Mango Cupcake (သရက်သီးကပ်ကိတ်)

by Dexter Bistro for Food Magazine

Mango Lover  လေးတွေကိုလည်း မမေ့ဘူးနော်…။ စိန်တလုံးသရက်သီးနဲ့လုပ်ပြီး စားကြည့်ရင် ဆွေမျိုးတွေတောင် မေ့မလားပဲ။ လုပ်ရလွယ်ကူပြီး တစ်မူထူးတဲ့ ကပ်ကိတ် လေးပါ။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး –  ၁  ၂/၃ ခွက်

ဘေကင်ပေါင်ဒါပွဆေး –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘေကင်ဆော်ဒါပွဆေး –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြားဖြူရိုးရိုး –  ၂/၃ ခွက်

ကြက်ဥ (အလုံးကြီး) –  ၂ လုံး (အခန်းအပူချိန်)

ဟင်းရွက်ဆီ (Vegetable Oil) –  ၁/၂ ခွက်

သရက်သီးအနံ့ရည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သရက်သီး –  ၁ ခွက် (အတုံးသေးသေးလှီးထားပါ)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆော်ဒါပွဆေးနှင့် ဆားတို့ကို ရောနှောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ သကြားဖြူနှင့် ကြက်ဥကို ရောနှောထည့်ပြီး

လျှပ်စစ်လက်မွှေတံနဲ့ ဖြူပြီး ပွလာတဲ့အထိ ၃ မိနစ်ခန့် မွှေပါ။

၃။       ဟင်းရွက်ဆီကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       သရက်သီးအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       ဂျုံမှုန့် အရောအနှောကို ရောထည့်ပြီး သမအောင် မွှေပါ။

၆။       သရက်သီးကို ရောထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပါ။

၇။       မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက်ထည့်ထားတဲ့ Cupcake Pan ထဲ အညီ အမျှ လောင်းထည့်ပါ။ (ကပ်ကိတ် ၁၂ ခု ရပါမယ်။)

၈။       အာဗင်ကို 375˚F (190˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို ၁၈ မိနစ်ခန့် ဖုတ်ပါ။

၉။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments

Menu