မတ်ပဲကြော်

Htet_3

Htet_4

မတ်ပဲကြော်

            မတ်ပဲကြော်အကွင်းလေးတွေကို ကျွန်မငယ်ငယ်က တော်တော်ကြိုက်ပါတယ်။ ထုံးစံအတိုင်း မွေးစားအမေဟာ ဟိန္နူကုလားမကြီးမို့ သူ့ရိုးရာ (အိန္ဒိယအစားအစာ) များကို သူလည်းစား၊ ကိုယ်ကိုယ့်လည်းကျွေးပေါ့နော်။ ဒီလိုမျိုးနဲ့ ကြီးပြင်း လာရသူဆိုတော့လေ မတ်ပဲကြော်တို့၊ ဘယာကြော်တို့ဆို လာထား အလွန်ကြိုက်ပါတယ်။ ခဏခဏလည်း ကြော်စားဖြစ်ပါတယ်။

►    ပါဝင်ပစ္စည်းများ

♦   မတ်ပဲ (Urid dal)   –   ၂ဝဝ ဂရမ်

♦   နံနံပင်   –   လက်တစ်ဆုပ်စာ

♦   ငရုတ်သီးစိမ်း   –   ၉ တောင့် (ကြိုက်ရင် ပိုထည့်ပါ)

♦   ဆား   –   ၁ ဇွန်း (ထမင်းစားဇွန်း)

♦   ဆိုဒါ   –   အချိုဇွန်း ဇွန်းဝက်

♦   ဆန်မှုန့်   –   အချိုဇွန်း ၁ ဇွန်း

♦   ကြက်သွန်နီ   –   တစ်လုံး

►    ပြုလုပ်နည်း

၁။        မတ်ပဲများကို မနက်ကြော်မည်ဆိုလျှင် တစ်ညသိပ်ရေစိမ်ပေးထားပါ။ အနည်းဆုံး ၆ နာရီ ထားပါ။

၂။        ရေစိမ်ထားသော မတ်ပဲများကို အရင် Blender တွင် ထည့်ကြိတ်ပါ။ ရေအနည်းငယ် မဆိုစလောက် ထည့်ကြိတ်ပေးရပါမယ်။ ပဲများ ကြေညက်နေပြီဆိုရင် ကြက်သွန်နီ ပါးပါးလှီးထားတာလေးများ ငရုတ်သီးစိမ်းများ၊ နံနံပင်ထည့်ပြီး နှစ်ချက်သုံးချက် မွှေပေးပါ။

၃။        ပြီးမှ မွှေထားပြီးသော ပဲများကို ဇလုံတစ်ခုတွင်ထည့် ကျန်အဆာပလာများ သမအောင်မွှေပြီးရင် ပဲကြော်ရန် အဆင်သင့်ဖြစ်ပါပြီ။

၎။        ဆီပူအိုးထဲတွင် ပဲများကို ထည့်ကြော်ရန် ဆီကို များများထည့်ပေးထားပြီး အပူပေးထားပါ။ လက်ကို ရေဆွတ်၍ ပဲများကို ကိုင်ပေးရပါမယ်။

၅။        အလုံးလေးဖြစ်အောင် လုံးယူကာ လက်ဖဝါးပေါ်မှာ ပြားလိုက်ပါ။ အလယ်မှ အပေါက်ဖြစ်အောင် လက်ညှိုးဖြင့် ထိုးဖောက်ပြီး အကွင်းပုံဖြစ်ကာမှ ဆီပူထဲ ဖြည်းဖြည်းထည့်ကြော်ပါ။

၆။        ရွှေဝါရောင်သမ်းလာသည်အထိ နှစ်ဖက်လုံးလှန်ကြော်ပေးပြီးရင် ဆယ်ပြီး စီစစ်ထားပေးပါ။

    တွဲစားရန်မန်ကျည်းရည်

            မန်ကျည်းသီးမှည့်ကို အနှစ်ဖျော်ထားပြီး ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ဆား၊ မွှေးပဲမှုန့် အနည်းငယ်၊ နံနံပင် စတာတွေနဲ့ ရော်ဖျော်ထားပြီးရင် မန်ကျည်းရည်အချဉ်ရပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments