
7 - September - 2018
Coconut Blue Hawaiian
by Bartender Pyone for Food Magazine
ပထမဆုံးကော့တေးလ်လေးအနေနဲ့ စဖွင့်ချင်တာကတော့ Vodka နဲ့ ဖျော်စပ်ထားတဲ့ ကော့တေးလ်အမျိုး အစားလေးပါပဲ။ Pool တွေမှာ ရေကူးအပန်းဖြေရင်းဖြစ်ဖြစ်၊ ညနေခင်းတွေမှာ အပျင်းပြေ ကော့တေးလ်ပျော့ပျော့လေးတွေ သောက်ချင်ရင်ပဲဖြစ်ဖြစ် ဒီကော့တေးလ်လေးက အရမ်းအဆင်ပြေပါလိမ့်မယ်။ နာနတ်သီးရဲ့ မွှေးပျံ့တဲ့ရနံ့နဲ့အတူ Vodka နဲ့ Coconut Cream တို့ရဲ့ လိုက်ဖက်တဲ့ အတွဲအစပ်လေးကို Blue Curacao ပါ ထည့်လိုက်တဲ့အခါမှာ ပေါ့ပေါ့ပါးပါးနဲ့ သောက်လို့ကောင်းမယ့် ကော့တေးလ်လေးတစ်ခွက်ကို မြည်းစမ်းကြည့်လို့ ရပါပြီနော်။
ကဲ… ဘာတွေနဲ့ ဘယ်လိုဖျော်ကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။
ပါဝင်ပစ္စည်းများ
Pineapple Juice – 60 ml
Pineapple – 2 pcs
Vodka – 45 ml
Blue Curacao – 30 ml
Coconut Cream – 20 ml
Lime Juice – 10 ml
ပြုလုပ်နည်း
ဦးစွာ နာနတ်သီးမှည့် အစိတ်သေးသေး နှစ်စိတ်ခန့်ကို Blender ထဲသို့ ထည့်ပါ။ Pineapple Juice အနည်းငယ်ကို ပါဝင်အချိုးအတိုင်း ထည့်ပါ။ Vodka အနည်းငယ်နှင့် Blue Curacao တို့ကိုလည်း ဖော်ပြပါ အချိုးအစားအတိုင်း ထည့် လိုက်ပါ။ ရေခဲတုံး နှစ်တုံးနှင့် သံပရာသီး တစ်စိတ်ခန့်ကို အရည်ညှစ်ပြီး အုန်းနို့လေးအနည်းငယ်ကို အနံ့ရရုံလေး ထည့်ပြီးပါက စက္ကန့်အနည်းငယ်ခန့် ကြေမွအောင် မွှေလိုက်ပါ။ ပြီးလျှင် ဖော်ပြပါ အနေတော်ဖန်ခွက်လေးတစ်ခွက်ထဲ ထည့်ပြီး အသင့်သုံးဆောင်လို့ရပါပြီနော်။ Vodka နဲ့ Blue Curacao တို့ နှစ်မျိုးပေါင်းရဲ့ ရှတတအရသာလေးကို Pineapple Juice လေးရယ်၊ အုန်းနို့နံ့လေးတွေအပါအဝင် နာနတ်သီးဖတ်လေးတွေနဲ့ တွဲပြီးသောက်ရမှာမို့ အရသာကတော့ တကယ်ကို သောက်ပြီးရင်း သောက်ချင်နေအောင် ဆွဲဆောင်နိုင်လွန်းလှပါတယ်။ ကဲ… ကော့တေးလ်များ ဖျော်သောက်ပြီး အမောတွေ ပြေနိုင်ကြပါစေနော်။