Mac & Cheese Pizza

by Sofia for Food Magazine

          Mac & Cheese Pizza ပြုလုပ်နည်းမှာ Mac and Cheese ပြုလုပ်နည်းနှင့် အတူတူဖြစ် ပါတယ်။ Mac and Cheese ပြုလုပ်ပြီးပါက Pizza ပေါ်မှာဖြန့်ထည့်ကာ Oven မှာ ၅ မိနစ်မှ ၆ မိနစ်ခန့် အပူချိန်အပေါ် ၂၈၀ ဒီဂရီ၊ အောက် ၂၀ဝ ဒီဂရီဖြင့် အရောင်ရအောင် ကင်ပေးပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

          အီတလီပါစတာမက်ခရိုနီ (Macaroni) ကို ချိစ်ဆော့စ်နှင့် တွဲဖက်စားတဲ့ Mac and Cheese  ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ချိစ်နှစ်သက်သူများနှင့် ကလေးငယ်များ နှစ်သက် စွာသုံးဆောင်လေ့ရှိပါတယ်။ Mac and Cheese ကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်လေ့ရှိကြပြီး အချို့က ချိစ်ဆော့စ် သီးသန့်ပြုလုပ်ကာ အချို့က သီးနှံ၊ အသားငါး ထည့်ပြီး ပြုလုပ်လေ့ရှိကြပါတယ်။ Pasta ကိုလည်း နှစ်သက်ရာ Short Pasta ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Mac and Cheese ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

Macaroni (Cook)  –  ၁၀ဝ ဂရမ်

ထောပတ် (Unsalted Butter)  –  စားပွဲဇွန်း ၁ ဇွန်း

ဂျုံ  –  ၁ ဇွန်း

ကြက်အူချောင်း  –  ၁ ချောင်း

မုန်လာဥနီ  –  ၂ ဇွန်း

ငရုတ်ပွစိမ်း  –  ၂ ဇွန်း

နွားနို့   –  ၂၀ဝ မီလီလီတာ

Chadder Cheese  –  ၂ ချပ်

Parmesam Cheese  – ၂ ဇွန်း

Mozzarella Cheese  –  ၃ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  – အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ

၁။          ဦးစွာ နှစ်သက်ရာပါစတာ (ှ့Short Pasta) ကို အညွှန်းပါအတိုင်း ပြုတ်ပါ။ ကျက်လျှင် ဆယ်ယူပြီး ရေအေးစိမ်ပါ။ အေးသွားပါက ဆီအနည်းငယ်လူးပေးထားပါ။

၂။          ပါဝင်ပစ္စည်းများမှ မုန်လာဥနှင့် ငရုတ်ပွတို့ကို အတုံးသေးသေးတုံးထားပါ။ ကြက်အူချောင်း ပါးပါး လှီးထားပါ။

၃။          အားလုံးအဆင်သင့်ဖြစ်ပါက ချက်မည့်အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ။

၎။          အိုးထဲ ထောပတ်တစ်ဇွန်းထည့်ပြီး အပူပေးပါ။ ဂျုံ ၁ ဇွန်းထည့်ပြီး မွှေပေးပါ။ မီးမပြင်းရ။

၅။          ဂျုံကျက်ပါက နွားနို့ထည့်ပြီး ဂျုံအလုံးအခဲများမဖြစ်အောင် မွှေပေးပါ။ မုန်လာဥ၊ ငရုတ်ပွနှင့် ကြက်အူချောင်းတို့ကို ထည့်ပါ။

၆။          ဆားနှင့် ငရုတ်ကောင်းထည့်ပါ။

၇။          ပြုတ်ထားသော မက်ခရိုနီပါစတာထည့်ပါ။ ချိစ်တို့ကိုထည့်၍ သမအောင်မွှေပေးပြီး တည်ခင်း သုံးဆောင်နိုင်ပါပြီ။

၈။          Mac and Cheese ကို Bake လုပ်လိုပါက  ချက်ပြီးသား Pasta ကို အပူခံ ပန်းကန်မှာ ထည့်ပါ။

၉။          အပေါ်မျက်နှာပြင်မှာ Mozzarella Cheese ဖြူး၍ Oven မှာ ၂၈၀ ဒီဂရီဖြင့် ၅ မိနစ်ခန့်ထည့်ပြီး အရောင်ရပါက တည်ခင်းသုံးဆောင်နိုင်ပါပြီ။

          အစပ်နှစ်သက်ပါက Jalapeno ငရုတ်သီးထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

Pizza ပြုလုပ်ရန် ဂျုံလုံးကိုဖြန့်ပြီး အပေါ်မှ Mac and Cheese ကို ဖြန့်ထည့်ကာ ချိစ်ဖြူးပြီး Oven မှာ အရောင်ရအောင် ကင်ပေးပါ။

Facebook Comments