ကမ္ဘာတစ်ဝန်း တူအသုံးပြုနည်းလေးများအကြောင်း

အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများနှင့် မီးဖိုချောင်အတွက် အသုံးဝင်စေမည့်အကြောင်း

ကမ္ဘာတစ်ဝန်း တူအသုံးပြုနည်းလေးများအကြောင်း

(Why do asian nations use chopsticks and Chopstick etiquette)

          ဒီလရဲ့ ရင်ခုန်လေ့လာစရာ မီးဖိုချောင်သုံးပစ္စည်းများထဲကမှ အားလုံး အမှတ်တမဲ့ ရှိနေတတ်တဲ့ “တူ”  Chopstick  အတွက် စိတ်ဝင်စားစရာဖြစ်နိုင်မယ့်အကြောင်းကို မျှဝေပေးချင်ပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ အိမ်တွေမှာ မရှိမဖြစ်လိုအပ်သော တူကို ကမ္ဘာတစ်ဝန်းလုံး သုံးကြပါတယ်။ တူမှာလည်း ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး၊ ဒီဇိုင်းပုံစံအမျိုးမျိုး ရှိပါတယ်။ အဲဒီလို ကမ္ဘာတစ်ဝန်း အသုံးများတဲ့တူကို နေရာဒေသ အလိုက် သုံးနည်းနဲ့ ရိုးရာအရ ရှောင်သင့်သော သုံးနည်း၊ မပြုလုပ်သင့်သော နည်းလမ်းစနစ် မမှန်တာလေးတွေကို သိရှိနိုင်စေဖို့ ဒီလရဲ့ This & That မှာ  “တူ” ကို ဘာကြောင့် ကမ္ဘာတစ်ဝန်း အသုံးပြုကြခြင်းနဲ့ “တူ” ကို ရိုးရာကျင့်ဝတ်ထုံးတမ်းအတိုင်း အသုံးပြုနည်းများကို ဗဟုသုတရစေဖို့ အကြံပြုမျှဝေထားပါတယ်။

          အကြမ်းဖျင်းအားဖြင့် “တူ” ကို နှစ်ပေါင်း ၄၀ဝ၀၊ ၅၀ဝ၀ ကတည်းက  တရုတ်ပြည်မကြီးက ဟင်းချက်ရာမှာ အသုံးပြုဖို့ စတင်တီထွင်အသုံးပြုခဲ့ကြပါတယ်။ “တူ” အရှည်၊ အကြီးဆိုဒ်ဆို ရေပူပူ၊ ဆီပူပူထဲ မွှေရ၊ ကြော်ရ၊ ဆယ်ယူရတာ အဆင်ပြေပါတယ်။ အေဒီ ၅ ရာစုနှစ်လောက်မှ စားပွဲပေါ်ရောက်ရှိလာပါတယ်။ “တူ” ကို နေ့စဉ်အသုံးပြုလို့ ရတဲ့အရွယ်လုပ်ပြီး  ထမင်း၊ ဟင်းစားသုံးရာမှာ တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြပါတယ်။

          “တူ” ကိုအသုံးပြီး စားသုံးလာကြတာကြောင့် အစားအစာများကို ခပ်သေးသေးလှီးပြီးမှ ချက်တဲ့ အကျင့်ဖြစ်လာကြပါတယ်။ စားသုံးရာမှာလည်း အစားအစာကို နည်းနည်းချင်းစီ စားသုံးလာကြပြီး ဖြည်းဖြည်းချင်း စားလာကြတာကြောင့် “တူ” နဲ့ စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။ ရာစုနှစ် တစ်ခုကျော်လောက်မှ Japan၊ Korea၊ Vietnam နိုင်ငံတို့ကို စတင်ရောက်ရှိပြီး အသုံးပြုလာကြခြင်းဖြစ်ပါတယ်။ ဂျပန်နဲ့ တရုတ်တို့ရဲ့ “တူ” ရဲ့  တူညီချက်တစ်ခုက ဝါးချောင်းတစ်ချောင်းတည်းကနေ “တူ” ပြုလုပ်တာဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ သိရှိတာကတော့ ဂျပန်လူမျိုးတွေ  တီထွင်လိုက်တဲ့ “တူ” ကတော့ ဘာသာရေးပွဲတော်တွေမှာ အသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်ပါစေ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံစလုံး “တူ” ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။

          “တူ” ကို ပြုလုပ်ဖို့အတွက် ဝါးအမျိုးအစား၊ သစ်အမျိုးအစားကောင်းများဖြင့် သာပြုလုပ်ကြပါတယ်။ ယခုခေတ်မှာတော့ ကြေး၊ သံ၊ ကော်ကြွပ်၊ စတီးတိုနဲ့ ပြုလုပ်လာကြပြီး အလုံးပါး၊ အလုံးထူ စသည်ဖြင့် ခွဲခြားလုပ်လာကြပါတယ်။ “တူ” အသုံးပြုပုံ တူကြပေမယ့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ “တူ” ပြုလုပ်ထားပုံ ဒီဇိုင်းကွာခြားပါတယ်။ ရိုးရာ အလိုက် ပြုလုပ်ကြသလို လမ်းဘေးထမင်းဆိုင်ကနေ ဟိုတယ်အဆင့်သုံးတဲ့ “တူ” အမျိုးအစား ပြုလုပ်ထားပုံနဲ့ ဈေးနှုန်းလည်း ကွာခြားပါတယ်။ “တူ” သုံးသော နိုင်ငံ အတော်များများမှာ ဆန်ကို ကောက်ညှင်းလို စေးကပ်သော ဆန်ကို အသုံးများကြပါတယ်။ ပထမအချက်ကတော့ အလွယ်တကူ “တူ” ဖြင့် စားသုံးနိုင်ပြီး ဒုတိယအချက်ကတော့

“တူ” ဖြင့် စားသုံးတော့ နည်းနည်းနဲ့ ဖြည်းဖြည်းပဲ စားသုံးဖြစ်တာကြောင့် ဖြစ်ပါတယ်။ “တူ” သုံးသော နိုင်ငံတော်တော်များများမှာ အဝလွန်ရောဂါဖြစ်တာ နည်းပါးပါတယ်။ ကိုရီးယားနိုင်ငံမှာဆို  “တူ” ကို စတီး၊ ဘော်တို့ဖြင့် ပြုလုပ်ပြီး အဲဒီနိုင်ငံက”တူ” များက ပါးပြီး ရှည်ပါတယ်။ တရုတ်၊ ဗီယက်နမ်နိုင်ငံတွေမှာတော့ “တူ” က အတံရှည်ပြီး ပတ် လည်အလုံးကြီးပါတယ်။

          “တူ” ရဲ့ အစပိုင်းပြုလုပ်သော ကုန်ကြမ်းက ဝါးဖြစ်ပါတယ်။ ဝါးနဲ့ပြုလုပ်သော “တူ” ကသာ  ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့လည်း  နည်းပညာရှာဖွေရေး အဖွဲ့က အဆိုပြုထားပါတယ်။

          တခြားသော ပစ္စည်းများဖြင့် ပြုလုပ်လျှင် အစာအဆိပ်သင့်ခြင်း၊ အစာအရောင် ပြောင်းခြင်းများ ဖြစ်တတ်တယ်လို့လည်း အဆိုပြုထားပါတယ်။ ဒါပေမဲ့ ယခုနောက်ပိုင်း ခေတ်မှာတော့ လေ့လာမှုအသစ်များ၊ နည်းပညာအသစ်များဖြင့် ကြေးနီ၊ စတီး၊ ဘော်၊ ကျွန်း၊ ကော်ြွကပ် စသည်တို့ဖြင့် ပြုလုပ်လာကြပါတယ်။ “တူ” နဲ့ စားသောအခါ တချို့ နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံအရ ရှောင်ရန်နဲ့ မပြုလုပ်သင့်သော အချက်လေးများကို လေ့လာလို့ရအောင် ဖော်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံ    –        “တူ” ကို ထမင်းပန်းကန်လုံးထဲ မတ်မတ်မထောင်ပါနှင့်။

          –         အစားအစာထဲ “တူ” ဖြင့် ဟိုမွှေ၊ ဒီမွှေ စားချင်သော အစားအစာကို ရှာဖွေတာမျိုး မလုပ်ပါနှင့်။ “သေတွင်းတူးဆွခြင်း” လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ အဲဒီလုပ်ရပ်က အတော်လေးရိုင်းပျပါတယ်။

          –         စားနေသော ပန်းကန်ဘေးနှုတ်ခမ်းကို “တူ” ဖြင့် တီးခေါက်ခြင်း မပြုလုပ်ရပါ။ တောင်းစားသောသူများအသွင် ဖြစ်တာကြောင့်ပါ။

ဂျပန်နိုင်ငံ      –        ထမင်းစား စားပွဲပေါ်မှာ “တူ” ကို ကြက်ခြေခတ် မပြုလုပ်သင့်ပါ။

          –         “တူ” ကို ထမင်းထည့်ထားသော ပန်းကန်လုံးထဲ မတ်မတ်မထောင်ပါ နှင့်။  အသုဘအခမ်းအနားများမှာ ပြုလုပ်သောကြောင့်ဖြစ်ပါတယ်။

          –         ကိုယ်စားသုံးနေသော “တူ” ဖြင့် တခြားသူပန်းကန်ထဲ မထည့်ပေးသင့်ပါ။

ထိုင်ဝမ်နိုင်ငံ   –        “တူ” ကို ပါးစပ်ထဲ အကြာကြီး ကိုက်မထားသင့်ပါ။

          –         ဟင်းရည်သောက်ထဲမှာ ပါဝင်သော အစားအစားအဖတ်များအား

“တူ” ဖြင့် ဆယ်ယူစားသုံးခြင်း မပြုလုပ်သင့်ပါ။

          –         “တူ” ကို အသုံးမပြုလျှင် စားပွဲပေါ်  ဒီအတိုင်းမတင်သင့်ပါ။ စားသုံးနေသော ပန်းကန်ပေါ်မှာလည်း မတင်ထားသင့်ပါ။ “တူ” တင်သော တူခံအတုံးပေါ်သာ တင်သင့်ပါတယ်။

ကိုရီးယားနိုင်ငံ –       ထမင်းစား စားပွဲထိုင်လျှင် “တူ” ကို လူကြီးများမကိုင်ခင် စ၍မကိုင် သင့်ပါ။

          –         ထမင်းပန်းကန်လုံးကို ပါးစပ်နားကပ်ပြီး စားခြင်း မပြုလုပ်သင့်ပါ။

          –         ထမင်းစားလျှင် “တူ” ကိုသာ အသုံးပြုပြီး စားပါ။

ဗီယက်နမ်နိုင်ငံ –         စားပွဲဝိုင်းမှာ စားပြီးသည်နှင့် “တူ” ကို ဗွီ (V) ပုံစံမျိုး မချထားသင့်ပါ။ မကောင်းနိမိတ်ပြတာလို့ အဓိပ္ပာယ်ရပါတယ်။

          –         အစားအစာများကို စားပွဲပေါ်တင်ပြီးမှ ]တူ} ဖြင့် ယူမစားသင့်ပါ။ ပန်းကန်ထဲ အရင်ထည့်ပြီးမှ စားသုံးသင့်ပါတယ်။

          –         အစားအစာ ရွေးချယ်နေချိန် “တူ” ကို ပါးစပ်ထဲ အစာမရှိဘဲ မထည့်ထားသင့်ပါ။

          ယခုခေတ်အခါမှာ “တူ” ကို စားသုံးရန် အသုံးပြုခြင်း တစ်ခုတည်းမဟုတ်ဘဲ ဆံပင်တွေမှာလည်း အလှဆင်သော ကလစ်ကဲ့သို့ အသုံးပြုလာကြပါတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ “တူ” ပြုလုပ်နည်းက တူညီမှုမရှိသော ဒီဇိုင်းတွေကြောင့် နိုင်ငံတစ်နိုင်ငံအလည် ရောက်တာနဲ့ အလှဆင်ထားသော “တူ” ကို လက်ဆောင်အဖြစ်လည်း အသုံးပြုကြပါ တယ်။ “တူ” အသုံးများသော နိုင်ငံတွေမှာ ယခုအခါ “တူ” ကို အနုပညာလက်ရာမျိုးစုံ ပန်းချီလက်ရာ၊ ပန်းပုလက်ရာတွေနှင့်ပါ ရောနှောပြုလုပ်ထားတာကြောင့် “တူ” ကို စုဆောင်းသောသူများလည်း ရှိလာပါတယ်။  ကျန်းမာရေးနှင့် ဆေးဝါးရှာဖွေရေးအဖွဲ့ရဲ့ ပြောကြားချက်အရ “တူ”  ကိုင်ပြီး ပုံမှန်စားသုံးသူများက  အရိုးအဆစ်များ၊ အကြောများကို လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်တာကြောင့် “တူ” သုံးရင်းနဲ့ လေ့ကျင့်ခန်းပါ လုပ်ဖြစ်တာကြောင့် “တူ” ကို နေ့စဉ်သုံးသင့်ကြောင်း ဆိုထားပါတယ်။ ချစ်ဖို့ကောင်းပြီး အသုံးပြုရတာ စိတ်ဝင်စားဖို့ကောင်းသော “တူ” အကြောင်းကို ဒီမျှပဲ ဗဟုသုတများ မျှဝေပါရစေရှင်။ နောက်လမှာ ဘယ်လို မီးဖိုချောင်သုံးပစ္စည်းများ (သို့) မီးဖိုချောင်အတွင်း အသုံးတည့် စေမယ့် အကြောင်းအရာလေးတွေကို  ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်ဖတ်ရှု ကြပါဦး။ စည် ကျောင်းတုန်းက သင်ခဲ့ရသော Culture Utensils ဘာသာရပ်မှ  စိတ်ဝင်စားစရာအကြောင်းလေးများနဲ့အတူ www. http://www.chopstickeking.com မှ ရရှိသော အကြောင်းအရာလေးများနှင့် အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ Happy day to you all…

မှတ်ချက်-       ဖော်ပြထားသည့် Information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအနည်း ငယ်ကွာခြားမှုလေးများရှိလျှင် ရှိတတ်ပါသည်။

Syi Lwin Foods Garden

Facebook Comments