Apple and Walnut with White Chocolate Square (ပန်းသီး သစ်ကြားသီးနှင့် ချောကလက်ဖြူစကွဲ)

by Dexter’s Bistro for Food Magazine

          ကျွန်တော့်အကြိုက်ဆုံး Square လေးပါ။ ပန်းသီးအရသာလေးကို သစ်ကြားသီးနဲ့ တွဲဖက်ပေး ထားတော့ တစ်ချက်ကိုက်လိုက်တိုင်း သစ်ကြားသီးလေး ဝါးလိုက်ပြီးတော့ ချောကလက်ဖြူစေ့လေး ဝါးလိုက်နဲ့ တစ်ကိုက်လေးနဲ့တင် အရသာ ၃ မျိုးကို တစ်ချိန်တည်းမှာ ခံစားရပါတယ်။ စားပြီးရင်း စားချင်ဆိုတဲ့ Square လေးပါ။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၄ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ထောပတ်  –  စားပွဲဇွန်း ၈ ဇွန်း (အခန်းအပူချိန်)

သကြားဖြူရိုးရိုး  –  ၁ ခွက်

ကြက်ဥ  –  ၂ လုံး (အလုံးကြီး) (အခန်းအပူချိန်)

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ချောကလက်ဖြူစေ့  –  ၁ ခွက်

(Mini White Chocolate Chip ၃/၄ ခွက်က မုန့်နှစ်နဲ့ ရောရန်၊ ၁/၄ ခွက်က မုန့်နှစ်အပေါ်ထည့်ရန်)

ပန်းသီး  –  ၁ လုံး

(အခွံချွတ်၍ အူတိုင်ထုတ်ပြီး အတုံးသေးသေးလှီးထားပါ) (ခွက် ၁ ခွက်အနေအထားရှိရပါမယ်)

သစ်ကြားသီး (Walnut)  –  ၁/၂ ခွက် (အနေတော်နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါပွဆေးကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ ထောပတ်နှင့် သကြားဖြူကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ၃ မိနစ်ခန့် ဖြူပြီး ပွလာသည်အထိ မွှေပါ။

၃။       ကြက်ဥနှင့် ဗနီလာအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       ဂျုံမှုန့်အရောအနှောကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       ချောကလက်ဖြူစေ့ (Mini White Chocolate Chip) ၃/၄ ခွက်ကို ရောထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပါ။

၆။       အတုံးသေးလှီးထားတဲ့ ပန်းသီးနှင့် သစ်ကြားသီးကို ရောထည့်ပြီး သမအောင် မွှေပါ။

၇။       မုန့်နှစ်ရည်ကို ပါ့ခ်ျမန်စက္ကူခင်းထားတဲ့ ၈” x ၈” လေးထောင့် ဗန်းထဲ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီအောင် ညှိပေးပါ။

၈။       ကျန်ရှိတဲ့ ချောကလက်ဖြူစေ့ ၁/၄ ခွက်ကို မုန့်နှစ်မျက်နှာပြင်ပေါ် အညီအမျှ ဖြန့်ထည့်ပါ။

၉။       အာဗင်ကို ၃၅၀˚F (၁၈၀˚C) ချိန်၍ ကြိုအပူပေးပြီး မုန့်ဗန်းကို မိနစ် ၂၀ ခန့် ဖုတ်ပါ။

၁၀။     တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

မှတ်ချက် – မုန့်ဗန်းကို  ၁” x ၁” စကွဲအရွယ် ၁၆ တုံးလှီးဖြတ်ပြီး သုံးဆောင်ပါ။

Facebook Comments