်းပြုတ်ရည်သောက်ပေးခြင်းဖြင့် အစာကြေ ရင်ချောင်စေပါတယ်။ အခုဆို ချင်းမှုန့်တွေလည်း ရောင်းလာကြတဲ့အတွက် ချင်းမှုန့် လက်ဖက်ဇွန်း လေးပုံတစ်ပုံကို ရေနဲ့ ဖျော်သောက်ပါက အဆာပြေပြီး ရင်ချောင်စေပါတယ်။

၇။       အမျိုးသမီးတွေ ဓမ္မတာလာလို့ ကိုက်ခဲနေတဲ့ အချိန်တွေဆိုရင်လည်း ချင်းပြုတ်ရည် ဒါမှမဟုတ် ချင်းဖျော်ရည်လေးသောက်ပေးရင် Dysmenorrhea လို့ ခေါ်တဲ့ ရာသီသွေးပေါ်ရင် နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

၈။       သွေးတွင်းအဆီဓာတ်တွေဖြစ်တဲ့ Total Cholesterol, Triglycerides နဲ့ LDL ကိုလက်စထရောကျဖို့ အတွက်ဆိုရင်တော့ ချင်းအမှုန့် လက်ဖက်ဇွန်း သုံးပုံနှစ်ပုံ သောက်ပေးသင့်ပါတယ်။

၉။       Gingerol က ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အပြင် Pro Inflammatory  Signaling Molecules တွေကို လျော့နည်းစေတဲ့အတွက် အူမကြီးကင်ဆာ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ တချို့သော သုတေသနတွေမှာတော့ သားဥအိမ်ကင်ဆာ၊ မုန့်ချို အိတ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကိုပါ ကာကွယ်ပေးနိုင်တယ်ဆိုပြီး အဆို ပြုထားပါတယ်။

၁၀။     Stress တွေ နာတာရှည် ရောင်ရမ်းတာတွေဟာ အယ်လ်ဇိုင်းမားရောဂါကို ပိုဆိုးစေပါတယ်။ ချင်းကတော့ ရောင်ရမ်းတာကို သက်သာစေတော့ အယ်လ်ဇိုင်းမားရောဂါကိုလည်း တစ်ဖက်တစ်လမ်းက ကာကွယ်ပေးနိုင်ပါတယ်။

၁၁။     ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ရောဂါတချို့ကိုလည်း တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Facebook Comments