Double Strawberry Cupcake (စတော်ဘယ်ရီသစ်သီးနှင့် ယိုကပ်ကိတ်)

by Dexter’s Bistro for Food Magazine

          Strawberry Lover စတော်ဘယ်ရီသီးချစ်သူတွေအတွက် သီးသန့် အထူးလုပ်ပေးလိုက်လို့ အရမ်းစားကောင်းတဲ့ ကပ်ကိတ်တစ်မျိုးပါ။ အရမ်းချိုမှာမို့ နှုတ်ခမ်းမှာ ပျားတွေ စွဲမှာတောင် စိုးရိမ်မိပါတယ်။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ထောပတ်ရိုးရိုး  –  စားပွဲဇွန်း ၈ ဇွန်း (အရည်ဖျော်ထားပါ)

သကြား  –  ၁ ခွက်

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (အခန်းအပူချိန်)

လီမွန်ရည် (Fresh Lemon Juice)  –  စားပွဲဇွန်း ၃ ဇွန်း

နွားနို့  -၁   ခွက်

အနီရောင်အရောင်တင်ဆေး  –  လိုအပ်သလောက် (Red Food Color)

စတော်ဘယ်ရီယို  –  လက်ဖက်ရည်ဇွန်း ၆ ဇွန်း

စတော်ဘယ်ရီသီး (Fresh)  –  ၆ လုံး (တစ်ဝက်စီခြမ်းပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေးနှင့် ဆားကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

၂။       နောက်အိုးတစ်အိုးမှာ ထောပတ်နှင့် သကြားကို ရောထည့်ပြီး Electric Hand Mixer နဲ့ ၄ မိနစ်ခန့် မွှေပေးပါ။

၃။       ကြက်ဥနှင့် လီမွန်ရည်ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

၎။       နွားနို့ကို လောင်းထည့်ပြီး သမအောင် မွှေပေးပါ။

၅။       အနီရောင်အရောင်တင်ဆေးကို စိတ်ကြိုက်ထည့်ပြီး သမအောင် မွှေပေးပါ။

၆။       ဂျုံမှုန့်အရောအနှောကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး သမအောင် မွှေပေးပါ။

၇။       မုန့်နှစ်ရည်ကို Paper cup ထည့်ထားတဲ့ Cupcake ခွက်တွေထဲ ၂/၃ ပြည့်ရုံ လောင်းထည့်ပြီး စတော်ဘယ်ရီယို ဇွန်းတစ်ဝက်စီ ဖြည့်ပေးပါ။

၈။       ကျန်ရှိတဲ့ မုန့်နှစ်ရည်ကို စတော်ဘယ်ရီယိုတွေပေါ်  ဖုံးအောင်ထည့်ပြီး စတော်ဘယ်ရီသီး တစ်ခြမ်းစီကို မုန့်နှစ်ရည်တွေပေါ် ထည့်ကာ ဖွဖွလေး ဖိချပေးပါ။

၉။       အာဗင်ကို 350˚ F (180˚C) ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၁၄ မိနစ်ခန့် ဖုတ်ပေးပါ။

၁၀။     တုတ်တံချောင်းသေးသေးနှင့် မုန့်သားအလယ်ကို ထိုးစိုက်ပြီး  အထုတ်မှာ မုန့်သားကပ်ပါမလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ အဆင်သင့် သုံးဆောင်နိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments