ကြက်သား ကျောက်ဖရုံသီးသောက်ဆမ်းချက် (လုံးချက်)

by ပန်းခရေ for Food Magazine

ကြက်သားနဲ့ ကျောက်ဖရုံသီးလေး တောချက် လုံးပြီး ချက်မယ်နော်။ စပါးလင်ထုစည်းထည့်ထားတာမို့ မွှေးလည်း မွှေးတယ်။ အရည်သောက်ဆမ်းလေးမို့ ချိုလည်း ချိုတယ်။ ပြီးတော့ ကျောက်ဖရုံသီးက အပူအပုပ်တွေလည်း ကင်းစင်စေပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

ကြက်သား –  ၃၀ ကျပ်သား

ကျောက်ဖရုံသီး –  ၂ စိတ်

ချင်း –  လက်တစ်ဆစ်

ကြက်သွန်ဖြူဥသေး –  ၁ လုံး

ကြက်သွန်နီ –  ၁ လုံး

စပ်သောငရုတ်ခြောက်တောင့် –  ၅ တောင့်

ငရုတ်သီးအရောင်တင်မှုန့် –  စားပွဲဇွန်း ၁/၂ ဇွန်း

စပါးလင် –  ၁ ချောင်း

ဆီ –  ၂  ၁/၂ ကျပ်သား

နနွင်းမှုန့် –  အနည်းငယ်

ဗမာငံပြာရည် –  စားပွဲဇွန်း ၂ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ကြက်သားကို ရေဆေး၍ တုံးပြီး ဆား၊ ငံပြာရည်၊ ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်တို့နှင့် နယ်နှပ်ထားပါ။ ကျောက်ဖရုံသီးကို လက် ၂ လုံးခန့် အထူလေးများလှီးထားပါ။ စပါးလင်တစ်ချောင်းကို ထုစည်းထားပါ။ ငရုတ်ခြောက်တောင့်၊ ချင်းနှင့် ကြက်သွန်များကို ထောင်းထားပါ။ ချက်တော့မည်ဆိုလျှင် ချက်မည့်အိုးထဲ နယ်ထားသောကြက်သား၊ ထောင်းထားသောအနှစ်များ၊ စပါးလင်နှင့် ဆီတို့ကို တစ်ခါတည်းထည့်ပြီး ပိုင်ပိုင်နိုင်နိုင်လေး နယ်ပါ။ ရေကို ကြက်သားမြုပ်သည်ထက် ပိုပိုသာသာလေး ထည့်ပြီး မီးပြင်းပြင်းနှင့် ချက်ပါ။ သတိထားရမယ့် အချက်လေးကတော့ ဟင်းအိုးထဲက ကျက်တဲ့အနံ့လေး မွှေးမလာမချင်း ဟင်းအိုးကို လုံးဝဖွင့်မကြည့်ရပါ။ ဖွင့်ကြည့်မည်ဆိုလျှင် ဟင်းက အစိမ်းနံ့ နံသွားတတ် ပါတယ်။ ဟင်းအိုးထဲက ကျက်တဲ့အနံ့လေး မွှေးလာပြီဆိုလျှင် ဟင်းအိုးဖွင့်ကြည့်ပါ။ အရည်ဟင်းဖြစ်လို့ ကြက်သားနူးခါနီးမှာ လိုသလောက် ရေနွေးလိုက်ပြီး ကျောက်ဖရုံသီးထည့်ပါ။ အရသာ မြည်းပါ။ ကျောက်ဖရုံသီးထည့်ပြီးသွားလျှင် ဟင်းအိုးကို အနည်းငယ်ဂရုစိုက်ရပါမယ်။ ကျောက်ဖရုံသီးကို နူးအိအောင် ချက်ပါ။ ဒါပေမဲ့ ပြဲမသွားအောင် ချက်ပါ။ အဲဒီလိုမလုပ်လျှင် ကျောက်ဖရုံသီးက အရောင် မလှဘဲ ဟင်းရည်ထဲ ပျော်ဝင်သွားပါမယ်။ ကျောက်ဖရုံသီးနူးပြီဆိုလျှင် ကျောက်ဖရုံသီး ကြည်ကြည်လေး တွေနဲ့ လုံးချက်ချက်ထားတဲ့ ကြက်သားကျောက်ဖရုံသီးသောက်ဆမ်းလေး ရပါပြီ။

Facebook Comments

Menu