Vegetable Pokora (အင်ဒီယားစတိုင်လ် ဟင်းရွက်စုံကြော်) (သက်သတ်လွတ်)

by Myint Oo Thar for Food Magazine

Pokora ကို event  ပွဲတွေအတွက် အစားအစာကို စီစဉ်တဲ့အခါမှာ သက်သတ်လွတ် ဧည့်သည်တွေအတွက် အမြဲလုပ်ပေးဖြစ်ခဲ့တဲ့ အစားအစာပါ။ ကြိုက်နှစ်သက်တဲ့ ဟင်းသီးဟင်းရွက်ကို သုံးနိုင်ပါတယ်။ များသောအားဖြင့် ကြက်သွန်နီ၊ ပန်းဂေါ်ဖီနှင့် အာလူးတို့ကို အသုံးများပါတယ်။ အခြားအကြော်တွေမှာ ဂျုံမှုန့်၊ ဆန်မှုန့် စုံပေမယ့် Pokora မှာ ကုလားပဲအစိမ်းမှုန့်ကို သုံးထားပါတယ်။ မဆလာနံ့မွှေးမွှေးလေးမို့ တော်တော်လေး စားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

အာလူး –  ၁ လုံး (၂၆၀ ဂရမ်)

(ခြစ်နဲ့ ခြစ်ထားပါ)

မုန်လာဥနီ –  ၁၀ဝ ဂရမ် (ခြစ်နဲ့ ခြစ်ထားပါ)

ကြက်သွန်နီ –  ၂ လုံး (၁၄၀ ဂရမ်)

(ပါးပါးလှီးထားပါ)

နံနံပင –  ၂၀ ဂရမ် (ပါးပါးလှီးထားပါ)

ချင်း –  ၂၅ ဂရမ်  (ခြစ် ခြစ်ထားပါ)

မဆလာ –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်သီးမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဇီရာ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကုလားပဲအစိမ်းမှုန့် –  စားပွဲဇွန်း ၁၂ ဇွန်း

ကြော်ရန်ဆီ

ပြုလုပ်နည်း

၁။       ခြစ်ထားတဲ့ ဟင်းသီးဟင်းရွက်အားလုံးကို ဇလုံထဲထည့်ပါ။

၂။       ပြီးလျှင် မဆလာ၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဆား၊ ဇီရာနှင့် ကုလားပဲအစိမ်းမှုန့်တို့ကို ထည့်ပြီး နယ်ပါ။

၃။       ခပ်နာနာလေး နယ်ပါ။ ဟင်းသီးဟင်းရွက်က ထွက်တဲ့အရည်နဲ့ ပဲမှုန့်ရောပြီး မုန့်နှစ်နဲ့ နယ်ထားတဲ့ပုံစံမျိုးရပါမယ်။ ( တကယ်လို့ ခြောက်နေရင် ရေနည်းနည်း ထည့်ပြီး နယ်ပါ။)

၎။       ပြီးလျှင် ဆီပူထဲ ကြိုက်နှစ်သက်တဲ့ ပုံစံထည့်ပြီး ကြော်ပါ။ ဇွန်းဖြင့် ခပ်ပြီး အလုံးပုံစံ ကြော်နိုင်သလို ပုံထဲမှာပါတဲ့အတိုင်း ကြော်လျှင် လက်နဲ့ကော်ယူ၍ အနည်းငယ်ပြားပြီး ဆီပူထဲ ထည့်ကြော်ပါ။

၅။       ပြီးလျှင် မန်ကျည်းချဉ်ရည်နဲ့ တွဲပြီးစားပါ။

Facebook Comments

Menu