Cantaloupe Cooler

Cantaloupe Cooler

            မြန်မာလို သခွားမွှေးလို့ခေါ်တဲ့ Cantaloupe Fruit ကို ဒီတိုင်းစားလည်းကောင်းသလို အစိတ်သေးသေးလေးတွေစိတ်ပြီး သကြားလေးဖြူးပြီးစားလည်း အရမ်းကောင်းပါတယ်။ အခုတော့ Alcohol မပါဝင်တဲ့ Mocktail ဖျော်သောက်ကြည့်ကြပါမယ်နော်။ အခြားသော သစ်သီးတွေထက် ဗီတာမင်အေဓာတ် အများဆုံးပါဝင်တဲ့ သခွားမွှေးသီးရဲ့ ကောင်းကျိုးတွေကို ပြောမယ်ဆိုရင်တော့ အများကြီးပါ။ အဲဒီ့သခွားမွှေးနှင့်အတူ Cucumber လို့ခေါ်တဲ့ သခွားသီးပါထပ်မံပါဝင်လို့ သူ့ရဲ့အာနိသင်ကတော့ အများကြီးပါနော်။ ဝိတ်ချနေသူတွေအတွက်ကတော့ ဒီမော့တေးလ်လေးဟာ သောက်လို့လည်းကောင်း ကျန်းမာရေးအတွက်လည်း သင့်တော်တာမို့ မိန်းကလေးတွေအတွက် စိတ်ကြိုက်မော့တေးလ်လေးတစ်ခွက်ဆိုရင်လည်း မမှားပါဘူး။

►   ပါဝင်ပစ္စည်းတွေကတော့

♦   သခွားမွေးသီး(Cantaloupe) – အခွံခွာပြီး အနေတော် ၂ စိတ်၊ ၃ စိတ်ခန့်

♦   သခွားသီး (Cucumber) – အခွံခွာပြီး အနေတော် ၂ စိတ်၊ ၃ စိတ်ခန့်

♦   နာနတ်သီးဖျော်ရည် (pineapple juice)  –  100 ml

♦   ချင်း (Ginger) – ပါးပါး ၂ စိတ်ခန့်

♦   ပျားရည် (Honey) – အနည်းငယ်

♦   သံပရာရည် (Lime Juice) – အနည်းငယ်

♦   Soda – on top

            စသည်တို့လိုပါတယ်။ နာနတ်သီးဖျော်ရည်ကိုတော့ City Mart မှာ အလွယ်တကူဝယ်ယူလို့ရတဲ့ Pineapple juice packed လေးတွေကို အသုံးပြုလို့ရပါတယ်နော်။ ဒီမော့တေးလ်လေးကို ဖျော်မယ်ဆိုရင်တော့ Blender တစ်လုံးတော့လိုပါလိမ့်မယ်။

►   ပြုလုပ်နည်း

            ကဲ လိုအပ်တာတွေအားလုံးစုံပြီဆိုရင်တော့ စဖျော်ကြပါမယ်။ ရှေးဦးစွာ ရေစင်စင်ဆေးပြီး အူအလယ်တိုင် အစေ့များထုတ်ကာ အခွံခွာထားသော သခွားမွှေးသီးနှင့် သခွားသီးအနေတော် ၂ စိတ်၊ ၃ စိတ်ခန့်ကို Blender ထဲသို့ ထည့်လိုက်ပါ။ ဖျော်ရည်တစ်ခွက်စာကို မှန်းပြီး သင့်ရုံသာထည့်လည်းရပေမယ့် အသီးအနှံများများနှစ်သက်ရင်လည်း မိမိ စိတ်တိုင်းကျပမာဏကို   အသုံးပြုလို့ရပါတယ်။ ပြီးရင် အခွံခွာထားသော ချင်းပြားနှစ်ပြားခန့်ကို ပါးပါးလှီးပြီးထည့်လိုက်ပါ။ ထို့နောက် ဖော်ပြထားသော အချိုးအစားအတိုင်း နာနတ်ရည်ကိုထည့်ပါ။ အချိုအရသာအတွက် ပျားရည်နှင့် သံပရာရည်ကို မိမိစိတ်တိုင်းကျ လိုတိုးပိုလျော့ထည့်ပြီးပါက ရေခဲနှစ်တုံးသုံးတုံးခန့်ထည့်ကာ စက္ကန့်အနည်းငယ်ခန့် ကြိတ်ခြေလိုက် ပါ။ သခွားမွှေးသီးနှင့် သခွားသီးတို့ ကြေညက်ကာ သောက်လို့ကောင်းစေရန် အချိန်ကြာကြာကလေးကြိတ်ခြေဖို့လည်း သတိပြုပေးပါနော်။ အားလုံး ကြေညက်သွားပြီဆိုလျှင် ပုံပါအတိုင်းဖန်ခွက်ရှည်လေးထဲသို့ လောင်းထည့်ကာ Frizzy အရသာလေးရစေရန် Soda ကို နောက်ဆုံး လောင်းထည့်လိုက်ပါ။ ပြီးလျှင်တော့ ချင်းနံ့လေးမွှေးပျံ့ကာ ချို၍ အေး၍ မွှေးပျံ့သော Cantaloupe Cooler လေးတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီနော်။ နောက်ဆုံးအနေနဲ့ Garnish လေးကိုတော့ ရိုးရိုးရှင်းရှင်းပဲ သခွားမွှေးသီးစိတ်လေးဖြစ်ဖြစ် အလှဆင်ပြီးပါက ပြီးပြည့်စုံတဲ့ Cantaloupe Cooler Mocktail လေးတစ်ခွက်ရပါပြီရှင်။

♦   Pyone   ♦

Facebook Comments