Maxican Coffee Bun

by Evy’s Kitchen for Food Magazine

          အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ Coffee Bun ကို ပိုကောင်းအောင် ပြုပြင်ပြီး ပြန်လုပ်ပြထားပါတယ်။ အနံ့လေးကတော့ မွှေးလွန်းလို့ မုန့်ဖုတ်ပြီး အချိန်တော်တော်ကြာ တဲ့အထိ ကော်ဖီနံ့လေးက အိမ်ထဲမှာ သင်းကျန်ခဲ့တာပါ။ အပေါ်မှ Cookies Crust ကလေးက ကြွပ်ကြွပ်လေးဖြစ်ပြီး အထဲမှာထည့်ထားတဲ့ Unsalted Butter က မုန့်သားထဲ စိမ့်နေတာကြောင့် မုန့်ကိုစားလိုက်တဲ့အခါ အရသာများ ပေါင်းဆုံကာ ဆိမ့်ပြီး အရမ်းစားကောင်းပါတယ်။ လုပ်ဖြစ်အောင် လုပ်ကြည့်စေချင်တာကြောင့် လုပ်နည်းကို ပြန် ရှယ်ပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၃၀ဝ ဂရမ်

ကိတ်ဂျုံ  –  ၄၀ ဂရမ်

သကြား  –  ၃၀ ဂရမ်

နို့မှုန့်  –  ၁၅ ဂရမ်

Yeast  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ကြက်ဥ  –  ၁ လုံး

ရေ  –  ၅၀ မီလီလီတာ

နွားနို့  –  ၁၄၀ မီလီလီတာ

ထောပတ် (Unsalted Butter)  –  ၄၅ ဂရမ်

ပေါင်မုန့်အဆာသွတ်ရန်အတွက်

ထောပတ်အငန် (salted Butter)  –  ၉၀ ဂရမ် (၁၂ ပိုင်း ပိုင်းဖြတ်ထားပါ)

Coffee Paste

ထောပတ်  –  ၁၀ဝ ဂရမ်

ပေါင်ဒါသကြား  –  ၉၀ ဂရမ်

ကြက်ဥ  –  ၂ လုံး

ကော်ဖီမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း + ရေနွေး စားပွဲဇွန်း ၁ ဇွန်း

ဂျုံမှုန့်  –  ၁၀ဝ ဂရမ်

Baking Powder  –  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

နို့မှုန့်  –  ၂၀ ဂရမ်

          Coffee Paste အတွက် ထောပတ်နဲ့ သကြားကို သမအောင် ရောမွှေပေးပါ။ ကြက်ဥရည်ကိုလည်း ဖြည်းဖြည်းချင်းလောင်းထည့်ပါ။ ကျန်တဲ့ပစ္စည်းများ အားလုံးကို ရောမွှေထည့်ပြီးလျှင် ရပါပြီ။

ပေါင်မုန့်ပြုလုပ်နည်း

၁။       ထောပတ်မှလွဲပြီး ကျန်တဲ့ပစ္စည်းများ အားလုံးကို ရောမွှေကာ နယ်ပေးပါ။

၂။       ၁၀ မိနစ်ခန့်ကြာပြီး ဂျုံသားရလာပြီဆိုလျှင် ထောပတ်ကို ထည့်မွှေပြီး နယ်ပေးပါ။

၃။       Window Pane Test  ရသည်အထိ နယ်ရပါမယ်။ အချိန် မိနစ် ၂၀ ခန့် ကြာပါတယ်။

၎။       ပြီးလျှင် မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့ မုန့်သားကို ဆီဆွတ်ထားတဲ့ ဇလုံတစ်ခုထဲမှာ အဖုံးအုပ်ပြီး ၂ ဆ ဖြစ်လာသည်အထိ ထားပါ။

၅။       ၁ နာရီခန့်ကြာပြီး မုန့်သားပွလာပြီဆိုလျှင် ပြန်ဖိချကာ လေများ ထွက်အောင် လုပ်ပေးပါ။

၆။       ထို့နောက် ဂျုံသားကို  ၁၈၀ ဂရမ်ခန့် ဖယ်ကာ အလုံး ၁၂ လုံးပြုလုပ်ပါ။

၇။       ထောပတ်ကို အဆာသွတ်ပေးပါ။

၈။       ကျန်ဂျုံသားများကိုလည်း ၁၂ ပိုင်း ပိုင်းဖြတ်ပြီး ပထမထောပတ်ထည့်ထားသော ပေါင်မုန့်လုံးများ ပြန်ထည့်ကာ အလုံးလေးများ လုံးပေးပါ။

၉။       ထို့နောက် မုန့်ဖုတ်မယ့် ဗန်းထဲထည့်ပြီး ပွလာအောင် နောက်ထပ် ၁ နာရီခန့် စောင့်ပါ။

၁၀။     ထို့နောက် အသင့်ပြင်ထားတဲ့ Coffee Paste ကို အိတ်ထဲထည့်ပြီး ပေါင်မုန့်များအပေါ်  ပုံမှာပြထားတဲ့အတိုင်း ညှစ်ချပေးပါ။

၁၁။     ၁၈၀ ဒီဂရီ အာဗင်မှာ ၁၇ မိနစ်ခန့် ဖုတ်ပေးလျှင် ကော်ဖီပေါင်မုန့်လေးများက သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

          အပေါ်မှာ ဆမ်းထားတဲ့အနှစ်က နောက်နေ့ကျလျှင် ပျော့သွားလို့ ပြန်ပြီး ကြွပ်ကြွပ်လေး ဖြစ်စေချင်ရင်တော့ ၁၆၀ ဒီဂရီ အပူပေးထားတဲ့ Oven မှာ ၅ မိနစ်ခန့် ပြန်ထည့်လိုက်လျှင် ပူပူနွေးနွေး ကြွပ်ကြွပ်လေးနဲ့ ပြန်ပြီးစားလို့ ကောင်းသွားပါတယ်။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments