Butter Chicken

by Sofia for Food Magazine

          အိန္ဒိယအစားအစာတစ်မျိုး Butter Chicken လို့ ခေါ်တဲ့ ကြက်သားထောပတ်ဟင်းလေး ဖြစ်ပါတယ်။ ဒီဟင်းလေးက နိုင်ငံတကာမှာ နာမည်ကြီး လူကြိုက်များတဲ့ ဟင်းအမျိုးအမည်ထဲက တစ်ခုလည်းဖြစ်ပါတယ်။ ချက်ပြုတ်ရာမှာ ချက်နေကျ ပါဝင်ပစ္စည်းများနဲ့ မတူဘဲ တစ်မူထူးခြားတဲ့ ချက်နည်းချက်ဟန်လေးနဲ့ အင်မတန် အရသာရှိတဲ့ ဟင်းလေးလည်းဖြစ်ပါတယ်။ အခြား အသားဟင်းချက်နည်းများနဲ့မတူဘဲ အဲဒီဟင်းလေးမှာတော့ ကြက်သားနဲ့ အနှစ်ကို သီးသန့်စီချက်ရမှာ ဖြစ်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ကြက်သားအတွက် ပါဝင်ပစ္စည်းများ

ကြက်သား  –  ၅၀ဝ ဂရမ်

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

ချင်း ကြက်သွန်ဖြူထောင်း  –  ၁ ဇွန်း

ဆေးရောင်အနီ  –  အနည်းငယ်

ဒိန်ချဉ်  –  စားပွဲဇွန်း ၂ ဇွန်း

တန်ဒိုရီအနှစ် (သို့) မဆလာ  –  ၁ ဇွန်း

ဟင်းအနှစ်ချက်ရန် ပါဝင်ပစ္စည်းများ

ကြက်သွန်နီ  –  ၄ လုံး

ချင်း ကြက်သွန်ဖြူထောင်း  –  ၁ ဇွန်း

ခရမ်းချဉ်သီး  –  ၃၅၀ ဂရမ်

သီဟိုဠ်စေ့  –  ၅၀ ဂရမ်

နနွင်းမှုန့်  –  အနည်းငယ်

အရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

သစ်ကြံပိုးခေါက်  –  ၁ ချောင်း

ကရဝေးရွက်  –  ၂ ရွက်

နာနတ်ပွင့်  –  ၂ ပွင့်

လေးညှင်းပွင့်  –  ၂ ပွင့်

မဆလာ  –  ၁ ဇွန်း

ထောပတ်ခဲ  –  ၅၀ ဂရမ်

ဆီ  –  အနည်းငယ်

ခရင်မ်  –  ၂၅၀ မီလီ

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

ဆေးရောင်အနီ  –  အနည်းငယ်

ပျားရည်  –  ၂ ဇွန်း

နံနံပင်  –  အလှဆင်ရန်

တွဲဖက်တည်ခင်းရန်

ထမင်းဖြူ /ပလာတာ

ပြုလုပ်နည်း

၁။       ဦးစွာ ကြက်သားကို အနေတော်အရွယ်များ လှီးဖြတ်ထားပြီး ဇလုံတစ်လုံးထဲ ထည့်ပါ။ ဆား၊ ချင်း ကြက်သွန်ဖြူထောင်း၊ ဆေးရောင်အနီတို့နှင့် နယ်ပါ။

၂။       ပြီးလျှင် တန်ဒိုရီအနှစ် (သို့) မဆလာထည့်ပြီး သမအောင်နယ်ပါ။ ပြီးလျှင် ဒိန်ချဉ် ထည့်နယ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။

၃။       ကြက်သားကို နှပ်ထားစဉ် ဟင်းအနှစ်ချက်ရန် ပြင်ဆင်ပါ။ ကြက်သွန်နီပါးပါးလှီးထားပြီး ချင်း၊ ကြက်သွန် ဖြူထောင်းထားပါ။ ခရမ်းချဉ်သီး သေးသေးစိတ်ထားပါ။ သီဟိုဠ်စေ့ကို ရေနွေးဖြင့်ပြုတ်၍ ရေစစ်ပြီး ကြေညက်အောင် ကြိတ်ထားပါ။

၎။       အားလုံးအသင့်ဖြစ်ပါက အိုးထဲ ဆီထည့်ပြီး ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို ဆီသတ်ပါ။ ချင်း၊ ကြက်သွန်ဖြူထည့်ပါ။ ကြက်သွန်နီထည့်ကြော်ပါ။ အရောင်တင်မှုန့်၊ နနွင်းမှုန့်ထည့်ပါ။ ကြက်သွန်များ နွမ်းလာပါက ခရမ်းချဉ်သီးထည့်၍ အားလုံးကို အနှစ်ကျပြီး ကြေညက်လာသည်အထိ တည်ထားပါ။

၅။       ဟင်းအနှစ်ကျပါက ကရဝေးနှင့် သစ်ကြံပိုးခေါက်တို့ကို ဖယ်ထုတ်ပြီး အနှစ်ကို ကြေညက်သည်အထိ ကြိတ်ပါ။

၆။       ကြိတ်ထားသော သီဟိုဠ်စေ့ကို ရောထည့်ပြီး ဆန်ခါစိတ်စိတ်ဖြင့် အနှစ်များကို ဆန်ခါတိုက်ချပေးပါ။

၇။       ဆန်ခါတိုက်ပြီးသော ဟင်းအနှစ်ကို အိုးထဲပြန်ထည့်ပြီး ဆား၊ ပျားရည်တို့ဖြင့် အရသာဖြည့်စွက်ပါ။ ခရင်မ်ထည့်ပါ။ ဆူပွက်ပါက ဆေးရောင်အနီ အနည်းငယ်ထည့်ပါ။ ပြီးလျှင် ထောပတ်ခဲထည့်၍ သမ အောင်မွှေပေးပြီး အဖုံးအုပ်ကာ မီးပိတ်ထားပါ။

၈။       ပြီးလျှင် အသင့်နှပ်ထားသောကြက်သားကို Oven မှာ ၂၀ဝ ဒီဂရီဖြင့် ၁၀ မိနစ်ခန့် ကင်ပြီး အသားကျက်ပါက အသင့်ချက်ထားပြီးသော ဟင်းအနှစ်ထဲ ရောထည့်၍ သမအောင် မွှေပါ။

၉။       အားလုံးပြီးပါက Butter Chicken ကို ပန်းကန်ထဲထည့်၍ ခရင်မ်နှင့် နံနံပင်တို့ဖြင့် အလှဆင်ပြီး နှစ်သက်ရာ ထမင်းဖြူ (သို့) ပလာတာတို့ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

Facebook Comments