Chewy Brownies

by Evy’s Kitchen for Food Magazine

အရမ်းလွယ်လွန်းပြီး စားကောင်းတဲ့ Brownies လုပ်နည်းတစ်မျိုးပါ။ မအိလုပ်နေကျ ဖြစ်တဲ့ Recipe ကနေ ခွဲထွက်ပြီး လုပ်ကြည့်တာ သူလည်း တစ်မျိုးစားကောင်းတာပါပဲ။ ဒီလုပ်နည်းကတော့ အလုပ်ရှုပ်လည်း အင်မတန်သက်သာပါတယ်။ Bowl တစ်ခုနဲ့ မွှေတံတစ်ခုရှိရင် ရပါပြီ။ ဘာ Electric Mixer မှလည်း မလိုပါဘူး။ မူလ Recipe တွေကတော့ ထုံးစံအတိုင်း သကြားအရမ်းများပါတယ်။ အခုလုပ်နည်းမှာတော့ သကြားပမာဏကို ညှိထားပြီးသားမို့ မိမိတို့ပါးစပ်နဲ့ အဆင်ပြေမယ့် အနေတော်အချိုမျိုးပါ။ ကြက်ဥအနှစ်တစ်ခု ပိုထည့်တဲ့ သဘောကတော့ ပိုပြီး စိုစေချင်လို့ပါ။ ဒီလုပ်နည်းထက် ပိုပြီး စိုတဲ့ Brownies အစိုကို စားချင်ရင်တော့ ရိုးရိုးသကြားဖြူအစား သကြားအညိုကို သုံးပေးပါ။ ချောကလက် စေ့ကတော့ စိတ်ကြိုက်အမျိုးအစားကို သုံးနိုင်ပါတယ်။Milk (သို့) Dark ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒီ Recipe မှာ သုံးထားတာကတော့ Semi Sweet အမျိုးအစားပါ။

ပါဝင်ပစ္စည်းများ

ထောပတ် –  ၇၀ ဂရမ်

နေကြာဆီ –  ၇၅ မီလီလီတာ

သကြား –  ၁၈၀ ဂရမ်

ကြက်ဥ –  ၂ လုံး + ကြက်ဥအနှစ် ၁ ခု

Plain Flour –  ၆၅ ဂရမ်

ကိုကိုးအမှုန့် –  ၇၅ ဂရမ်

ပြောင်းဖူးအမှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘေကင်ဆော်ဒါ (ပါရုံမျှ) –  လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဗနီလာအမွှေးနံ့ –  လက်ဖက်ရည် ၁ ဇွန်း

ချောကလက်စေ့ –  ၆၀ ဂရမ်

ပြုလုပ်နည်း (၈ လက်မပတ်လည် ဗန်း ၁ ခုစာ)

၁။       ဦးစွာ ထောပတ်၊ သကြားနှင့် ဆီတို့ကို Microwave Safe ပန်းကန်ထဲထည့်ပြီး အပူပေးပါ။ (ဒါမှမဟုတ် ရေနွေးငွေ့နဲ့ အပူပေးလည်း ရပါတယ်။ ထောပတ်ပျော်လျှင် ရပါပြီ။)

၂။       ရလာတဲ့ ထောပတ်၊ ဆီနှင့် သကြားရောထားတဲ့အထဲ ကြက်ဥကို ၁ လုံးချင်းစီ ထည့်မွှေပါ။

၃။       ဂျုံ၊ ပြောင်းဖူးအမှုန့်၊ ဘေကင်ဆော်ဒါနှင့် ကိုကိုးအမှုန့်တို့ ဆန်ခါ ချထားတာကို ရောမွှေပါ။

၎။       နောက်ဆုံးမှ ချောကလက်စေ့နဲ့ ဗနီလာအမွှေးနံ့ကို ထည့်မွှေပါ။

၅။       မုန့်ဖုတ်မယ့်ဗန်း (၈ လက်မပတ်လည်) မှာ ထည့်ပြီး ၁၈၀ ဒီဂရီ မှာ မိနစ် ၃၀ ခန့် ဖုတ်ပါ။ မုန့်ကျက်မကျက်ကို တုတ်ချွန်လေးနဲ့ ထိုးပြီး စမ်းပါ။ မုန့်သားကပ်မပါလာလျှင် ရပါပြီ။

Facebook Comments