ငါးပတ်မွှေ

by ပန်းခရေ for Food Magazine

အရိုးကြောက်သူတွေ၊ ငါးကို သိပ်မစားတတ်သူတွေနဲ့ ကလေးငယ်တွေ အကြိုက်တွေ့စေတဲ့ ဟင်းတစ်မည် ငါးပတ်မွှေပါ။ မုန်လာဥချဉ်ရည်ဟင်း၊ ငါးပိရည်၊ တို့စရာလေးတွေနဲ့ အလွန်လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးပတ် (လတ်လတ်)-  ၃၅ ကျပ်သား

ကြက်သွန်နီ-  ၅ လုံး

ကြက်သွန်ဖြူ –  ၂ လုံး

ချင်း-  လက်တစ်ဆစ်သာသာ

စပါးလင်-  ၁ ချောင်း

ငရုတ်သီးအပုတောင့်-  ၅ တောင့် (ရေနွေးစိမ်ထားပါ)

ဆီ-  ၁၀ ကျပ်သား

နနွင်းမှုန့်-  အနည်းငယ်

ဆား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငံပြာရည်-  စားပွဲဇွန်း ၁  ဇွန်း

သကြား-  အနည်းငယ်

နံနံပင်၊ ရှမ်းနံနံ-  အနည်းငယ်

ချက်နည်း

ဦးစွာ ငါးကို ရေဆေးသန့်စင်ထားပါ။ ရေနွေးအိုးတည်ပါ။ (ငါးပြုတ်ရန် ခန့်မှန်းထည့်ပါ။) ဆူလာလျှင် ငံပြာရည်ပေါက်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ ငံပြာရည်နံ့ ပျောက်ပြီး မွှေးလာလျှင် စပါးလင်အဖျားပိုင်းစိမ်းတာလေးတွေကို ဓားပြားရိုက်ပြီး ထုံးထားတာကို ထည့်ပါ။ ငါး ထည့်ပြုတ်ပါ။ ဒီနေရာမှာ အဓိကကျ တာလေး ပြောချင်ပါတယ်။ ငါးကို ပြုတ်တဲ့အခါ နွှင်လို့ရရုံလေးပြုတ်ပြီး နွှင်တတ်ပါတယ်။ အဲဒါဆို ငါးက အရမ်းညှီပါတယ်။ ငါးကို ကျက်ပြီး အညှီနံ့ပျောက်သည်အထိ ပြုတ်ဖို့လိုပါတယ်။ ငါးစိမ်းနံ့ပျောက်ပြီး မွှေးလာတဲ့အထိ ပြုတ်ပါ။ ငါးပြုတ်ထားတုန်း ငရုတ်သီးထောင်းထားပါ။ စပါးလင်အရင်းပိုင်း လက် ၂ ဆစ် လောက် ပါးပါးလှီးပြီး ထည့်ထောင်းပါ။ ကျန်တဲ့အပိုင်းကို ဖွာလာအောင် ထုပြီး ထုံးထားပါ။ အအေးခံထားတဲ့ ငါးကို အသားနွှင်ပါ။ ငါးကို စပြီး မွှေပါမယ်။ အနှစ်များများကို ဆီသတ်တဲ့အခါ ဆီသတ်နေစဉ် ဒယ်အိုး အရမ်းကပ်တတ်ပါတယ်။ အဲဒီလိုကပ်ရင် အရောင်လည်း မလှတော့သလို တစ်ခါတလေ အနှစ်က ခပ်သက်သက်အရသာ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒယ်အိုးကို ပူလာအောင် အပူပေးပါ။ ဒယ်အိုး တော်တော်ပူလာမှ ဆီထည့်ပါ။ ဆီလည်း တော်တော်လေး ပူလာမှ ငရုတ်သီးအနှစ်ထည့်လျှင် အနှစ် သိပ်မကပ်တော့ပါဘူး။ မွှေးလာပြီး အရောင်ပြောင်းလာခါနီးမှာ ထုံးထားတဲ့ စပါးလင်ထည့်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငါးထည့်ပါ။ အနှစ်နဲ့ ငါးအသားကျလျှင် ငံပြာရည်ပေါက်ပါ။ အရသာထည့်ပါ။ ခပ်ထပ်ထပ်လေးဖြစ်လာလျှင် ငါးပြုတ်ထားတဲ့အရည် (အနည်းငယ်သာ) အနည်းငယ်လောင်းပါ။ အဲဒါမှ ငါးနဲ့အနှစ်နဲ့ တစ်သားတည်း ဖြစ်သွားပါမယ်။ အရောင်လေးလည်း ဝင်းဝင်းလေး ဖြစ်သွားပါမယ်။ အရည်ခြောက်လာပြီး ဆီပြန်လာလျှင် ပါးပါးညှပ်ထားတဲ့ နံနံပင်၊ ရှမ်းနံနံအုပ်ပြီး နှံ့အောင်မွှေပြီးလျှင်

အရသာရှိတဲ့ ငါးပတ်မွှေလေးက စားရန် အသင့်ပါပဲရှင်။

Facebook Comments

Menu