Guacamole

Guacamole

           မက္ကဆီကန်အစားအစာ ဂွာကာမိုးလီလို့ခေါ်တဲ့ ထောပတ်သီးထောင်းလေးပါရှင်။ ဆိမ့်လှတဲ့ ထောပတ်သီး အရသာထဲကို ဆား၊ ငရုတ်သီးစိမ်းနဲ့ သံပရာသီးပေါင်းထည့်ပေးပြီး တခြားမွှေးတဲ့ ကြက်သွန်နီ၊ နံနံပင်တို့နဲ့ ရောနယ်လိုက်တဲ့အခါ  အလွန် စားကောင်းတဲ့ Dipping Sauce လေး ဖြစ်လာတယ်။ တော်တီလြွာကပ်ြွကပ်လေးနဲ့ တို့စားလို့ကောင်းသလိုတာကို၊ ဖာဟီတာတို့နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ငရုတ်သီးစိမ်းက အသားထူပြီး စပ်တဲ့ ဟာလပီညောကို သုံးသင့်ပါတယ်။ ထောပတ်သီးကလည်း ပျော့အိနေတာမျိုးမဟုတ်ဘဲ မပျော့မမာ အနေအထားမျိုးကို အသုံးပြုပါ။ မြန်မာမှာ ထောပတ်သီးတွေက အမည်းရောင် အမျှင်တွေ ပါနေတတ်တယ်။ အဲဒါလေးတွေက လေဝင်ပြီး အောက်စီဒိုက်ဖြစ်သွားတာပါ။ ထောပတ်သီးဝယ်တဲ့အခါ အညှာပိတ်လေးကို ရွေးပြီးဝယ်ပါ။ ထောပတ်သီး အနု၊ အစိမ်း၊ အမှည့်ကို စမ်းသပ်တဲ့အခါ လက်ညှိုးနဲ့ ဖိကြည့်တာထက် လက်ဖဝါး ထဲထည့်ပြီး အသာအယာညှစ်ကြည့်ပါ။ ဘယ်တော့အသုံးပြုမလဲဆိုတာမှာ  မူတည်ပြီး အပျော့အမာ၊ အခွံအရောင် အစိမ်း/ အမည်း ရွေးပြီးဝယ်ပါ။ သံပရာရည်က ချက်ချင်းမမည်းအောင် အကာအကွယ်ပေးပေမယ့်လည်း ဂွာကာမိုးလီကို စားခါနီး နာရီဝက်ထက် ကြိုတင်ပြီး မလုပ်သင့်ပါ။

   ပါဝင်ပစ္စည်းများ

♦   ထောပတ်သီး   –   ၁ လုံး

♦   ကြက်သွန်နီ   –   ၁ ခြမ်း

♦   ဆား   –   အနည်းငယ်

♦   နံနံပင်   –   ၁ ခက်

♦   ငရုတ်သီးစိမ်း   –   ၁ တောင့်

♦   သံပရာရည်   –   သင့်ရုံ

♦   ခရမ်းချဉ်သီး   –   ၁ ခြမ်း

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ငရုတ်သီးစိမ်းကို လေးထောင့်အတုံးလေးများ လှီးထားပါ။

၂။      နံနံပင်ကို မထူမပါးလှီးထားပါ။

၃။      ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး လေးထောင့်အတုံးလေးများ လှီးထားပါ။

၎။      ကြက်သွန်နီကို ထက်ခြမ်းခြမ်း၊ ရေဆေး၊ လေးထောင့် အတုံးသေးသေး လှီးထားပါ။

၅။      ထောပတ်သီးကို အခွံနွှာ၊ အသားကို ဇွန်းနှင့် ခြစ်ပြီး ခပ်ယူပါ။ ငရုတ်ဆုံထဲ ထည့်ပါ။

၆။      ငရုတ်ဆုံထဲမှာ နံနံပင်မှလွဲ၍ လှီးထားတာတွေ အကုန်ထည့်ပါ။ ဆား၊ သံပရာရည်ထည့်ပြီး ဖွဖွလေး ကျည်ပွေ့နှင့် ဖိကြိတ်ပေးပါ၊ အရသာကို မိမိနှစ်သက်ရာ အချဉ်၊ အစပ်လိုသလို ပြုပြင်ပါ။ နောက်ဆုံးမှာ နံနံပင်ထည့်ပြီး ဇွန်းနှင့် သမအောင် ဖွဖွမွှေပါ။ ပန်းကန်လုံးထဲထည့်ပြီး ဂျုံအကြွပ်ကြော်နဲ့ တို့စားနိုင်ပါပြီ။

♦   Meemeetofu   ♦

Facebook Comments