ကဏန်းအရည်ငင်ချက်

by ပန်းခရေ for Food Magazine

ကဏန်းကို အဆီအနှစ်တွေနဲ့ ချက်စားရတာ ရိုးနေရင်တော့ ဒီနည်းလေးကို ချက်စားကြည့်ပါနော်။

ပါဝင်ပစ္စည်းများ

လယ်ကဏန်း-  ၅ဝဝ ဂရမ်

ဆီ-  လက်ဖက်ရည်ဇွန်း ၅ ဇွန်း

ငရုတ်သီးအနှစ်-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့်-  အနည်းငယ်

ငံပြာရည်-  အနည်းငယ်

အရသာမှုန့်-  အနည်းငယ်

ဆား-  အနည်းငယ်

ငရုတ်သီးစိမ်း-  ၅ တောင့်

ရှမ်းနံနံ-  ၂ ရွက်

ပြုလုပ်နည်း

ကဏန်းကို ရေဖြင့် သေချာစွာ ဆေးကြောသန့်စင်ပြီး အခွံခွာပါ။ ကဏန်းကို ဆုံထဲမှာ ကြေညက်သည်အထိ ထောင်းပြီး ဇလုံတစ်လုံးထဲ ထည့်ထားပါ။ ထောင်းထားသော ကဏန်းဇလုံ ထဲ ရေအနည်းငယ်ထည့်ပြီး သမအောင် မွှေပါ။ ချက်မည့်အိုးအပေါ်မှာ ဆန်ခါတင်ပြီး ရေနှင့် မွှေထားသော ကဏန်းကို အရိုး၊ အခွံများ ကျန်သည်အထိ ရေထည့်ပြီး ကဏန်းအသား၊ အဆီ အနှစ်များကို တိုက်ချပါ။ ကဏန်းအသား၊ အဆီအနှစ်များကို ရေခန်းသည်အထိ မီးအေးအေးဖြင့် ချက်ပါ။ ရေခန်းပြီး ရရှိလာသော ကဏန်းအသား၊ အဆီအနှစ်များကို ပန်းကန်ထဲမှာ ထည့်ထားပါ။

အိုးထဲ ဆီထည့်ပြီး ငရုတ်သီးအနှစ်ကို ဆီသတ်ပါ။ နနွင်းမှုန့်၊ ကဏန်းအသား၊ အဆီအနှစ်များ၊ ငံပြာရည်၊ အရသာမှုန့်၊ ဆား၊ ငရုတ်သီးစိမ်းနှင့် ရေအနည်းငယ်တို့ကို ထည့်ပြီး ချက်ပါ။ အိုးထဲ ရှမ်းနံနံထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu