Mango Pillow (သရက်သီး ခေါင်းအုံးမုန့်)

by Dexter (Bistro) for Food Magazine

          ဒီသရက်သီးခေါင်းအုံးမုန့်ကတော့ အခုတစ်လော ရေပန်းစားလာပါတယ်။ အရမ်းစားကောင်းလွန်းလို့ အွန်လိုင်းတပည့်တွေ အရောင်းရဆုံးပေါ့။ တစ်ခုနဲ့ အာသာပြေမယ်မထင်လို့ ၂ ခုလောက်မှ OK ပေါ့။

လိုအပ်သောပစ္စည်းများ

နွားနို့  –  ၁  ၁/၂ ခွက်

ဂျုံမှုန့်ရိုးရိုး  –  ၁ ခွက်

Powder Sugar (သကြားဖြူပေါင်ဒါမှုန့်)  –  ၁/၃ ခွက်

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥ (အလုံးကြီး)     –         ၄ လုံး (အခန်းအပူချိန်)

အဝါရောင် Food Color  –  ကိုယ့်စိတ်ကြိုက်အရောင်ရသည်အထိ ထည့်နိုင်ပါတယ်

သရက်သီး (အလုံးကြီး)  –  ၁ လုံး (အခွံနွှာ၊ အစေ့ထုတ်ပြီး အတုံးသေးသေးလှီးပါ)

Whipping Cream  –  ၂ ခွက် (သို့) ပိုပိုလိုလို

Powder Sugar  –  ၁/၂ ခွက်

ပြုလုပ်ပုံ

၁။       အိုးတစ်အိုးမှာ ဂျုံမှုန့်နဲ့ ပေါင်ဒါသကြားကို သမအောင်ရောနှောပေးပြီး လျှပ်စစ်လက်မွှေတံကို အသုံးပြုကာ နွားနို့ကိုရောထည့်ပြီး သမအောင်မွှေပေးပါ။

၂။       ဆားနဲ့ ဗနီလာအနံ့ရည်ကို ရောထည့်ပြီး သမအောင်မွှေပေးပါ။ ကြက်ဥ ၄ လုံးကို ခေါက်ထည့်ပြီး သမအောင် မွှေပေးပါ။ အဝါရောင် Food Color ကို ကိုယ့်စိတ်ကြိုက်အရောင်ရသည်အထိ ထည့်ပေးပြီး သမအောင်မွှေပေးပါ။ (မုန့်နှစ်ရည်ရပါပြီ)

၃။       ၁၀ လက်မ ဒိုင်ယာမီတာ မျဉ်းစောင်းရှိတဲ့ Non-Stick Pan ကို မီးရှိန်နည်းနည်းလေးနဲ့ ဦးစွာ အပူပေးပါ။

၎။       မုန့်နှစ်ရည် စားပွဲဇွန်း ၅ ဇွန်း (သို့) ၁/၃ ခွက်ကို Pan ထဲ ညင်ညင်သာသာ လောင်းထည့်ပြီး Pan ကို ဟိုဘက်၊ ဒီဘက်လှည့်ပေးပါ။ မုန့်သားမျက်နှာပြင်က စိုစိုစွတ်စွတ်မဟုတ်တော့ဘဲ ဘေးအနားသား အညိုဖျော့ ရောင်သန်းလာလျှင် မုန့်ပြားကို ယောက်မပြားနဲ့ Pan ထဲက ထုတ်ယူပါ။

၅။       ကျန်ရှိတဲ့ မုန့်နှစ်ရည်ကိုလည်း ထိုနည်းအတိုင်း လုပ်ယူပါ။

(မှတ်ချက် ။   ။ ချောမွတ်တဲ့ မုန့်သားမျက်နှာပြင် ၂ ချပ်ကို အထက်အောက်ဆင့်ပြီး တစ်ထပ်စီထပ်တင်ပါ။)

၆။       မုန့်ပြားချပ်ကို လုံးဝအေးသွားသည်အထိ အခန်းအပူချိန်မှာ ထားပါ။

၇။       အိုးတစ်အိုးမှာ Whipping Cream ကို Hand Mixer နဲ့ Soft Peak အနေအထား ရိုက်ပြီးလျှင် Powder Sugar ကို ရောထည့်ပြီး Stiff Peak အနေအထားရောက်သည်အထိ ရိုက်ပါ။

၈။       Whipping Cream စားပွဲဇွန်း ၁ ဇွန်းကို မုန့်သားရဲ့ အလယ်မှာထည့်ပြီး သရက်သီး အတုံးသေး စားပွဲဇွန်း ၁ ဇွန်းကို အပေါ်မှာ ထည့်ပါ။ Whipping Cream နောက်စားပွဲဇွန်း ၁ ဇွန်းကို သရက်သီးပေါ်အုပ်ပြီး တင်ပါ။

၉။       မုန့်သားရဲ့ ဘယ်ဘက်အနားကို ကိုင်ပြီး မုန့်သားအလယ်ဘက်ဆီ ၁ လက်မခွဲ အတည့်ခေါက်ချိုးပါ။

၁၀။     မုန့်သားရဲ့  ညာဘက်အနားကို ကိုင်ပြီး မုန့်သားအလယ်ဘက်ဆီ ၁ လက်မခွဲ အတည့်ခေါက်ယူပါ။

၁၁။     မုန့်သားအပေါ်နားကို ကိုင်ပြီး မုန့်သားအလယ်ဘက်ဆီ ၁ လက်မခွဲ အတည့်ခေါက်ချပါ။

၁၂။     မုန့်သားအောက်နားကို ကိုင်ပြီး မုန့်သားအလယ်ဘက်ဆီ ၁ လက်မခွဲ အတည့်ခေါက်တင်ပါ။

၁၃။     လေးထောင့်ညီ ခေါင်းအုံးပုံစံ Pillow မုန့်ကို ရပါပြီ။

၁၄။     ရေခဲသေတ္တာအောက်ခန်း (ရေမခဲခန်း)မှာ အအေးခံထားပြီး အချိန်မရွေး စားသုံးနိုင်ပါတယ်။

www.facebook.com/Dexter Ng

Facebook Comments