အင်းမုန့်တီ

Htet_5

Htet_6

Htet_7

Htet_8

အင်းမုန့်တီ

            ကျွန်မကတော့ မုန့်တီဆို ဘာမုန့်တီဖြစ်ဖြစ် အကုန်ကြိုက်ပါတယ်။ ကျွန်မတို့အိမ်မှာတော့ အာပူ လျှာပူကို အမြဲလုပ်စားဖြစ်တယ်။ ဒီတော့ တစ်ရက်မှာ သားကြီးတို့ရဲ့  မြန်မာစာသင်တဲ့ ဆရာမကြီးကို အင်းမုန့်တီအကြောင်း စကားစပ်မိရင်းနဲ့ ကျွန်မထုံးစံအတိုင်း မေးမြန်းသင်ယူပါတယ်။ ဆရာမကြီးက ကျွန်မအမျိုးသား ကိုထက်မိဘတွေရဲ့ မိတ်ဆွေလည်းဖြစ်တာမို့ ကျွန်မတို့နဲ့လည်း မိသားစုလိုမျိုး ဖြစ်နေပါတယ်။ အန်တီမော်က အင်းလေးသူစစ်စစ်ပါ။ စကားပြောတာလေးကအစ ခပ်ဝဲဝဲလေးနဲ့ အလွန်သိမ်မွေ့စွာ ပြောတတ်သူပါ။ အင်းမုန့်တီကိုလည်း ကျွန်မနားလည်အောင် အဆင် ပြေစွာချက်နိုင်အောင် သင်ပေးသူပါ။ အင်းမုန့်တီရဲ့ အဓိက ဇာတ်ကောင်ကတော့ ကြက်သွန်မြိတ်များများ ပါရပါမယ်တဲ့။ နောက်တစ်ခု ငါး၊ ငါးကိုတော့ အင်းငါးဖယ်က ပိုကောင်းပါတယ်။ ငါးရံ့အသားနဲ့လည်း ချက်ပါတယ်တဲ့။ ကျွန်မကတော့ Twin Brother က ထုတ်တဲ့ Fish Fillet (ငါးဒန်အသားပြာ) တွေကို အလွယ်သုံးပါတယ်။ အရိုးထွင်ရလွယ်တာပေါ့။ တကယ်ကတော့ ငါးအကောင်လိုက်သုံးရင် ငါးရိုးရဲ့အချိုဓာတ်ကို ပိုရနိုင်ပါတယ်။ မုန့်ဖတ်ဟာလည်း ဖြစ်နိုင်ရင် သေးသေးမျှင်မျှင်ကို သုံးရပါတယ်။ အဓိကကတော့ အင်းမုန့်တီ ဟင်းရည်ချက်ရမှာပါ။

►    ပါဝင်ပစ္စည်းများ (ဟင်းရည်ချက်ရန်)

♦   ငါးအသားလွှာ (သို့) ငါးတစ်ကောင်   –   ၄ဝဝ ဂရမ် (၃ဝ သားကျော်ကျော်)

♦   ခရမ်းချဉ်သီး (ကိုင်းခရမ်းချဉ်သီးမသုံးရ)   –   ၄ လုံး

♦   နနွင်း   –   အချိုစားဇွန်း ၁ ဇွန်း

♦   ကြက်သွန်မြိတ်   –   ၃ဝ သား

♦   ဆန်မှုန့် (အစိမ်း)   –   အချိုဇွန်း ၄ ဇွန်း

♦   ငါးအသားမှုန့်   –   အချိုဇွန်း ၃ ဇွန်း

♦   ဆား   –   သင့်ရုံ

            ဟင်းရည်အတွက်က အထက်ပါပစ္စည်းတွေ သုံးရပါမယ်။ အဆာပလာ အရံတွေကတော့ . . .

♦   ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ။

♦   ငရုတ်သီးအကြမ်းခွဲ (မကြမ်းမနု)ကို ဆီပူမှာ မကျွမ်းစေဘဲ ကြော်ထားပေးပါ။

♦   သံပရာသီးရည်၊ နံနံပင်စတာတွေနဲ့ စားရမှာမို့ အဆင်သင့် လှီးဖြတ်၊ ခြွေထားပါ။

►    ဟင်းရည်ချက်ရအောင်

၁။        စစခြင်းကို  ငါး (သို့) ငါးအသားလွှာကို နနွင်းနည်းနည်းနဲ့ ထားပြီး ရေနဲ့ ပြုတ်ပေးရပါမယ်။ ခရမ်းချဉ်သီးကိုလည်း အိုးတစ်လုံးမှာ ပြုတ်ထားပေးပါ။

၂။        အကယ်၍ ငါးကို တစ်ကောင်လုံးပြုတ်တာဆိုရင်တော့ ပြုတ်ပြီးရင် အသားနွှာပြီး အရိုးနဲ့ အရည်နဲ့စစ်ကာ ပြုတ်ရည်နဲ့ အသားယူရပါမယ်နော်။

၃။        ခရမ်းချဉ်သီးပြုတ်တာ နူးအိနေပြီဆိုရင် အခွံခွာပြီး အနှစ်ကို ဆန်ကာတိုက်ရပါမယ်။ ရလာတဲ့အနှစ်တွေ ကို ပြုတ်ရည်အိုးထဲထည့်ရပါမယ်။ ကြက်သွန်မြိတ်ကိုလည်း ၁ စင်တီမီတာခန့် အရှည်လှီးဖြတ်ပြီး ပြုတ်အိုးထဲ ထည့်ပါ။ ကြက်သွန်မြိတ်ရဲ့   ဥအဖြူဘက်ကိုပါ ပါအောင်လှီးထည့်ပါ။ ပိုချိုတာပေါ့။ အရည်ပွက်အောင်ထပ်တည်ပြီး ဆန်မှုန့်များကို ရေဖျော်ပြီးရောပေးပါ။ ငါးအသားမှုန့်၊ ဆားတို့ ထည့်နိုင်ပါတယ်။ အရည်အနည်းငယ် ပျစ်လာပြီဆိုရင် ဟင်းရည်ချိုချိုလေးရပါပြီ။

►    ပွဲပြင်ရန်

၁။        မုန့်ဖတ်မျှင်မျှင်ထည့်ပြီး အရည်ပူပူထည့်၊ ငရုတ်သီးကြော်၊ နံနံပင်တို့နဲ့ပြင်ကာ သံပရာရည်ညှစ်ပြီး စားသုံးနိုင်ပါပြီ။ အစပ်တော့ လိုသလောက်ထည့်ပါ။

၂။        ဒီအင်းမုန့်တီကို သားရေပွကြော်၊ ရှမ်းဆန်၊ ထမင်းပေါင်း၊ တို့ဟူးသုပ်တို့နဲ့ တွဲဖက်စားကြပါတယ်လို့ သိရပါတယ်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments