သုံးထပ်သားသရက်သီးစိမ်းဟင်း

KTH_7

KTH_8

KTH_9

KTH_10

ငရုတ်သီးအနှစ်လုပ်ထားရန်

            ငရုတ်ခြောက်အပုတောင့် ၁ဝ သားကို တစ်တောင့်စီ ကတ်ကြေးဖြင့်ထက်ခြမ်းဖြစ်အောင်ညှပ်၊ အညှာခြွေ၊ အစေ့များခါထုတ်ပြီး ၁ဝ မိနစ်ခန့်ရေနွေးမှာစိမ်ထားပါ။ ကြက်သွန်နီ ၅ ဥနှင့် ကြက်သွန်ဖြူ ၁ဝ တက်ကို အခွံခွာပြီး ကြိတ်စက်မှာ ကြိတ်ပေးပါ။ ရေနွေးစိမ်ထားသော ငရုတ်ခြောက်များထည့်ပြီး ကြေညက်သည်အထိကြိတ်ပေးပါ။ ဘေးနံရံမှာကပ်ပြီး  ကြိတ်စက်ဓားသွားမှလွတ်သွားလျှင် ရေအနည်းငယ်စီထည့်ပြီး ကြေသည်အထိ ကြိတ်ပေးပါ။ ကြေညက်သွားတဲ့ ငရုတ်သီးအနှစ်တွေကို ရေခဲသေတ္တာရိုးရိုးအခန်းမှာ သိမ်းထားမယ်ဆိုရင် ကျွန်တော်အခုစာရေးနေတဲ့ တစ်လကျော်အချိန်အထိ အသိမ်းခံပါတယ်။ ဟင်းလျာများချက်ပြုတ်တဲ့အခါ ဟင်းအနှစ် အနည်းအများ လိုသလိုသုံးနိုင်ပါတယ်။

သုံးထပ်သားသရက်သီးစိမ်းဟင်း

            မနှစ်ကဝက်နံရိုးကို သရက်သီးဆားစိမ်နဲ့ချက်တဲ့ဟင်းလေးတင်ဆက်ပေးခဲ့ပါတယ်။ ဒီနှစ်သရက်သီးရာသီမှာတော့ သရက်သီးစိမ်းလေးနဲ့ အဆီများများသုံးထပ်သားလေးကို ဗမာဆန်ဆန်ချက်ထားတာလေး တင်ပြပေးလိုက်ပါတယ်။ ရင်ကွဲသရက်သီးစိမ်းအလုံးကြီးကို သုံးတော့အရသာချဉ်ချဉ်လေးနဲ့ ပိုပြီးစားဝင်စေပါတယ်။ သုံးထပ်သားရဲ့အီတဲ့ အရသာကိုလည်း ချေဖျက်ပေးပါတယ်။ ဝက်သားဟာ သူသဘာဝအတိုင်း အဆီကြွယ်ဝတဲ့ အသားဖြစ်တာကြောင့် ဟင်းချက်ရာမှာ ဆီလုံးဝမသုံးတာကတော့ ဒီဟင်းရဲ့ထူးခြားချက် ဖြစ်ပါတယ်။ ချက်နည်းရှင်းရှင်းလေးကို ချက်ကြည့်ရအောင်။

►   ပါဝင်ပစ္စည်းများ

♦   ဝက်သုံးထပ်သား   –   ၃ဝ သား

♦   ချင်း (ထောင်းပြီး)   –   အနည်းငယ်

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

♦   ငံပြာရည်   –   ထမင်းစားဇွန်း ၁ ဇွန်း

♦   နနွင်းမှုန့်   –   လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

♦   ငရုတ်သီးအနှစ်ထောင်းပြီး   –   ထမင်းစားဇွန်း ၂ ဇွန်း

♦   ရေနွေးဆူပြီး   –   ၃ ခွက်

♦   ရင်ကွဲသရက်သီးစိမ်းအလုံးကြီး   –    ၁ လုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)

►    ချက်ပြုတ်ပုံ

၁။        သုံးထပ်သားများကို အနေတော်အတုံးလေးများတုံးပြီး ချင်းအနှစ်၊ ဆား၊ သကြား၊ ငံပြာရည်၊ နနွင်းမှုန့်တို့နှင့် ရောနယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။

၂။        နယ်ပြီးသားအသားများကို ဟင်းချက်အိုးမှာ ဆီလုံးဝမသုံးဘဲ ငရုတ်သီးအနှစ်များနှင့် ဟင်းအိုးမှာ ထည့်မွှေပေးပြီးမှ အဖုံးအုပ်ပြီး မီးအလယ်အလတ်ဖြင့် လုံးတည်ထားပါ။ မကြာခဏ မွှေပေးပါ။ အသားတွင်းမှာ ရေနှင့် အဆီများ ထွက်လာပါမယ်။

၃။        ဟင်းအိုးရေခန်းပြီး အနံ့မွှေးလာလျှင် အသားတုံးများမြုပ်ရုံ ရေနွေးထည့်ပြီး ဆက်တည်ထားပါ။

၎။        ဟင်းရည်တစ်ဝက်ကျချိန်တွင် လှီးထားသော သရက်သီးများထည့်ပြီး မွှေပေးပြီး အဖုံးအုပ်ပြီး နှပ်ထားပေးပါ။ ဆီပြန် ရေကျန် အနှစ်ကျ အနေအထားမျိုးမှာ ဟင်းချက်ခြင်းကို အဆုံးသတ်ပေးပါ။

www.facebook.com/MY FOODIES (mm)

Facebook Comments