ကယားပြည်နယ်ခရီးစဉ် တတိယနေ့ အပိုင်း (၃)

by မြင့်ဦးသာ for Food Magazine

          ညက ဒုတိယနေ့မှာ လည်ပတ်ခဲ့တဲ့ နေရာလေးတွေကို ပြန်စဉ်းစားလိုက်တော့ အားရကျေနပ်မိတယ်။ ခရီး ထွက်တိုင်း အချိန်ကို အလကားမဖြစ်ရအောင် နေရာအစုံ ရောက်အောင်သွားရတော့ အနည်းငယ်ပင်ပန်းလို့ ညဘက် ဟိုတယ်မှာ ကောင်းကောင်းအိပ်ဖြစ်သွားတယ်။ မနက်ဆို စောစောအိပ်ရာထလေ့ရှိတော့ ဒီနေ့လည်း မနက်စောစော အိပ်ရာထပြီး ဟိုတယ်ပတ်ဝန်းကျင်မှာ လမ်းလျှောက်ထွက်ဖြစ်တယ်။

          အပြန်မှ မနက်စာကိုဝင်စားပြီး စားသောက်ခန်းထဲက ဝန်ထမ်းနဲ့ ကယားပြည်နယ် အကြောင်းလေးတွေ မေးဖြစ်ခဲ့ တယ်။ ကယားပြည်နယ်မှာ နာမည်ကြီး မက်ခါသီးကို စနစ်တကျ စိုက်ပျိုးကြသလားလို့ မေးကြည့်တဲ့အခါ  အဲဒီလို မရှိဘူးလို့ သိရတယ်။ ဒါပေမဲ့ ရွာတွေဘက်မှာ တစ်နိုင်တစ်ပိုင် စိုက်ထားတာတော့ရှိတယ်လို့ သိရပါတယ်။

          မနက်စာစားပြီးတာနဲ့ ကျွန်တော်တို့ကို လိုက်ပို့ပေးမယ့် မြို့ခံတစ်ယောက်နဲ့အတူ လွိုင်ကော် သီရိမင်္ဂလာဈေးကို အရင်သွားကြပါတယ်။ အိမ်ပြန်လက်ဆောင် မက်ခါသီး ဝယ်ချင်တာနဲ့ ကုန်စုံဆိုင်တစ်ဆိုင်မှာ မေးလိုက်တော့ မက်ခါသီးခြောက်၊ ပန်းခါး၊ ဖရုံသီးစေ့ခြောက်၊ ကယား ငရုတ်သီးထောင်းပါရှိတယ်ဆိုလို့ နည်းနည်းစီ ဝယ်ဖြစ်ခဲ့တယ်။ ကယား ငရုတ်သီးထောင်းဆိုတာကတော့ မက်ခါ၊ ပန်းခါး၊ ကယားငရုတ်သီးခြောက်၊ ဖရုံစေ့တို့ကို လှော်ပြီး ထောင်းထားတဲ့ ငရုတ်သီးထောင်းပါ။

          ဟင်းသီးဟင်းရွက်ဆိုလျှင်လည်း ဖရုံသီး၊ ပိန္နဲသီးတွေဆို တောင်ပုံရာပုံ အပုံလိုက် ရောင်းပါတယ်။ လက်ဖက်ကို ထူးထူးခြားခြား လုံးပြီးထားတဲ့ လက်ဖက်လုံးတွေကိုလည်း တွေ့ရတယ်။ အကြိုက်ဆုံးကတော့ စွယ်တော်ရွက်နုနု လေးတွေပါပဲ။ အစိမ်းနုရောင် စွယ်တော်ရွက်နုနုလေးတွေကလည်း စားချင်စရာပါ။ ကယားငရုတ်သီးခြောက် သေးသေးနီနီလေးတွေကလည်း ဝယ်ချင်စရာကောင်းအောင် ခင်းထားတော့ ဝယ်ဖြစ်လိုက်တယ်။ အဲဒီငရုတ်သီးကတော့ ဒေသအခေါ် ကုလားအော်သီးပါ။ ဒါပေမဲ့ ကျွန်တော်တို့ အညာက ကုလားအော်သီးနဲ့ မတူပါဘူး။

          လွိုင်ကော်ရောက်လျှင် မဖြစ်မနေစားရမယ့် ဟင်းထုပ်၊ ကယားဝက်သားလုံးကြော်နဲ့ ကယားဝက်အူချောင်း စားဖို့ ဈေးနဲ့ သိပ်ပြီးမဝေးတဲ့ မင်္ဂလာဟင်းထုပ်ဆိုင်ကို ဆက်ပြီးသွားခဲ့တယ်။ ဆိုင်ထဲရောက်တော့ ဟင်းထုပ် ထုပ်တာကိုလည်း ကြည့်ခွင့်ရတယ်။ ဟင်းထုပ်ကို ငရုတ် သီးဆီချက်လေးနဲ့ တို့စားပြီး ကယားဝက်သားလုံးကြော် ကိုတော့ မက်ခါသီးနဲ့ ထောင်းထားတဲ့ ကယားငရုတ်သီး ထောင်းနဲ့ တို့စားရတယ်။ မက်ခါသီးကြောင့် လျှာထုံစေပြီး စားလို့အရမ်းကောင်းပါတယ်။ ကျွန်တော်အကြိုက်ဆုံးက တော့ မင်္ဂလာဟင်းထုပ်ဆိုင်က ကယားဝက်အူချောင်းပါပဲ။ ဒါ့ကြောင့် လူပြောများပြီး နာမည်ကြီးတာပါ။ အမှတ်တရ ကတော့ ဆိုင်မှာ ဆိုင်ဝန်ထမ်းတွေစားဖို့ ချက်ထားတဲ့ ပိန္နဲသီးနဲ့ ကင်ပွန်းချဉ်ရွက် ရောချက်ထားတဲ့ ဟင်းလေးကို မြည်းစမ်းခွင့်ရခဲ့တယ်။ ကောင်းမှကောင်းပါပဲ။

          ပြီးတာနဲ့ လွိုင်ကော်မြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ ကျတ်ဂူကို ခရီးဆက်ခဲ့ပါတယ်။ ကျတ်ဂူလို့ ပြောတာနဲ့ စိတ်ထဲမှာ တစ်မျိုးခံစားမိတာ အမှန်ပါ။ လိုက်ပို့တဲ့ ဒေသခံက ပြောပါတယ်။ ဂူထဲရောက်ရင် တစ်ယောက်နဲ့တစ်ယောက် နာမည်ကိုမခေါ်ဖို့၊ ပြီးတော့ အသံကျယ်ကျယ်မပြောဖို့ ပြောထားလို့ ပိုပြီး စိတ်လှုပ်ရှားမိပြန်တယ်။

          ကျတ်ဂူသွားတဲ့ လမ်းတစ်လျှောက်မှာလည်း စိုက်ခင်းတွေနဲ့ တော်တော်သာယာပါတယ်။ ကျတ်ဂူထဲဝင်ဖို့ ပထမဦးဆုံး နည်းနည်းမတ်တဲ့ တောင်ပေါ်ကို အရင်ဆုံး တက်ရတယ်။ ဂူပေါက်ဝမှာတော့ ဘုရားတစ်ဆူတည် ထားပြီး ဘုရားဘေးက လမ်းကနေ အောက်ဘက်ကို ပြန်ဆင်းရမယ့်လှေကားကို အပေါ်စီးကနေ မြင်ရပါတယ်။ ဒီဂူထဲကို ဝင်မယ်ဆိုလျှင်တော့ လက်နှိပ်ဓာတ်မီးကို ဆောင် ထားရပါမယ်။ လှေကားအတိုင်း ဆင်းသွားတဲ့အခါ တဖြည်းဖြည်းနဲ့ မှောင်စပြုလာတဲ့အတွက် လမ်းလျှောက်တဲ့အခါ စမ်းတဝါးဝါးနဲ့လျှောက်ရပြီး စကားလည်း ကျယ်ကျယ် မပြောရဘူးလို့ ပြောထားတော့ စိတ်ထဲမှာ တစ်မျိုးခံစားရ တယ်။ ပြီးတော့ ဖိနပ်မစီးရတော့ ကျောက်တုံးတွေပေါ်ကို ဖြတ်လျှောက်မိတိုင်း ခြေထောက်တွေက တော်တော် နာပါတယ်။ လက်နှိပ်ဓာတ်မီးနဲ့ ဂူနံရံထိုးကြည့်တဲ့အခါ သစ်သားနဲ့လုပ်ထားတဲ့ အခေါင်းတလားတွေကို တွေ့ရပါ တယ်။ နောက်မှသိရတာက လွန်ခဲ့တဲ့နှစ်များစွာက ဒီဂူထဲကို  ရောက်ဖူးသူများ ပြောကြတာတော့ အရိုးစုတွေပါ တွေ့ရတယ်လို့ ပြောပါတယ်။ ကယားပြည်နယ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာ တစ်နေရာပါပဲ။

          ကျတ်ဂူကနေ လွိုင်ကော်မြို့ထဲ ပြန်လာပြီး အဲဒီကမှ တစ်ဆင့် ကျွန်တော်တို့ ဖရူဆိုကို ခရီးဆက်ပါတယ်။ ငွေတောင်ဆည်၊ ဒီးမော့ဆိုကို  ဖြတ်ကျော်ပြီးမှ ဖရူဆိုကို  ရောက်ပါတယ်။ ဖရူဆိုက လွိုင်ကော်ထက်စာရင် ပိုစိမ်း လန်းပြီး တောင်ပေါ် မြို့ရဲ့အလှကို ပိုပြီးခံစားရတယ်။ အထူး သဖြင့် ဖရူဆိုမြို့အဝင်နားကနေ လှမ်းကြည့်လိုက်ရင် ရှုခင်းတွေက အရမ်းမိုက်ပါတယ်။ မြို့ဝင်ဝင်ချင်း ဖရူဆို မြို့နယ်ခန်းမဘေးက လမ်းအတိုင်း ညာဘက်ကို ဝင်လိုက် တာနဲ့ လမ်းက တဖြည်းဖြည်းနဲ့ တောင်တက်လမ်းဖြစ်လာပါပြီ။ တောင်တက်လမ်းအတိုင်း ဖရူဆိုမြို့အပြင်ဘက် ကားမောင်းလိုက်တာနဲ့ ကျွန်တော်တို့သွားမယ့် ကယား ဒေသမှာရှိတဲ့ ထီဖရူနုသဘာဝလိုဏ်ကိုသွားတဲ့လမ်းကို ရောက်ပါပြီ။ လမ်းတွေက မတ်တဲ့အပြင် အချိုးအကွေ့ တွေလည်း အရမ်းများတဲ့အတွက် တောင်ပေါ်လမ်းတွေကို ကျွမ်းကျင်တဲ့ ကားဆရာမှ အဆင်ပြေမှာပါ။ လမ်းတစ်လျှောက်မှာ အလုပ်သွားတဲ့ တိုင်းရင်းသားကလေးတွေကိုတွေ့ရပြီး လမ်းဘေးမှာလည်း စွယ်တော်ပင်တွေ အများကြီး တွေ့ရပါတယ်။ ဒါကြောင့်ထင်တယ်။ ဒီမနက်ဈေးမှာ စွယ်တော်ရွက်တွေ အများကြီးရောင်းနေတာ တွေ့ခဲ့ရ တာပါ။ ကျွန်တော်တို့ရဲ့ကားက တောင်ပေါ်ကို တက်လိုက်၊ ဆင်းလိုက်နဲ့  ထီဖရူနုလိုဏ်ဂူဆင်းရမယ့် နေရာကိုရောက်တော့ ကားကို လမ်းဘေးရပ်ပြီး လမ်းညွှန်ဆိုင်းဘုတ်အတိုင်း လမ်းလျှောက်ရပါတယ်။ လမ်းသွယ်လေးအတိုင်း တောင်အောက်ကို ဆင်းပြီးရင်တော့ ယာခင်းတချို့ကို ဖြတ်ပြီး တောင်အောက်ဘက်ကို ဆင်းရမှာပါ။ စပြီးဆင်း ရမယ့်နေရာရောက်တော့ အောက်ဘက်က လျှိုမြောင်ထဲမှာ တောင်လှေကားစိုက်ခင်းတွေကို တွေ့ မြင်ရပါတယ်။ ဂူထဲရောက်ဖို့က တော်တော်လေး ခက်ခဲတဲ့အပြင် တောင်နံရံကိုပတ်ပြီး ဖောက်ထားတဲ့လမ်းက မတ်စောက် လွန်းတယ်။ လမ်းတစ်ဝက်မှာ ပြန်တက်လာတဲ့ ရွာအနီးအနားက ကိုရင်လေးတွေ အရမ်းကို မောပြီး အပေါ်ကိုပြန် တက်ဖို့ အတော်ကိုကြိုးစားနေတာကို တွေ့ရလို့ ကျွန်တော်တို့တစ်တွေအားလုံး ပြုံးကြတော့ ကိုရင်လေးက အပေါ်ကို ပြန်တက်ဖို့ မလွယ်ဘူးလို့ပြောပါတယ်။

          တော်တော်လေး ခက်ခက်ခဲခဲဆင်းပြီးမှ လိုဏ်ဂူထဲ ရောက်ပါတယ်။ အထဲမှာ ရေထွက်ပေါက်တစ်ခုရှိပြီး အဲဒီသဘာဝလိုဏ်ဂူက တော်တော်လေးမြင့်ပါတယ်။ ဒီဂူရောက်ဖို့ လမ်းနဲ့ အထဲဝင်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် နိုင်ငံခြားသားတွေ လာရောက်မှုကို ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ ကျွန်တော်တို့မရောက်ခင် ၂ ရက်ကမှ ပြည် နယ်က တာဝန်ရှိလူကြီးများ လာရောက်ပြီး လေ့လာသွားတယ်ဆိုတာ သိရပါတယ်။

          အပေါ်ကို ပြန်အတက်မှာတော့ ကိုရင်လေးပြောသလိုပါပဲ။ မလွယ်ကူလှပါဘူး။ အပေါ်ကို မနည်းရောက် အောင် ပြန်တက်ခဲ့ရပါတယ်။ လာခဲ့တဲ့လမ်းအတိုင်း ဖရူဆိုကို ပြန်လှည့်ခဲ့ပါတယ်။ နေ့လယ်စာလည်း အချိန်လွန်သွားလို့ ပါလာတဲ့ပေါင်မုန့်ကို အဆာပြေစားရင်း ဖရူဆိုကို အရောက်ပြန်ခဲ့ပါတယ်။ ဖရူဆိုမြို့လေးက သေးပေမယ့်လည်း လှပငြိမ်းချမ်းတဲ့ မြို့လေးပါ။ မြို့နယ် ခန်းမရှေ့က ဆိုင်မှာပဲ  နေ့လယ်စာ စားဖြစ်တယ်။ အမဲကြော်၊ ဝက်သားလုံးကြော်တို့ကို အရန်ဟင်းလေးတွေနဲ့ နေ့လယ်စာ စားဖြစ်လိုက်တယ်။

          ထမင်းစားရင်း လမ်းမှာတွေ့ခဲ့ရတဲ့ ဘုရားကျောင်းကို သွားချင်တယ်လို့ လိုက်ပို့ ပေးတဲ့ ဒေသခံကိုပြောပြတော့ ကျွန်တော်တို့ကို လိုက်ပို့ပေးပါတယ်။ ထမင်းဆိုင်နဲ့ မနီးမဝေးမှာရှိလို့ သွားရတာ အဆင်ပြေသွားတယ်။

          ဘုရားကျောင်းဝင်းက ထင်တာထက် ပိုပြီးကျယ်ဝန်း ပြီးတော့ အဆောက်အအုံတွေက ရှေးခေတ်အဆောက် အအုံလက်ရာတွေပါ။ ဘုရားကျောင်းဘေးမှာတော့ ပြွတ်ခဲနေအောင် သီးနေတဲ့ လိုင်ချီးပင်တွေကို တွေ့ရတယ်။ ပြီးတော့ ကျွန်တော်မြင်ဖူးချင်လှပါတယ်ဆိုတဲ့ မက်ခါသီး ပင်ကိုတွေ့လိုက်တော့ အရမ်းပျော်သွားပါတယ်။

ဘုရားကျောင်းက တောင်စောင်းမှာရှိတဲ့အတွက် အဝေးကို လှမ်းကြည့်လိုက်ရင် ရှုခင်းတွေက တော်တော် လေးသာယာသလို ဘုရားကျောင်းဝင်းထဲမှ အလေ့ကျ ပေါက်နေတဲ့ လီလီပန်း၊ ဘောလုံးပန်းခင်းကိုလည်း တွေ့ရပြန်ပါတယ်။ ဒီဘုရားကျောင်းက အေးချမ်းသာယာပြီး စိတ်ကိုကြည်နူးစေပါတယ်။

          အပြန်လမ်းတစ်လျှောက်မှာတော့ ညနေစောင်း ဆည်းဆာအလှကို ခံစားရင်း တည်းခိုရာ လွိုင်ကော်မြို့ကို ပြန်လာခဲ့ပါတယ်။ လွိုင်ကော်မြို့ထဲရောက်တော့ ညနေစောင်းနေပါပြီ။ နောင်ယားကန်ကြီးလည်း ညနေဆည်းဆာမှာ ပိုပြီးလှပနေပါတယ်။မနက်ဖြန် ဆိုလျှင် လွိုင်ကော်မြို့ကို ခွဲခွာပြီး ပင်လောင်းကို ခရီးဆက်ပါမယ်ခင်ဗျာ။

 

Facebook Comments

Menu