Elegant Cognac

by Pyone for Food Magazine

          ပထမဆုံး ကော့တေးလ်လေးကို ကော့ညက် (Cognac) နဲ့ ပြုလုပ်တဲ့ ကော့တေးလ်လေးနဲ့ စဖွင့်ထားပါတယ်။ ကော့ညက်ဆိုတာကတော့ အားလုံးလည်းသိတဲ့အတိုင်း ပြင်သစ် ကော့ညက်ပြည်နယ် ကထုတ်တဲ့ Brandy ဘရန်ဒီတစ်မျိုးပါ။ အဲဒါကို များသောအားဖြင့် အစာပိတ်အနေနဲ့ဖြစ်ဖြစ်၊ အစာကြေညက်စေရန်အတွက်လည်း ညနေစာစားပြီးရင် ဒီအတိုင်း ဘာမှမရောဘဲ သောက်လေ့ရှိသလို ရေခဲ လေးတစ်တုံး၊ နှစ်တုံးလောက်နဲ့ ဇိမ်ဆွဲပြီး အရသာခံကာ သောက်လေ့ရှိတဲ့ အရက်တစ်မျိုးပါပဲ။ ကဲ … အဲဒီကော့ညက်ကလေးကို အရသာရှိအောင် ဘယ်လိုဒီဇိုင်းတစ်မျိုးနဲ့သောက်ရင် ကောင်းမလဲလို့ ကြည့်ကြရအောင်ပါ။

ပါဝင်ပစ္စည်းများ

Cognac (ကော့ညက်)  –  50 ml

Amaretto (Almond Liqueur)  –  20 ml

Apple Slice (ပန်းသီးစိတ်)  –  1 Slice

Cinnamon (သစ်ကြံပိုးခေါက်)  –  1 Stick

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဦးစွာ ပုံထဲမှာပြထားသော ခွက်လေးတစ်ခွက်ကိုယူပါ။

၂။       ပြီးလျှင် သစ်ကြံပိုးခေါက် ခပ်သေးသေးတစ်ချောင်းကို မီးခြစ်နှင့် အသာအယာ အငွေ့ထွက်အောင် မီးရှို့ပြီး ပန်းကန်ပြားပေါ်တင်ကာ စောစောက ဖန်ခွက်နှင့် အုပ်ချလိုက်ပါ။

၃။       စက္ကန့် ၃၀ လောက်ကြာပြီးလျှင် စောစောက ဖန်ခွက်ကလေးမှာ သစ်ကြံပိုးခေါက် အနံ့သင်းသင်းလေး စွဲသွားတာကို တွေ့ရမှာပါ။

၎။       ထို့နောက် ထိုဖန်ခွက်ကလေးထဲသို့ ကော့ညက်ကို ဖော်ပြပါအချိုးအစားအတိုင်း ထည့်ပါ။ ပြီးလျှင် Amaretto (Almond Liqueur) ကို 20 ml ခန့်ထည့်ပါ။

၅။       ပြီးလျှင် ဇွန်းနှင့် အသာအယာမွှေပြီး အပေါ်က ပန်းသီးစိတ်လေးတစ်ခုကို မီးနှင့် ခပ်ပြင်းပြင်း အပူပေးပြီးပါက ဖန်ခွက်ထဲထည့်လိုက်ပြီး အသင့်သုံးဆောင်လို့ရသော ကော့ညက်ကော့တေးလ် တစ်ခွက်ကို ရရှိပြီဖြစ်ပါတယ်။

၆။       သစ်ကြံပိုးခေါက်နံ့ သင်းသင်းလေးကို ကော့ညက်ရဲ့ မွှေးပျံ့တဲ့ ရနံ့နှင့်အတူ ချိုမြမြအရသာလေးပါ တစ်ပြိုင်နက် အရသာခံစားရ မှာဖြစ်လို့ အေးမြတဲ့ ဆောင်းရာသီရဲ့ ညနေခင်းမှာ ဇိမ်ခံသောက် သုံးလို့ရမယ့် ကော့တေးလ်တစ်ခွက်အနေနဲ့ ဖော်ပြလိုက်ရပါ တယ်။ အရမ်းအချိုကြီးတွေ၊ Fancy  ဖြစ်တဲ့  ကော့တေးလ်တွေ မကြိုက်ဘူး။ Classic ဖြစ်ပြီး “ရိုးရိုးရှင်းရှင်း ကော့တေးလ်လေးတွေပဲ သောက်ချင်ပါတယ်ဆိုတဲ့ လူများအတွက်တော့ အရမ်းသင့်တော်တဲ့ ကော့တေးလ်လေးဖြစ်ပါတယ်” လို့ ညွှန်းပါရစေ။ ကဲ… Classic Cocktail အမျိုးအစားတွေကိုမှ နှစ်သက်ပါတယ်ဆိုတဲ့သူများ အိမ်အလည်လာခဲ့ရင် လက်စွမ်းပြ ဖျော်သောက်လို့ ရပါပြီနော်။

Facebook Comments