Coconut Mango Cupcake သရက်သီးအုန်းနို့ကပ်ကိတ်

by Dexter’s Bistro for Food Magazine

          မြန်မာပြည်မှာ သရက်သီးပေါ်ချိန်အမီ ဒီသရက်သီးဖျူးရှင်း ကပ်ကိတ်လေးကို လုပ်ပေးလိုက်တယ်။ သရက်သီးနဲ့ အရမ်းလိုက်ဖက်မယ့် အုန်းနို့လေးကို ရောစပ်ပြီး လုပ်ပေးလိုက်တယ်။ မွမွဆိမ့်ဆိမ့်လေးနဲ့ ဒီသရက်သီးအုန်းနို့ကပ်ကိတ်လေးကို စားသုံးသူတိုင်း  အလွန်ပဲ ကြိုက်လိမ့်မယ်ဆိုတာ ယုံကြည်ပြီးသားပါ။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘေကင်ဆော်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

သကြား  –  ၃/၄ ခွက်

ထောပတ်  –  စားပွဲဇွန်း ၁၂ ဇွန်း (အခန်းအပူချိန်)

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (အခန်းအပူချိန်)

အုန်းသီးအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သရက်သီးအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သရက်သီး (အတုံးသေး)  –  ၁ ခွက် (Blender ထဲ ထည့်ကြိတ်ထားပါ)

အုန်းနို့  –  ၁/၄ ခွက်

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆော်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်၍ သမအောင်မွှေပြီး ဆန်ခါစစ်ချပါ။

၂။       နောက်အိုးကြီးတစ်အိုးထဲ ထောပတ်နှင့် သကြားကို ရောထည့်ပြီး လျှပ်စစ် လက်မွှေတံနဲ့ ၃ မိနစ်ခန့် မွှေပါ။

၃။       ကြက်ဥကို တစ်လုံးချင်း ခေါက်ထည့်ပြီး အရောင်ပြောင်းတဲ့အထိ မွှေပါ။

၎။       အုန်းသီးအနံ့ရည်နှင့် သရက်သီးအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       Blender ထဲ ထည့်ကြိတ်ထားတဲ့ သရက်သီးအနှစ်ကို လောင်းထည့်ပြီး သမအောင် မွှေပါ။

၆။       ဂျုံမှုန့်အရောအနှောနဲ့ အုန်းနို့ကို ရောထည့်ပြီး သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ။)

၇။       အရောအနှောကို ကပ်ကိတ်စက္ကူခွက် ခင်းထည့်ထားတဲ့ ကပ်ကိတ်ဗန်းထဲ

၃/၄ ပြည့်ရုံ အညီအမျှ ဖြည့်ထည့်ပါ။ (ကပ်ကိတ် ၁၃-၁၅ ခွက် ရပါမယ်။)

၈။       အာဗင်ကို 350˚F (180˚C) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ထည့်၍ ၂၅ မိနစ်ခန့် ဖုတ်ပါ။

၉။       မုန့်သားမျက်နှာပြင် အညိုဖျော့ရောင်သန်းလာလျှင် တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့်သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu