ကြက်ဆီဖတ်ထောင်း

by ပန်းခရေ for Food Magazine

ကြက်ဆီဖတ်ထောင်းစပ်စပ်လေးက ထမင်းဝိုင်းမှာ ထမင်းမြိန်စေတဲ့ အရန်ဟင်းလေး တစ်ခွက်ပါ။ ပန်းခရေရဲ့အိမ်မှာတော့ ကလေးတွေက ကြက်သားဟင်းချက်ရင် အရေခွံ မစားကြတော့ အရေခွံတွေ စုမိနေတတ်တယ်။ တစ်ခါတစ်ရံ ကြက်ဆီထမင်းချက်ဖို့ရယ် အများကြီးဖြစ်နေရင်တော့ ကြော်ပြီး ဒီလိုလေးထောင်းရင် စားကြပြန်ရော… အဲဒါကြောင့် မကြာခဏထောင်းဖြစ်နေတတ်တဲ့ အရန်ဟင်းထောင်းလေးပါရှင်။

ပါဝင်ပစ္စည်းများ

ကြက်အရေခွံ-  ၂၀ ကျပ်သား

ကြက်သွန်ဖြူဗမာဥ-  ၁ လုံး

ငရုတ်သီးစိမ်း-  ၁၀ တောင့်

ဆား-  လက်ဖက်ရည်ဇွန်း ၁  ဇွန်း

အရသာ-  အနည်းငယ်

ပဲဆီစိမ်း-  ၂  ၁/၂ ကျပ်သား

ပြုလုပ်နည်း

ကြက်အရေခွံကို ရေမဆေးခင် ဆားနဲ့သေချာနယ်ပြီး ရေနဲ့သန့်စင်အောင်ဆေးပါ။သန့်စင် ပြီးတဲ့ ကြက်အရေခွံကို မီးအေးအေးနဲ့ မွှေးပြီး ကြွပ်ရွနေအောင် ကြော်ပါ။ ငရုတ်သီးစိမ်းကို လှော် ထားပါ။ ငရုတ်သီးစိမ်းလှော်နှင့် ကြက်သွန်ဖြူကို မညက်တညက် ထောင်းပြီး ကြက်ဆီဖတ်ကြော် ထည့်ထောင်းပါ။ ကြက်ဆီဖတ်ညက်သည်အထိ ထောင်းပါ။ ဆားနှင့် အရသာထည့်ပါ။ အရသာ မှန်ပြီဆိုလျှင် ပန်းကန်ထဲ ဆယ်ထည့်ပြီး ပဲဆီမွှေးမွှေးဆမ်းပါ။ အဲဒါက ထမင်းမြိန်စေတဲ့ အရန် ဟင်းတစ်ခွက်ပါရှင်။

Facebook Comments

Menu