
25 - July - 2018
by Dexter’s Bistro for Food Magazine
Online မှာ တပည့်တွေရဲ့ အကြိုက်ဆုံး နဲ့ ကျွန်တော့်ရဲ့အကြိုက်ဆုံးလည်းဖြစ် တယ်။ ကပ်ကိတ်မုန့်သားကို သရက်သီး စစ်စစ် ကြိတ်ပြီး ရလာတဲ့ သရက်သီးအနှစ်နဲ့ ဂျုံကိုရောပြီး လုပ်ပေးထားပါတယ်။ ဒါတင် မကဘူး။ သရက်သီးအတုံးတွေကိုလည်း ကပ်ကိတ်ရဲ့အပေါ်မှာ ထည့်ပေးထားပြီး တစ်ချက်ကိုက်လိုက်တဲ့ အရသာမှာ သရက် သီးကို Double Taste အနေနဲ့ ခံစား ရမှာပါ။ သရက်သီးကြိုက်သူတွေအတွက်က The Best ပေါ့။
လိုအပ်သောပစ္စည်းများ
ဂျုံမှုန့်ရိုးရိုး – ၁ ၂/၃ ခွက်
ဘေကင်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဘေကင်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ထောပတ် – ၁/၂ ခွက်
သကြားဖြူရိုးရိုး – ၃/၄ ခွက်
ဟင်းရွက်ဆီ (Vegetable Oil) – စားပွဲဇွန်း ၁ ဇွန်း
ကြက်ဥ (အလုံးကြီး) – ၂ လုံး (အခန်းအပူချိန်)
သရက်သီးအနံ့ရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်း ရပါတယ်)
သရက်သီးကြိတ်ပြီးသား အနှစ်ရည် – ၃/၄ ခွက် (Mango Puree)
သရက်သီးအတုံးသေး – ၃/၄ ခွက်
ပြုလုပ်နည်း
၁။ အိုးတစ်အိုးမှာ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါ၊ ဘေကင်ဆိုဒါနှင့် ဆားတို့ကို ရောပြီး သမအောင် မွှေပေးပါ။
၂။ နောက်အိုးတစ်အိုးမှာ ထောပတ်နဲ့ သကြားကို ရောပြီး လျှပ်စစ်လက်မွှေတံနဲ့ အရောအနှောကို အရောင်ဖျော့ပြီး ပွလာသည်အထိ ၄ မိနစ်ခန့် မွှေပေးပါ။
၃။ ဟင်းရွက်ဆီကို ရောထည့်ပြီး သမအောင် မွှေပေးပါ။
၎။ ကြက်ဥကို တစ်လုံးချင်းခေါက်ထည့်ပြီး သမအောင် မွှေပေးပါ။
၅။ သရက်သီးအနံ့ရည်ကိုထည့်ပြီး သမအောင် မွှေပေးပါ။
၆။ ဂျုံမှုန့်အရောအနှောတစ်ဝက်ကို ကြိတ်ပြီးသား သရက်သီးအနှစ်ရည်နဲ့အတူ ထောပတ် အရောအနှောထဲ လောင်းထည့်ပြီး သမအောင် မွှေပေးပါ။
၇။ ကျန်ရှိနေသေးတဲ့ ဂျုံမှုန့်တစ်ဝက်ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။
၈။ မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက်ခင်းထားတဲ့ ကပ်ကိတ် Pan ထဲ အညီအမျှ လောင်းထည့်ပေးပြီး သရက်သီးအတုံးသေးတွေကို မုန့်နှစ်ရည်တွေပေါ် အညီအမျှ ခွဲထည့်ပေးပါ။ (ကပ်ကိတ် ၁၂ ခု ရပါမယ်။)
၉။ အာဗင်ကို ၃၅၀˚F (၁၈၀˚C) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၁၈ မိနစ် (သို့) ၁၉ မိနစ်ခန့် ဖုတ်ပေးပါ။
၁၀။ တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာ လျှင် မုန့်ဗန်းကို အာဗင်ကထုတ်ကာ အအေးခံပြီး အဆင်သင့်စားသုံးနိုင်ပါပြီ။