Golden Frizzy Cocktail

Golden Frizzy Cocktail

            ဟုတ်ကဲ့ ဒီတစ်ခေါက်အလှည့်ကျတာကတော့ ဆားချိုသီးတို့ ဆီးသီးတို့နဲ့ ကော့တေးလ်လုပ်နည်းလေး ဖော်ပြပေးပါအုံးလို့ တောင်းဆိုထားသူတွေအတွက်ပါ။ ဒီတစ်လကိုတော့ ဆားချိုသီးနဲ့လုပ်တဲ့ ပေါ့ပေါ့ပါးပါး ကော့တေးလ်လေးကို ဖော်ပြလိုက်ပါတယ်။ ဆားချိုသီးနဲ့ ကော့တေးလ်ဖျော်တဲ့အခါမှာ ဘယ် Alcohol မဆို ဖျော်လို့ရပေမယ့် ဆားချိုသီးရဲ့အရသာက ဝီစကီနဲ့ ပိုမိုလိုက်ဖက်တဲ့အတွက် ဝီစကီနဲ့ ဘယ်လိုဘယ်ပုံ ဖျော်စပ်ရင်ကောင်းမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။ ဒီကော့တေးလ်လေးကိုတော့ ညနေခင်း စကားစမြည်ပြောရင်း နည်းနည်းချင်းစီ အရသာခံသောက်ရင် အသင့်တော်ဆုံးပါပဲ။ Alcohol ပါဝင်မှုနည်းတာကြောင့် ကျား၊ မ မရွေး ကော့တေးလ်သောက်မယ်ဆိုရင် အဆင်ပြေစေမယ့်အရသာလေးပါပဲ။ ဆားချိုသီးရဲ့ ချဉ်ဖြုန်းဖြုန်းနဲ့ မွှေးပျံ့တဲ့အရသာကို ဝီစကီနှင့်အတူ တွဲဖက်ခံစားရင်း ဆော်ဒါရဲ့ Fizz ဖြစ်တဲ့ အရသာလေးကြောင့် ညနေခင်း အိမ်မှာအပျင်းပြေ ဖျော်သောက်မယ်ဆို တစ်ခွက်သောက်ပြီးတာနဲ့ တစ်နေ့တာလုံးပင်ပန်းနေသမျှ လန်းဆန်းသွားမယ်ဆိုတာ အသေအချာပါပဲနော်။

►    လိုအပ်တဲ့ပစ္စည်းတွေကတော့

♦   Whisky (ဝီစကီ)   –   45 ml ( ၁ ပက်ခွဲ)

♦   ဆားချိုသီး   –   ၂ လုံးခန့်

♦    Honey (ပျားရည်)   –    10 ml (အနည်းငယ်)

♦   Soda (ဆော်ဒါရည်)   –   on top

►    ပြုလုပ်ပုံကတော့

            ရှေးဦးစွာ ကော့တေးလ်ဖျော်မည့် Shaker ထဲသို့ ဆားချိုသီး ၂ လုံးခန့်ကို အစေ့ထုတ်ပြီး အသားချည်းကို သေးသေးလေးတွေဖြစ်အောင်လှီးထည့်ကာ Muddler နှင့် ကြေမွသွားအောင်ဖိချေလိုက်ပါ။ ပြီးလျှင် ပျားရည်အနည်းငယ်ခန့်နှင့် ဝီစကီထည့်ကာ ရေခဲ ၂ တုံးသုံးတုံးခန့်ထည့်ပြီး အရသာသမသွားအောင် Shake ပေးလိုက်ပြီးပါက ဖန်ခွက်ထဲသို့ ချေမွထားသော ရေခဲမှုန်ကလေးများထည့်ကာ ဖျော်စပ်ထားသောကော့တေးလ်အရောကို လောင်းထည့်ပြီး နောက်ဆုံးအနေနှင့် Fizzy ဖြစ်အောင် ဆော်ဒါရည်လေးကို ပြည့်ရုံလောင်းထည့်ပြီးပါက ပြီးပြည့်စုံသော Golden Fizzy ကော့တေးလ်ကောင်းတစ်ခွက်ကို ပိုင်ဆိုင်နိုင်ပါပြီ။ ဆားချိုသီးနှင့်ဖျော်စပ်ထားတဲ့ ထူးခြားဆန်းသစ်တဲ့အရသာ ကိုခံစားရင်း ပျော်ရွှင်စရာကောင်းတဲ့ညနေခင်းကို ဖြတ်သန်းလိုက်ကြအောင်စို့လား ကော့တေးလ်ပရိသတ်တို့ရေ။

♦   Pyone   ♦

Facebook Comments