Garlic Butter Shrimp

meemeetofu

meemeetofu

meemeetofu


Garlic Butter Shrimp (၂ ပွဲစာ)


ပုစွန်တွေလှိုင်လှိုင်ပေါနေချိန်မှာ Hawaiian စတိုင်လ် Garlic Butter Shrimp နဲ့ ငါးပိထမင်း မွှေးမွှေးလေး လုပ်စားကြည့်ပါဦး။ ပုစွန်ကို အခွံမချွတ်ဘဲ ထောပတ်နဲ့ ကြက် သွန်ဖြူ နိုင်နိုင် သုံးပြီးကြော်ထားတာမို့ အလွန်ဆွဲဆောင်မှုကောင်းတဲ့ ရနံ့လေးပေး ပါတယ်။ တစ်ခါစားဖူးသွားတာနဲ့ နှစ်ခြိုက်သွားမှာ သေချာပါတယ်။

 

ပါဝင်သောပစ္စည်းများ
…………………………..
• Jasmine/ ပေါ်ဆန်းမွှေးဆန် – တစ်ခွက်ခွဲ (Rice Cooker Cup)
• ကြက်သွန်ဖြူ အမြွှာကြီးကြီး – ၅ မြွှာ
• ပုစွန် – ၁၂ ကောင် (လက်မလုံးပတ် အရွယ်)
• ထောပတ် – ၃ဝ ဂရမ်
• ငါးပိစိမ်းစား – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံရဲ့ တစ်ဝက်ခန့်
• မြေပဲ – စားပွဲဇွန်း ၁ ဇွန်း
• ဆား – သင့်ရုံ
• အချိုမှုန့် – သင့်ရုံ
• ငရုတ်သီးအရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

အချဉ်အတွက်
………………….
• သခွားသီး (ပါးပါးလှီးထား) – ၅ ပြား
• ကြက်သွန်နီ (ပါးပါးလှီးထား) – ၅ ကွင်း
• ငရုတ်သီးစိမ်း (ပါးပါးလှီးထား) – စပ်စပ် ၂ တောင့်
• Poppy Seed Dressing – စားပွဲဇွန်း ၁ ဇွန်း
(သို့မဟုတ် နှစ်သက်ရာ Salad Dressing) ကင်မ်ချီနဲ့လည်း လိုက်ဖက်ပါတယ်။

 ပြုလုပ်ပုံ

…………….
၁။ ဆန်တစ်ခွက်ကို ချက်ပါ။ ကျက်သောအခါ ထမင်းမကျိုးကျေစေအောင် ဖွထားပြီး အအေးခံထားပါ။
၂။ ကြက်သွန်ဖြူကို အခွံနွှာပြီး ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားပါ။
(မထောင်းပါနှင့် အနံ့ချင်းမတူပါ)
၃။ ပုစွန်တွေကိုသန့်စင်ပြီး ခေါင်းဖြတ်၊ ကျောခွဲ၊ အစာလမ်းကြောင်းကို ဖယ်ထုတ် ထားပြီး
ဆား၊ ငရုတ်သီး အရောင်တင်မှုန့် အနည်းငယ်၊ အချိုမှုန့်နဲ့ နယ်ထားပါ။
၎။ ငါးပိစိမ်းစားကို ရေအနည်းငယ်ဖြင့် မပျစ်မကျဲဖျော်ထားပါ။
၅။ မြေပဲကို အခွံချွတ်ပြီး လေးစိတ်ကွဲထောင်းထားပါ။
၆။ အသုံးပြုမည့်ဒယ်အိုးကို မီးဖိုပေါ်တင် ထောပတ်ထည့် ထောပတ်ပျော်သွားပြီး
ပူလာပြီဆိုရင် ပုစွန်ထည့်ကြော်။ တစ်ဖက် အနီရောင်သန်းရင် နောက်တစ်ဖက်ကို
လှန်ပေးရင်း ကြက်သွန်ဖြူထည့်ကြော်ဖို့ နေရာလေးလုပ်ပေးပါ။
၇။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်ကြော်ပါ။
၈။ ကြက်သွန်ဖြူ သွေ့သွားပြီး ပုစွန်လည်း ၂ ဖက်လုံး အနီရောင်ဖြစ်သွားပြီဆိုရင်
ပုစွန်ကို ဘေးကပ်ထားပြီး၊ ငါးပိစိမ်းစားထည့် ၁ဝ စက္ကန့်လောက်မွှေ၊ မီးမပြင်းရ၊
ငါးပိမတူးစေရန် သတိထားပါ။ အနံ့မွှေးမွှေးလေးရလာတာနဲ့ မြေပဲထည့်။
ထမင်း ထည့်လှိမ့် ဆားအနည်းငယ်ထည့်မွှေပြီး မီးဖိုပေါ်ကချပါ။
၉။ ထမင်းပူပူလေးကို ပုံစံခွက်အဝိုင်း (သို့) လေးထောင့် မိမိနှစ်သက်သလို ပုံသွင်းပြီး
သုံးဆောင်မည့်ပန်းကန်ထဲ ပြောင်းထည့်ပါ။ ကြော်ထားတဲ့ ပုစွန်လေးတွေနဲ့ စားချင် စဖွယ်ဖြစ်အောင်
စီရီပေးပြီးရင် Hawaii မှာ လူကြိုက်များလှတဲ့ Garlic Butter Shrimp ကို
ငါးပိထမင်းမွှေးမွှေး၊ အအီပြေ အချဉ်လေးတို့နဲ့ တွဲဖက်သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

မှတ်ချက် – ထမင်းကို ကြော်တာမဟုတ်ပါ။ ကြက်သွန်ဖြူ၊ ငါးပိနံ့၊ ပုစွန်ရနံ့သင်းနေတဲ့
ထောပတ်ထဲ လှိမ့်ရုံလေး ထည့်လှိမ့်လိုက်တာပါ။

MEE MEE TOFU

Facebook Comments