ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်စားခြင်းက ဆေးလိပ်သောက်ခြင်းထက် သေဆုံးမှုပိုများပါသလား

by စိုးသိဏ်း for Food Magazine

          ကမ္ဘာပေါ်ရှိ လူသားတွေဟာ ကောက်စပါးအပြည့်ပါတဲ့ အခွံမာသီးတွေ၊ စပါးစေ့၊ ပြောင်းစေ့တွေ၊ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို လုံလောက်စွာမစားကြပါဘူး။ တစ်ချိန်တည်းမှာ လူသားတွေဟာ ချိုတဲ့အရည်၊ ငန်တဲ့အစားအစာ၊ ပြုပြင်ထုတ်လုပ်ထားတဲ့ အသားတွေကို အလွန်အကျွံ စားသောက်နေကြပါတယ်။

          သုတေသီတွေက ရောင်းအား၊ တချို့သော အသုံးစရိတ်နဲ့ စစ်တမ်းကောက်ယူမှု အချက်အလက်တွေကို အသုံးပြုပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှ လူတွေရဲ့ စားသောက်ပုံကို ဆန်းစစ်လေ့လာခဲ့ပါတယ်။ ပြီးတော့မှ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေနဲ့ ဆီးချိုရောဂါအပါအဝင် ရောဂါတွေကြောင့် သေဆုံးစေနိုင်တဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေရဲ့ သက်ရောက်မှုကို ခန့်မှန်းကြပါတယ်။ (ဆေးလိပ်သောက်ခြင်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတို့လို အန္တရာယ်ရှိတဲ့ အခြားအကြောင်း ရင်းတွေကြောင့် သေဆုံးသူဦးရေကိုလည်း ကမ္ဘာ့အဆင့် တွက်ချက်ကြပါတယ်။)

          “ဒီလေ့လာမှုက ကမ္ဘာ့နိုင်ငံအများစုက သေဆုံးမှုအတွက် အဓိက အသက်အန္တရာယ်ရှိတာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်ဖြစ်ကြောင်း တွေ့ရပါတယ်။ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေဟာ ဆေးရွက်ကြီး ဒါမှမဟုတ် သွေးတိုး ရောဂါတို့ထက် နာမကျန်းမှုကို ပိုဖြစ်စေပါတယ်” လို့ ဝါရှင်တန်တက္ကသိုလ် ကျန်းမာရေးတွက်ချက်မှုနဲ့ တန်ဖိုးဖြတ်မှု အင်စတီကျူ့မှ သုတေသီ အက်(ရှ်)ခန်းအက်(ဖ်)ရှင်းက ပြောတယ်။

          ကျန်းမာရေးနဲ့ညီညွတ်တဲ့ အကောင်းဆုံး အစားအသောက်စားသုံးတဲ့ နိုင်ငံတွေက အစ္စရေး၊ ပြင်သစ်နဲ့ စပိန်တို့ဖြစ်ပြီး အစားအသောက်နဲ့ဆက်စပ်တဲ့ ရောဂါဘယဖြစ်ပွားမှု အဆင့်အနိမ့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

          အမေရိကန်နိုင်ငံက အဆင့် (၄၃) ချိတ်ပြီး တရုတ်ပြည်က အဆင့် (၁၄၀) ချိတ်ပါတယ်။ တချို့နိုင်ငံတွေမှာ အဓိကအစားအစာတွေ စားသုံးမှုအတွက် အချက်အလက် မပြည့်စုံမှုကို တချို့ခန့်မှန်းချက်တွေ မပါဝင်နိုင်ပါဘူးဆိုတာ မှတ်သားသင့်ပါတယ်။

          ယေဘုယျအားဖြင့် မြေထဲပင်လယ်ဒေသမှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်နဲ့နီးစပ်တဲ့ နိုင်ငံတွေဟာ အစားအသောက်ကြောင့် သေဆုံးတဲ့ လူဦးရေ အနည်းဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ သူတို့တစ်တွေက သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီးနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီတွေ (သံလွင်ဆီနဲ့ အိုမီဂါ=၃ ငါးအဆီ) ကို စားသုံးမှုပိုများပြားကြပါတယ်။

          မြေထဲပင်လယ်ဒေသမှ စားသောက်မှုပုံစံဟာ နှလုံးရောဂါဖြစ်ပွားမှုနဲ့ မှတ်ဥာဏ် ချို့ယွင်းမှုတွေကို လျှော့ချပေးပါတယ်။ မက္ကဆီကိုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ မက္ကဆီကိုက အဲဒီစာရင်းမှာ အဆင့် (၅၇) ချိတ်ပါတယ်။ မက္ကဆီကိုနိုင်ငံသားတွေက ဂျုံနဲ့ပြုလုပ်တဲ့ ဒေသအစာတစ်မျိုးဖြစ်တဲ့ ပြောင်းဖူး၊ တော်တီးလားတို့ကို အများဆုံးစားကြပြီး ကောက်စပါးအပြည့်ပါတဲ့ အစာတွေက ကျန်းမာရေးအတွက် အကျိုးအာနိသင် ရှိပါတယ်။

          ဒါပေမဲ့ မက္ကဆီကိုမှာ သကြားပါတဲ့ အဖျော်ယမကာတွေကို အများဆုံးသောက်သုံးကြပါတယ်။ ကောက်စပါးပါတဲ့ အစားအစာတွေကို စားခြင်းရဲ့ အကျိုးကျေးဇူးက သကြား (အချို) စားလွန်းခြင်းရဲ့ အန္တရာယ်အပေါ် လွှမ်းမိုးမှု ရှိ၊ မရှိ ပြောရခက်ပါတယ်။ ဒါပေမဲ့ နိုင်ငံအများအပြားမှာ တွေ့ရတဲ့ ပြဿနာက အဲဒါကို ပေါ်လွင်စေပြီး စားသောက်မှုပုံစံ တစ်ခုလုံးက ပိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။

          ကမ္ဘာ့ပြည်သူများစွာဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ဝယ်စားနိုင်ဖို့ မနည်းရုန်းကန် ကြိုးစားနေရပါတယ်။ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၈၀ဝ ဟာ ဝ၀လင်လင် မစားကြရပါဘူး။ လူဦးရေ ၁.၉  ဘီလီယံက အဝလွန်နေပါတယ်။ ဝ၀လင်လင် မစားရခြင်းနဲ့ အဝလွန်ခြင်းတို့ နှစ်မျိုးစလုံးဟာ အာဟာရဓာတ်ချို့တဲ့မှု ဖြစ်တယ်ဆိုတာ မှတ်ထားဖို့ လိုပါတယ်။

          ပြန်လည်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်နဲ့ ချိုတဲ့ဆော်ဒါတွေနဲ့ ပြုလုပ်ထားတဲ့ အသင့်စား သရေစာအထုပ်တွေချည်း စားရင် ကယ်လိုရီတွေရမှာ ဖြစ်ပေမယ့် အဲဒီကယ်လိုရီတွေကပဲ ရောဂါရစေပါတယ်။

          “လက်ရှိကမ္ဘာ့စိုက်ပျိုးရေးစနစ်အရ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် စားနည်းကို ကျွန်တော်တို့အားလုံး ကျင့်သုံးလို့မဖြစ်သေးပါဘူး။ ကျွန်တော်တို့က အဆီ၊ သကြားနဲ့ ကော်ပါတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်တာ သိပ်များလွန်းတယ်။ ဒီတော့ အစားအစာထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ လယ်သမားတွေကလည်း အရေးပါလာပါတယ်။ ကျွန်တော်တို့အတွက်လည်း ကိုယ်စားသင့်တဲ့ အစားအစာနဲ့ ထုတ်လုပ်တဲ့ အစားအစာ လိုက်ဖက်မှုမရှိဘူး” လို့  ဂွဲ့(လ်)တက္ကသိုလ်မှ Arrell Food Institute ရဲ့    ညွှန်ကြားရေးမှူးနဲ့ တွဲဖက်သုတေသီ အဲဗင်ဖရေဆာက ပြောပါတယ်။

          PLOS ONE ဂျာနယ်မှာ ပါရှိတဲ့ လေ့လာချက်အရ တစ်ကမ္ဘာလုံးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်စပါး၊ အစားအစာ သုံးပုံနှစ်ပုံ စားမယ်ဆိုရင် စားနပ်ရိက္ခာတွေ ပြတ်လပ်သွားပြီး စားနပ်ရိက္ခာ လုံလောက်မှာ မဟုတ်ဘူးလို့ ဂွဲ့(လ်)တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။

          ဒါကြောင့် တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်ပါတယ်။ အာဟာရဓာတ်ဆိုင်ရာ ပညာပေးခြင်းနဲ့ ကျန်းမာတဲ့အစားအစာတွေ စားသောက် နိုင်ခွင့်တို့ ရှိခြင်းနှင့်အတူ စိုက်ပျိုးရေးထုတ်လုပ်မှုကို ပြန်လည်စဉ်းစားသုံးသပ်ခြင်း အပါအဝင် ပမာဏ ခြေလှမ်းတွေ အတော်များများ လိုအပ်ချက်တွေ ရှိနေပါတယ်။

Facebook Comments